တွံတေးမြို့အနီးမှ ကျောင်းနေအရွယ် အလေးငယ် တယောက်ရဲ့ ဝမ်းတထွာ အတွက် လောကဓံကို အန်တုနေပုံများ သနားစရာလည်းကောင်း၊ ချီးကျူးစရာလည်း ကောင်းပါတယ်။ ဒီအရွယ်ဟာ လောဘ ဒေါသလည်း မရှိ၊ မာန်မာန အာဃာတဆိုတာလည်း မရှိတဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ် အရွယ်ပါ။ ဒီလို အပြစ်ကင်းစင်တဲ့ ကလေးငယ် တယောက်ဟာ မပူမပင်၊ မကြောင့်မကြ၊ မတောင့်မတ သောကငြိမ်းအေးစွာ ပျော်ရွှင်မြူတူးလျက် ကုန်လွန်ရမယ့် အရွယ်ပါ။ နို့ပေမယ့် အတိတ်ကံ မကောင်းရှာတဲ့အတွက် ဆင်းရဲချို့တဲ့တဲ့ မိခင်ဝမ်းခေါင်းမှာ ကိန်းအောင်းရရှာတယ်။
ဘာပြောပြော ရခဲလှတဲ့ လူ့ဘဝကို ရရှိပိုင်ဆိုင်ခဲ့ပြီ။ လွမ်းရေးထက် ဝမ်းရေးခက်၏ ဆိုသည့် စကားအတိုင်း တထွာမျှရှိသော ဝမ်းစာအတွက် ရိုးသားစွာ ရှာဖွေနေရသည့် ကလေးငယ်၏ စိတ်ဓာတ်ကိုတော့ ချီးကျူးရပေမည်။ အရွယ်သာ ငယ်သော်လည်း ကိုယ့်ဝမ်းကို ကိုယ်ကျောင်းနိုင်သည့် ထိုကလေးငယ်အား အာဂလူသား တယောက်ဟုပင် တင်စားရပေလိမ့်မည်။
နုနုနယ်နယ် ကလေးအရွယ်ဖြစ်သော်လည်း ထိုကလေး တွေ့ကြုံနေရသည့် လောကဓံမှာ ခက်ထန်လှသည်။ ပညာသင်နိုင်ရန် စာသင်ကျောင်းကို သွားရသည့် ခရီးမှာ ဝေးလံလွန်းသည့်အတွက် ကြုံရာကားကို တား၍ သွားကြသည်၊ တချို့က မတင်ချင်၊ ရပ်မပေး၊ ရပ်ပေးသော်လည်း ငေါက်ငန်းဆူပူခံရသေးသည်။ ခံရုံပေါ့ ပညာရဖို့သာ အဓိက။ တခါတရံ မည်သည့်ကားမှ တင်မဆောင်သည့် ဝေးလွန်းသည့် စာသင်ကျောင်းကို တယောက်တည်း သွားရသည်၊ ကျောင်းပို့သူမရှိ၊ ကျောင်းကြိုမည်သူလည်းမရှိ။ ထိုကလေးငယ်၏ ပညာရေး ခရီးမှာ ခက်ထန်လှပေစွ။
ကျောင်းမတက်ခင်အချိန်၊ ကျောင်းပိတ်ရက်အချိန်တွေမှာ တခြားကလေးငယ်များလို ဆော့ကစားလို့ မနေရ၊ မိခင်၏ မီးဖိုချောင်အတွက် အားသည့်အချိန်တွင် ဝင်ဖြည့်ပေးရသေးသည်။ ထိုကလေးငယ်သည် လူသာဆင်းရဲသော်လည်း ကုသိုလ်ဆင်းရဲသူ မဟုတ်၊ ဘဝသာနုံချာသော်လည်း လုံ့လဝီရိယမှာ မနုံချာ၊ အာဂကလေးပါတကား။
ထိုသို့သော ကလေးငယ်များ၏ ပညာရေးလမ်းကြောင်း ဖြောင့်ဖြူးနိုင်စေရန် အခမဲ့စာသင်ကျောင်းများ များစွာလိုအပ်လှပေသည်။ ထိုကလေးငယ်တို့၏ ဇွဲလုံ့လဝီရိယသည် နိုင်ငံသားကောင်းရတနာတို့၏ လိုအပ်လှသည့် အရည်အချင်း ပြည့်စုံနေသဖြင့် ကူညီစောင်မသူများ ပေါ်ပေါက်လာစေရန် ဆုကိုသာ အတန်တန်တောင်းပေးနေမိသည်။ ကလေးငယ်များ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပညာသင်ယူနိုင်ကြပါစေ။
No comments:
Post a Comment