သတိရကြပါရွှေမြန်မာတို့

အပ္ပမာဒေန သမ္ပာဒေထ လို့ပြောလိုက်တိုင်း အာမဘန္တေ လို့အကြိမ်ကြိမ် ပြောခဲ့ကြ ကတိပေးခဲ့ကြတဲ့ ရွှေမြန်မာတွေ ဒီစကားလုံးကို ဘယ်လိုနားလည်လို့ ဘယ်လိုသဘောပေါက် နေကြတယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ရွှေမြန်မာအများစု ကြည့်လိုက်တော့ ဒီစကားလုံးကို ကောင်းကောင်း သဘော မပေါက်ဘူးလို့ ခံစားမိပါတယ်။ ဒီစကားလုံးဟာ မြတ်စွာဘုရားရှင်ရဲ့ စကားတော်တွေထဲမှာ အရေးကြီး ဆုံးစကား။ မြတ်စွာဘုရားရှင် အပြောများဆုံးစကား ပြီးတော့ ပရိနိဗ္ဗာန်ပြုကာနီးဆဲဆဲ အချိန်ထိ အရေးကြီးဆုံးမှာခဲ့တာ ဒီစကားပါပဲ။ ဒီလောက်အရေးကြီးဆုံးစကားကို ဒို့ရွှေမြန်မာတွေ ဘာလို့ လေးလေးနက်နက် မစဉ်းစားကြတာလဲလို့ ဒီစကားလုံးရဲ့ ကြီးမားကျယ်ပြန့်တဲ့ အဓိပ္ပါယ်တွေကို စဉ်းစား တွေးခေါ်နေချိန် ဦးဇင်းလေးဒါ RANGON ROAD  ရန်ကုန်လမ်းလေ လို့ စကားသံဝင်လာတာနဲ့ အတွေးစ ပြတ်သွားပါတယ်။ အေးဦးဇင်းစင်္ကာပူမှာ အသွားချင်ဆုံးနေရာဟာ ဒီနေရာပဲ။ ဦးဇင်းတရားဟောတိုင်း စကားတွေပြောတိုင်း ဒီအကြောင်းကို အမြဲထည့်ပြောနေတာ။ စင်္ကပူနိုင်ငံဟာ ရန်ကုန်ကို ပုံစံယူပြီးတည်ဆောက်ခဲ့ရတာ ။မြန်မာနိုင်ငံဟာ စင်္ကပူရဲ့ စံပြနိုင်ငံတစ်ခုဆိုတာကို နောင်နှစ်ပေါင်းနှစ်ဆယ် ကြာရင် မြန်မာကို မှီရမယ်ဆိုတဲ့ စင်္ကပူဝန်ကြီးချုပ်ဟောင်း လီကွန်ယုပြောခဲ့တဲ့ စကားတွေဟာ ယနေ့ထက်ထိ သမိုင်းသက်သေအဖြစ် ကျန်ရစ်နေပါသေးတယ်။ ဒီစကားတွေကို ဒို့လူမျိုးတွေ ပမာဒ မေ့လျော့သွားကြပြီလား။ မမေ့မလျော့ သတိတရားရှိရှိ နေကြပါမယ်လို့ အတန်တန်ကတိပေးပြီး နေကြတဲ့ ရွေမြန်မာတွေ ကြည့်လိုက်တော့ သူတို့နဲ့ မဆိုင်သလို သူတို့ မဟုတ်သလို ပျော်ပျော်ပါးပါး မေ့မေ့ပျောက်ပျောက် စားသောက်နေကြတာတွေ တွေ့ရပါတယ်။ 
တချိန်က ငါတို့နိုင်ငံဟာ အာရှမှာ မြန်မာဟေ့လို့ ၀င့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိနဲ့ နေခဲ့တာ။ အခုတော့ မြန်မာဆိုရင် ဘယ်နိုင်ငံကမဆို အထင်သေးအမြင်သေး မျက်နှာတွေနဲ့ ကြည့်နေကြပြီ။ တချိန်က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေက သက်စွန့်ကြိုးပန်း စည်းလုံးညီညွတ်စွာနဲ့ တိုက်ထုတ်ခဲ့ကြလို့ တိုင်းတစ်ပါး ကျွန်ဘ၀ကလွတ်ပြီး ကမ္ဘာက အထင်ကြီး လေးစားခံခဲ့ကြရတယ်။ အာရှမှာ ဒီမိုကရေစီစနစ်ကို စောစီးစွာ ကျင့်သုံးနိုင်ခဲ့တယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှ ခေါင်းဆောင်ကြီးတွေ ကမ္ဘာ့ငြိမ်းရေးတွေမှာ ရှေ့ဆောင်ပြီးတော့ ပါဝင် ဆောင်ရွက် နိုင်ခဲ့ကြတယ်။ FROM BURMA လို့ လက်မထောင်ပြီး ဂုဏ်ယူဝင့်ကြွား ပြောနိုင်နေနိုင်ခဲ့ကြတယ်။ အခုတော့ လုံးဝ ပြောင်းပြန်ဖြစ်သွားပြီ FROM BURMA လို့ ပြောခါနီး အလိုလို နှုတ်တွေ အနေကြတယ်။ စိုးရိမ်နေကြတယ်။ မျက်နှာတွေ ညှိုးငယ်နေကြရတယ်။ ဒါဟာဘာကြောင့်လဲ။ သေ သေချာချာ ပြန်စဉ်းစားကြပါ။ လေးလေးနက်နက်တွေးခေါ်ကြပါ။ အပြန်အလှန် မေးမြန်းကြပါ။ ငါတို့ဟာ တစ်ချိန်က ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွား လက်မထောင်ပြီးနေ နိုင်ရာကနေ ကမ္ဘာ့နိုင်ငံ အသီးသီး မှာ ကျွန်လိုက်ခံနေကြရတာ ဘာကြောင့်လဲ။ ဒီလိုပဲ ကျွန်ဘ၀နဲ့ နိဂုဏ်းချုပ်ကြ တော့မှာလား။ တချိန်က ခေါင်းဆောင်ကြီးတွေ တာဝန်ကျေခဲ့ကြလို့ တိုင်းတစ်ပါး ကျွန်ဘ၀က လွတ်မြောက်ပြီး ကမ္ဘာ့အလယ်မှာ ၀င့်ဝင့်ထည်ထည် နေနိုင်ခဲ့တာ ငါတို့လက်ထက်ကျမှ တိုင်းတစ်ပါးထက်ဆိုးတဲ့ တို့ကိုးကွယ်တဲ့ ရဟန်း သံဃာတော်တွေကိုပါသတ် ထောင်ထဲချ နှိပ်စက်ပြီးတော့  ဒို့လူမျိုးတွေ ရောက်လေရာမှာ မျက်နှာငယ် နေရအောင် ကျွန်ဇာတ်သွင်းထားတဲ့ စစ်အာဏာရှင်တွေကို မတော်လှန်နိုင်ကြ တော့ဘူးလား။ ဒီလိုပဲ ရောက်လေရာမှာ ရတဲ့ပိုက်ဆံလေးနဲ့ ကျေနပ်နေကြတော့မှာလား။
ငါတို့ဟာ ကျွန်လူမျိုးမဟုတ်ဘူး။ ငါတို့ဟာ အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ ပတ်သတ်လာရင် အသက်ကိုပင် ပဓာနမထား ကိုယ်ကျိုးစွန့်လွှတ် တိုက်ပွဲဝင်ကြတဲ့ သခင်မျိုးတွေဖြစ်တယ် ဆိုတာကို ပမာဒ မေ့လျော့ ကုန်ကျပြီးလား။ ရက်ပေါင်း ၁၄၄ ရက်တိုင်တိုင် အစာမစားပဲ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်သွားတဲ့ သာသနာ့အာဇာနည်ဆရာတော် ဦးဝိစာရ ပြန်လွန်တော်မူခါနီး မှာသွားတဲ့ လိမ္မာရစ်ကြပါ ဆိုတဲ့ စကားဟာ  