ကိုယ့်အသား ကိုယ်ဖဲ့စားကြသူများ

အီးယူက မြန်မာနိုင်ငံကို ရေးယူပိတ်ဆို့မှု ဆက်ထားဖို့ ဆုံးဖြတ်လိုက်တဲ့ သတင်းဟာ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံအပေါ် စေတနာပါလွန်းလို့ မဟုတ်ပေမယ့် အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက် တခုပါပဲ။

ဒီစီးပွားရေး ပိတ်ဆို့မှုဟာ လက်ရှိစစ်အစိုးရသစ်ကို လိမ္မာစေချင်လို့ပါပဲ။ ပြည်သူ့ရဲ့ ဆန္ဒကို ပြည့်စည်းပေးတဲ့ အစိုးရ ဟုတ်မဟုတ်ဆိုတာ အမြဲမပြတ် စောင့်ကြည့်နေကြပါတယ်။ ပြည်သူတွေ ဆင်းရဲတွင်းနက်နေမှုက ကယ်တင်နိုင်မယ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မြောက်စေမယ်ဆိုရင် စီးပွားရေး ရေးယူ ပိတ်ဆို့မှုကို ချက်ချင်းဖွင့်ပေးသွားမှာပါပဲ။ လက်ရှိအာဏာရသူတွေ လိမ္မာမှု၊ မလိမ္မာမှု အပေါ်မှာသာ မူတည်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး အရေးယူပိတ်ဆို့မှု လက်ဆက်ထားရှိရေးကို ပြောတာဟာ အာဏာရသူ လူတစုရဲ့ ကြမ်းတမ်းမာကျောမှုတွေကို ပျော့ပျောင်း သိမ်မွေ့လာအောင်၊ လူမဆန်တဲ့ လုပ်ရပ်တွေအစား လူသားဆန်တဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်လာစေချင်လို့ တောင်းဆိုရခြင်းသာ ဖြစ်ပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ ကိုယ်ပိုင်မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသား ထုတ်လွှင့်များရှိသလို စစ်အစိုးရအသိုင်းအဝိုင်းနဲ့ နီးစပ်မှုရှိတဲ့ အင်ဂျီအိုအလိုကျ ပြည်ပဒီမီယာတချို့ကလည်း မလိုတမာ ရေးသားမှု တချို့ကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခတ်ရေးယူမှုထားရှိဖို့ ပြောတာဟာ ပြည်သူလူထုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နစ်နာမှု မရှိနိုင်လို့ပါ။ လက်လုပ်လက်စား အခြေခံလူတန်းစားတွေဟာ ဒဏ်ခတ်ရေးယူပိတ်ဆို့မှု မရှိခင်ရော၊ ရှိစဉ်ရော အထူး မခြားနားသလို ကွဲပြားမှုလည်း မရှိပါဘူး။ ဆင်းရဲမြဲသာ ဆင်းရဲနေရတာပါ။ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုကို အမှန်တကယ် လွတ်မြောက်စေချင်တယ်ဆိုချင် စစ်အစိုးရက ပြည်သူ့ဆန္ဒအတိုင်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စစ်အစိုးရကသာ ပြည်သူတွေအပေါ် စေတနာကောင်းရှိပြီး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်လာတယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကလဲ အမှန်တကယ် ရုတ်သိမ်းပေးမှာပါပဲ။

မြန်မာ အခြေခံလူတန်းစားတွေဟာ အမျိုးမျိုးသော စက်ရုံအလုပ်ရုံတွေ အလုပ်ရရှိသူတွေရော၊ မရှိသူတွေရော ရှိတဲ့နေရာမှာ အလုပ်ရရှိသူတွေအားလုံးအနေနဲ့ စက်ရုံအလုပ်ငန်း အကျိုးဖြစ်ထွန်းမှုရဲ့ တရာရာခိုင်နှုန်းမှာ (၁၀၀%) တရာခိုင်နှုန်းမျှပင် (၁%) ပင် ခံစားခွင့် မရှိပါဘူး။ အဆို လုပ်ငန်းများ လစာငွေကြေးဟာ စားဝတ်နေရေး ပြေလည်ဖို့ အသာထား စားဖို့တခု တည်းတောင် မလောက်ငပါဘူး။ မလောက်မငဖြစ်နေရတဲ့ အဆိုပါ အလုပ်သမားများ လုပ်ပေးလိုက်တဲ့ အကျိုးရလာဒ်ဟာ လုပ်ငန်းရှင်တို့ကိုသာ ကျိကျိတက်ချမ်းသာစေပါတယ်။ ထိုလုပ်ငန်းရှင်များဟာ စီးပွားရေး အရေးယူခဏ်ခတ်ခံထားသည်ဖြစ်စေ ဒဏ်မခတ်ခံရသည် ဖြစ်စေ အခြေခံအလုပ်သမားများကို ခေါင်းပုံဖြတ် အမြတ်ကြီးစားတာကြောင့် သူတို့ရဲ့ ကြီးပွားမှုဟာ ယုတ်လျှောသွားခြင်းမရှိပါဘူး။ ထိုသို့ ယုတ်လျှောက်သွားခြင်း မရှိပေမဲ့ အတ္တလောဘသားများပီပီ ဒီ့ထက် အမြတ်ကြီးစားချင်ကြပြီး လုပ်ငန်းတို့ကို များစွာ တွင်ကျယ်နိုင်ရန်အတွက် အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ အာကျယ်နေခြင်းသာ ဖြစ်တယ်။ ပြည်သူလူထုကို စေတနာရှိလွန်းလို့ ပြောဆိုချင်းမျိုး မဟုတ်ပါဘူး။

အရေးယူပိတ်ဆို့မှုကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှု ကြုံတွေ့နေရတယ်လို့ ကြွေးကျော်ပြီး ရုတ်သိမ်းရန် တောင်းဆိုနေသူများဟာ ပြည်သူကို အကြောင်းပြပြီး ကိုယ်ကျိုးအတွက် စီးပွားရေး အခွင့်အလန်း ရရှိဖို့ ပြောဆိုနေခြင်းသာဖြစ်တယ်။ ဥပမာပေးရင် ပြည်သူတို့ရဲ့ ဘဝကို ချနင်း အသုံးချခြင်းသာဖြစ်တယ်။ ပြည်သူတွေကို အမှန်တကယ် စေတနာရှိတယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်ပါ၊ အတိုက်အခံ အင်အားစုတွေရဲ့ ထောက်ပြမှု၊ တောင်းဆိုမှုကို လေးစားစွာ ပြုလုပ်ဆောင်ရွက်ပါ။ အယုတ်ဆုံး မြန်မာတနိုင်ငံလုံးကို ၂၄ နာရီပတ်လုံး လျှပ်စစ်မီး မှန်မှန်ရအောင် အရင်လုပ်ပါဦး။

1 comment:

Anonymous said...

စီးပွားရေး ပိတ်ဆို့မှုဟာ ပြည်သူလူထုကို ထိခိုက်နစ်နာမှု မရှိဘူးဟုတ်လား...ပညာရှင်ဆန်ဆန် တွေးတောပါ....စီးပွားရေး ပိတ်ဆို့မှုနဲ့ အကျပ်ကိုင်ပြီး စစ်အစိုးရကို တွေဆုံဆွေးနွေးဖို့ တောင်းဆိုတာဟာ ပြည်သူတွေရဲ့လူမှုဒုက္ခကို မျက်ကွယ်ပြုပြီး မိမိအတ္တကို ရှေ့တန်းတင်တဲ့ အသုံးမကျတဲ့ နည်းဗျူဟာသာ ဖြစ်တယ်...NLD ဟာ နှစ်ပေါင်း(၂၀)ကျော် အသုံးမကျတဲ့ နည်းဗျူဟာကို ချမှတ်တဲ့အတွက်ကြောင့် ယနေ့အထိ မအောင်မြင်တာ....ဗြိုတိလျှနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီ .ဗြိုတိလျှနိုင်ငံသားကို လက်ထပ်ယူထားတဲ့သူက မြန်မာနိုင်ငံကို ချစ်တယ်ဆိုတာ ဘယ်လို့ယုံရမှာလည်း...ဗိုလ်ချုပ်အောင်ဆန်း အဘိုးမြန်မာဘုရင် သူရဲကောင်း ဗိုလ်မြတ်ထွန်းကို ခေါင်းဖြတ်သတ်တာ ဗြိုတိလျှ...မြန်မာပြည်ကို နှစ်ပေါင်း(၁၀၀)ကျော် ကျွန်ပြုအုပ်ချုပ်တာ ဗြိုတိလျှ... ဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖို့ လက်နက် ထုတ်ပေးတာ ဗြိုတိလျှ...ကိုယ့်နိုင်ငံကို ကျွန်ပြု..ကိုယ့်အဘိုးနဲ့အဖေကို သတ်တဲ့လူမျိုးကို လက်ထပ်ယူရဲတာကို အံသြလို့မဆုံးဘူး....