အမှတ် (၂) စက်မှုဝန်ကြီးဌာနက ထုတ်လုပ်တဲ့ မြန်မာမီနီ ဆလွန်းကားများကို လွှတ်တော်ကိုယ်စားလှယ့်အချို့ ဝယ်ယူခွင့်ရ

အမှတ် (၂) စက်မှုဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ကျပ် ၅၅ သိန်းတန် မြန်မာမီနီ ဆလွန်းကား များကို လွှတ်တော် ကိုယ်စားလှယ်အချို့ ၀ယ်ယူခွင့် ရရှိခဲ့ကြောင်း လသာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောပြပါတယ်။ ၎င်းက “ ကားဝယ်ယူခွင့်နဲ့ ပက်သက်ပြီး ပြည်သူတွေကို လျှောက်လွှာ တင်ခိုင်းတာ ရှိတော့ရှိမှာပေါ့။ ကျွန်တော်တို့ကို တော့ လျှောက်လွှာတင်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုတော့ စက်မှု (၂) ၀န်ကြီး ရုံးအဖွဲ့မှူးကိုယ်တိုင် ဖုန်းဆက်ပြီးတော့ လွှတ်တော်ထဲမှာ လုပ်ခဲ့ကိုင်ခဲ့တဲ့ ကိစ္စ၊ တိုင်းပြည် အတွက် ပြောခဲ့ဆိုခဲ့တဲ့ ကိစ္စတွေကို အားရကျေနပ်ပြီးတော့ တစ်ဘက်က ၀န်ကြီးကလည်း ပြန်ပြီးတော့ တတ်စွမ်းနိုင်သမျှ ပြန်ကြည့်ပေးပါတယ်ဆိုတဲ့ သဘောဘဲ။ အဲလိုပြောပြီး ပေးတာပါ။

ဘဏ်မှာ ငွေသွားသွင်းရပါတယ်။ ကိုယ်ပိုင်သဘော ကျွန်တော့နံမည်နဲ့ ရောင်းပေးတာပါ။ လွှတ်တော် အမတ်တွေအားလုံး ရကြမယ် ထင်ပါတယ်။ ဧပြီ ၂၂ ရက်နေ့က ကျွန်တော်နဲ့အတူ ရန်ကုန်တိုင်းဒေသကြီးထဲမှာ နေထိုင်ကြတဲ့ ၁၂ ယောက် ၀ယ်ယူခွင့်ရတဲ့စာရင်း တွေ့တယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမေ၊ NDF က ကျွန်တော်နဲ့ ဦးသိန်းညွန့် ၂ ယောက် ပေးတယ်။ ပြည်ခိုင်ဖြိုးက ၉ ယောက်၊ နောက်လူတွေလည်း နောက်တော့ ရပါလိမ့်မယ်။ ကားကလည်း နည်းနည်းချင်း အသုတ်လိုက်ထွက်တာကိုး။ ကျွန်တော် ငွေသွင်းပြီး ထုတ်တဲ့ကားက ရွှေအိုရောင်ပါ။ အစိုးရချင်း ဖက်စပ်လုပ်တဲ့ သဘောရှိတော့ ဒီကားက စီးရတာ ကောင်းပါတယ် ” လို့ ရှင်းပြပါတယ်။

သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က သူ့အနေနဲ့ ၀ယ်ယူခွင့်ရတယ်ဆိုတာ မှန်ကန်ကြောင်း၊ သူ မလျှောက်ပေမယ့် စက်မှု (၂) ၀န်ကြီး ရုံးအဖွဲ့မှူးကတဆင့် ဆက်သွယ်ရောင်းချ ပေးတာဖြစ်ကြောင်း၊ ယခုကိစ္စ ကိုယ်ရေးကိုယ်တာ ကိစ္စမို့အခြား မှတ်ချက်ပေး ပြောဆိုတာမျိုး မလုပ်ချင်ကြောင်း ရှင်းပြပါတယ်။

ဇာလီထွန်း
(ပြည်သူ့ခေတ် အတွဲ ၁၊ အမှတ် ၄၁)

1 comment:

Anonymous said...

တလုပ်စားဖူးသူ့ကျေးဇူးတဲ့။ ပထမအဆင့်အနေနဲ့ ၅၅ သိန်းတန်ကားကိုဝယ်စီးခွင့်ပြုလိုက်သည်။
ကျေးဇူးမသိတက်တဲ့လူများကို လိုရမယ်ရထုတ်ထားတဲ့ဥပဒေများနဲ့ ဆွဲစိစေ။