မမေ့မလျော့ သတိတရားရှိရှိ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြပါ။ အချင်းချင်း ရန်မဖြစ်ကြ ပါနဲ့ မမိုက်ကြပါနဲ့လို့ ပြောခြင်တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်နေကြသူ အချင်းချင်း ရန်ဖြစ်နေကြ တိုက်ခိုက်နေကြဖို့ အချိန်မဟုတ်ပါဘူး။  ယနေ့ ပြည်နယ်အသီးသီး တိုင်းအသီးသီး မြို့ ရောတောရော  လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် စည်းလုံးညီးညွတ်စွာဖြင့် တပြိင်နက်တည်း သပိတ်တိုက်ပွဲ ဆင်နွဲကြမည်ဆိုလျှင် စစ်အာဏာရှင် စစ်ကျွန်ဘ၀က ကျိန်းသေမုချ လွတ်မြောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ ၀င့်ဝင့်ထည်ထည် တင့်တင့်တယ်တယ်နဲ့ ပြန်လည် ပြီးတော့ နေနိုင်လာမှာဖြစ်ပါတယ်။
အပ္ပမာဒေန သမ္ပာဒေထ မမေ့မလျော့ သတိတရားနဲ့ နေကြလို့ဆိုတဲ့အခါမှာ အာမဘန္တေ မမေ့မလျော့ သတိတရားနဲ့ နေကြပါမယ်လို့ ပြောခဲ့ ကတိပေးခဲ့ကြတာကို မမေ့ပါနှင့်။ လောကီဖြစ်တဲ့ အမျိုးဂုဏ် ဇာတိဂုဏ်တွေ အပေါ်မှာရှိရမဲ့ သတိတရားကိုတောင် မထားနိုင်ဘူးဆိုရင် ဒီထက် အဆပေါင်း မြောက်များစွာ ခက်တဲ့ လောကုတ္တရာနယ်ပယ် ရုပ်နာမ် တရားတွေ စက္ကန့်မလပ် ဖြစ်ပျက်နေတဲ့ အပေါ်မှာသတိ တရားရှိဖို့ဟာ ပိုတောင်မလွယ်ပါသေးတယ်။ ခပ်လွယ် ကတိမပေးကြပါနဲ့ ကိုယ်နိုင်တဲ့ ကတိပေးပြီး ကိုယ်နိုင်တဲ့ဝန်ကို မြန်မာနိုင်ငံသားအားလုံး တာဝန်ကျေကြဖို့ ချိန်တန်ပါပြီ။ ကိုယ့်တာဝန် ကိုယ်တာဝန် မကျေရင် ကျနော်တို့ရဲ့ နောက်လာမဲ့ မျိုးဆက်သစ်တွေ ဒီလိုဘဲ ဆက်ပြီးကျွန်ခံ နေကြရအုံးမယ်။ မျက်နှာငယ်နေ ကြရအုံးမယ်၊ စိုးရိမ်နေကြရအုံးမယ်။ တာဝန်သိရင် တာဝန်ရှိတယ်၊ တာဝန်ကို သူတော်ကောင်း သူမြတ်လောင်းတွေ သိကြသည်။ သိသည့်တိုင်းလည်း ထမ်းဆောင်ကြပါသည်။ တာဝန်သိသိ သစ္စာရှိရိဖြင့် တက်ညီလက်ညီ မမေ့မလျော့ သတိတရား က်ကိုင်ထား၍ စစ်အာဏာရှင်များကို တိုက်ထုတ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း…။
 မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
အချင်းချင်း က်ဆင့်ကမ်း ဖန့်ဝပေးကြပါ ရန်တိုက်တွန်းနှိုးဆော်ပါသည်။

No comments: