အီဂျစ်အာဏာရှင်ဟောင်း သေဒဏ်ကျခံရဖွယ်ရှိ

ဖြုတ်ချခံထားရတဲ့ အာဏာရှင်ဟောင်း ဟိုစနီမူဘာရက်ဟာ သေဒဏ်ကျခံရဖွယ်ရှိတယ်လို့ အီဂျစ်တရားရေး ဝန်ကြီး မိုဟာမက် အယ်လ်ဂွန်ဒီက အီဂျစ်သတင်းစာ တစောင်ကို မနေ့က ပြောကြားခဲ့ပါတယ်။ မစ္စတာမူဘာရက်ကို ချစားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်နှိမ်နှင်းရန် အမိန့်ပေးခဲ့မှုစတဲ့ စွဲချတွေနဲ့ စွဲဆိုထားပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေအပေါ် ပစ်ခတ်သတ်ဖြတ်နှိပ်နှင်းရန် အမိန့်ပေးခဲ့မှုနှင့် အပြစ်ပေး ခံခဲ့ရရင် သေဒဏ်ကျ ခံရနိုင်တယ်လို့ တရားရေးဝန်ကြီးက ပြောဆိုသွားခြင်း ဖြစ်ပါတယ်။ မစ္စတာမူဘာရက်နဲ့အတူ သူ့ရဲ့သားနှစ်ဦး ချွေးမများနဲ့ ဇနီးအပါအဝင် မိသားစုအားလုံး ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ တရားစွဲဆိုခြင်း ခံနေရပါတယ်။

အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ မူဘာရက်ဟာ လူထုအုံကြွမှုနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းက ဖြုတ်ချခံခဲ့ရပြီး အီဂျစ်နိုင်ငံကို နှစ် ၃၀ ကြာ အုပ်ချုပ်ခဲ့ပါတယ်။ သူအုပ်ချုပ်စဉ်အတွင်း မိသားစု အဆွေမျိုး အသိုင်းအဝိုင်းများနဲ့အတူ နိုင်ငံတော်ဘဏ္ဍာကို ခိုးဝှက်လိမ်လည် အလွဲသုံးစား ပြုလုပ်ခဲ့ကြပြီး မူဘာရက်တဦးတည်း ဒေါ်လာ ကုဋေ (၇၀) ကျော် ချမ်းသာကြွယ်ဝနေပါတယ်။ ဒါပေမဲ့ ပြည်ပမှာ ခိုးဝှက်စုဆောင်းထားတဲ့ အဲဒီငွေကြေးတွေကို အထုတ်အသွင်း မပြုလုပ်ဖို့ သူစုဆောင်းထားတဲ့ ဘဏ်တွေကို အမိန့်ပေး ထိန်းချုပ်ထားပါတယ်။

No comments: