ALD အမတ် ဦးအောင်ထွန်းစိန်မှ အစိုးရနှင့် ဆွေးနွေးရန် လာကြောင်းပြောဆို

ဧပြီလ ၂၁ ရက်နေ့က ဦးသိန်းစိန် အစိုးရထံ လက်နက်ချသွားခဲ့သော ALD အမတ် ဦးအောင်ထွန်းစိန်သည် စစ်တွေမြို့သို့ ရောက်ရှိလာပြီး မိမိမှာ အစိုးရနှင့် ဆွေးနွေးရန် ကိုယ်စားလှယ်အဖြစ် လာရောက်သူ ဖြစ်ကြောင်း ပြောဆိုသည်ဟု စစ်တွေ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။
ဦးအောင်ထွန်းစိန်နှင့် ဇနီးဖြစ်သူ
“ အခု ထိုင်းနယ်စပ်က ပြန်လာတာက အစိုးရနဲ့ ဆွေးနွေးဖို့ လာတယ်ဆိုပြီး စစ်တွေမှာ ပြောသွားတယ်။ သူတယောက်တည်း မဟုတ်ဘူး။ သူတို့မှာ အဖွဲ့ရှိတယ်။ အဆင်မပြေရင် ထိုင်းကို ပြန်သွားမယ်ဆိုပြီး ပြောဆိုသွားပါတယ်” ဟု စစ်တွေမှ နိုင်ငံရေး သမား တဦးက ပြောသည်။

ဦးအောင်ထွန်းစိန်သည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံထဲသို့ ပြန်ဝင်သွားပြီး ရက်အနည်းငယ် အကြာတွင် စစ်တွေမြို့သို့ ရောက်ရှိလာပြီး နီးစပ်သူများကို ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။ “သူက သုံးရက်လောက် စစ်တွေမှာ နေခဲ့ပါတယ်။ နေသွားတဲ့ အချိန်မှာ မြို့မှာရှိတဲ့ နိုင်ငံရေး သမားတွေနဲ့ တွေ့တယ်။ ပီးရင် ALD အဟောင်းတွေနဲ့ တွေ့တယ်။ သူက ကိုယ်စားလှယ်လာတဲ့သူ ဖြစ်တဲ့ အကြောင်း၊ ဆွေးနွေးဖို့ အစီအစဉ်ရှိကြောင်း ပြောဆိုပါတယ်။ အခု ရန်ကုန်ကို ပြန်သွားပြီ ဖြစ်ပါတယ်။ သူပြန်သွားတာ တပတ်ကျော် လောက်ရှိနေပြီ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးအောင်ထွန်းစိန် ပြောကြားချက်ကြောင့် စစ်တွေမြို့ နိုင်ငံရေး အသိုင်းအ၀ိုင်းကြားတွင် ယုံထင်ကြောင်ထင် ဖြစ်နေကြကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဥက္ကဌ ဦးဇော်မင်းခိုင်မှ “ဦးအောင်ထွန်းစိန်ကို ALD (ပြည်ပ) က ပယ်ထုတ်ထားတာ ကြာပြီ ဖြစ်ပါတယ်။ အဖွဲ့အစည်း စည်းကမ်းကို မလိုက်နာတဲ့ အတွက် ထုတ်ထားတာ ကြာပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူပြည်ထဲ ၀င်သွားတာဟာ ALD နဲ့ ဘာမှ မပတ်သက်ဘူး။ သက်ဆိုင်မူလည်း တစုံတရာ မရှိပါဘူး” ဟု ပြောသည်။

၎င်းပြင် ဦးဇော်မင်းခိုင်က “ကျွန်တော်တို့ ALD အနေနဲ့ အတွင်းမှာရော အပြင်မှာပါ အစိုးရနဲ့ ဆွေးနွေးမယ့် အစီအစဉ် မရှိဘူး။ ခုလို ပြောဆိုနေတာဟာ သူ့ကိစ္စသာ ဖြစ်တယ်။ ကျွန်တော် ပါတီနဲ့ ဘာမှ ပတ်သက်မူ မရှိပါဘူး” ဟု ပြောဆိုသည်။
ဦးအောင်ထွန်းစိန်မှာ အစိုးရထံတွင် လက်နက်ချ အညံ့ခံသွားသူသာ ဖြစ်ပြီး ယခုကဲ့သို့ ပြောဆိုနေမူမှာ လူထုအကြား အရှက်ပြေ ပြောဆိုနေမူသာ ဖြစ်နိုင်ကြောင်း မဲဆောက်မှ ရခိုင်လူငယ် တဦးက ပြောသည်။ ဦးအောင်ထွန်းစိန်သည် ၁၉၉၀ ရွှေးကောက်ပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ အနိုင်ရရှိခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အမတ် တဦးဖြစ်ပြီး ၂၀၀၆ နှစ်က သူ့ဇနီး ရှမ်းအမျိုးသမီး တဦးနှင့်အတူ ထိုင်းနိုင်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ALD (ပြည်ပ)၊ ANC ၊ MPU နှင့် UNA တို့တွင် ပါဝင် လုပ်ကိုင်ခဲ့သည်။

နိရဉ္ဇရာ သတင်း

No comments: