ဗမာ့မှိုက်သရိုက်များ



ကိုယ့်ကိုယ်ကိုဖော်
ဗမာပြည်မှာရော တခြားတိုင်းပြည်မှာပါ လူကြီးလူကောင်းအမည်ခံလူတွေ ရှိကြပါတယ်။ အထက်တန်းလွှာလို့လဲ ကိုယ့်ကိုယ်ကို သမုတ်တတ်ကြတယ်။ ရေပေါ်စီ၊ လူ့မလိုင်၊ လူ့လွယ်အိတ်တွေလို့လည်း အများက သမုတ်တတ်ကြပါတယ်။ မြို့ရဲ့ မျက်နှာဖုံး၊ နိုင်ငံရဲ့ ဥသျှောင်လို့လဲ အရှက်မရှိ ကိုယ့်ကိုယ်ကို သမုတ်ကြပြန်သေးတယ်။

ဒါတွေရှိကြတယ်
အဲဒီလူတွေမှာ အာဏာပါဝါရှိတယ်၊ ငွေအသဗျာရှိတယ်၊ ဥစ္စာဓနကြွယ်ဝတယ်၊ အခြွေအရံ အသင်းအပင်း ပေါတယ်။ ထို့အတူပင် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာန် မာနတွေ၊ အာဃာတတွေ၊ မစ္ဆရိယစိတ်တွေလည်း ထုနဲ့ထည်နဲ့ ရှိနေကြတယ်။

မရှိတာက
အဲဒီလူတွေမှာ ရာထူးဂုဏ်သိမ် အာဏာပါဝါ၊ ပစ္စည်းဥစ္စာနဲ့ အခြွေအရံပေါများ သလောက် အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးတဲ့စိတ်၊ ထိန်းသိမ်းချင်တဲ့စိတ်၊ စောင့်ရှောက်ချင်စိတ်တွေ မရှိကြပါဘူး။ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးရကောင်းမှန်း မသိ၊ ထိန်းသိမ်းရကောင်းမှန်း မသိ၊ စောင့်ရှောက်ရကောင်းမှန်း မသိကြပါဘူး။ ထို့အတူပင် မေတ္တာ၊ စေတနာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ခန္တီ၊ သစ္စာ၊ သီလ (ကိုယ့်ကျင့်တရား) စတဲ့ တရားတွေ ခေါင်းပါးကြပါတယ်။

ဒီလူတွေဟာ တိုင်းတပါး လူမျိုးခြားများရဲ့ ယဉ်ကျေးမှုကိုမှ အထင်ကြီးကြတယ်။ ကိုယ့်မိဘဘိုးဘွားတွေ ထားရှိခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို အထင်သေး နှာခေါင်းရှုံ့တတ်ကြတယ်။

လူကြီးများက ဆော့သန်
ထိုလူတွေဟာ တဦးနဲ့ တဦး အပြိုင်အဆိုင် ပါတီတွေပေးကြတယ်။ အကောင်းစား နိုင်ငံခြားအရက် အမျိုးမျိုးကို ဈေးကြီးပေး သောက်ကြတယ်။ ယောက်ျား မိန်းမ၊ အပျို အအိုကအစ အတူတူ ထိုင်သောက်ကြတယ်။ ပြီးတော့ တွဲကကြတယ်၊ သူ့မယား ကိုယ့်မယား တွဲကကြတယ်။ ထို့နောက် သူ့မယား ကိုယ့်မယား စည်းမထားဘဲ အမှောင်ရိပ် ခိုကြတယ်။ ထိုသူများသည် ရာရှိရာခံများ၊ ဗိုလ်ကြီး ဗိုလ်လေးများ၊ မြို့မိ မြို့ဖများ အပေါ်အပင် လူပြိန်းကြိုက် အနုပညာရှင်ဆိုသူများ၊ အထက်တန်းလွှာများဟု ကိုယ့်ကိုယ်ကို သမုတ်တတ်ကြသည့် ရေပေါ်စီ၊ လူ့မလိုင်များဖြစ်ကြသည်။

အသက်ကြီးကြီး အသားမည်းမည်း၊ သွားကျဲကျဲ၊ နဖူးပြောင်ပြောင်၊ နှာယောင် ကောက်ကောက်၊ ဗိုက်ပူပူ၊ မုတ်ဆိတ်ထူထူ မျက်နှာဆီပြန် လူ့ပြိတ္တာကြီးများကို နှမအရွယ် ကညာပျိုကလေးများက တွဲရန် ဝန်မလေးတော့။ ထိုလူပြိတ္တာကြီးများကလည်း သမီးအရွယ်ဟု မမှတ်၊ တဏှာဘီလူးများ ပူးဝင်၍ ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေကြသည်ကို ကြားရ၊ သိရ၊ မြင်ရသည်မှာ နှလုံးမသာမယာဖြင့် ပင့်သက်ခါခါသာ ချမိတော့သည်။

ဇနပုဒ်တွင်တော့ ကျန်လိမ့်နိုး
ထိုသူများသည် ကိုယ်ကိုယ်တိုင် ဖောက်ပြန်ရုံမမျှ မကသေး၊ ငယ်ရွယ်သူများ၊ ပညာမတတ်သူများ၊ စဉ်းစားဉာဏ် နည်းသူများကို အမျိုးမျိုးသွေးဆောင်၍ ပျက်စီးစေကြသေးသည်။ မြို့ကြီးပြကြီးများတွင်သာမက တောရွာဇနပုဒ်ပါမကျန် ကူးစက်ပြန့်နှံ့နေ တော့သည်။ တောရွာအချို့တွင်တော့ ဗမာ့ယဉ်ကျေးမှုနှင့် အတန်သင့် လိုက်လျှောညီထွေ ရှိပါသေးတယ်။ မြို့များတွင်တော့ ဆင်းရဲသား နင်းပြားလူတန်းစားမှတပါး တပျက်ပျက်နှင့် သွေးထွက်နေကြတော့သည်။

ရှင်းမည့်လူမရှိ
ထိုအပျက်အစီး အမှိုက်သရိုက်များကို ရှင်းမည့်သူများလည်း မရှိ၊ ရှင်းသည့်သူများ ကလည်း မနိုင်။ အဘယ့်ကြောင့်ဆိုသော် အာဏာရ၊ ဥစ္စာရှိသူများကိုယ်တိုင် ချို့ယွင်းပျက်စီး နေကြသည့်အတွက် ဖြစ်သည်။ သူတော်ကောင်း ပညာရှိများကလည်း နေရာမရ၊ တောကြို အုံကြားရောက်နေရ၍ ပို၍ပို၍သာ ဆိုးလာဖွယ်ရှိတော့သည်။

ထို့ကြောင့် မြန်မာပြည်ကြီးသည် ရွံရှာအော့အန်ဖွယ် အမှိုက်ပုံကြီးဖြစ်သို့ ရောက်ကာ ကျေးဇူးကြီး၍ အသက်သွေးကျောဖြစ်သော ဧရာဝတီမြစ်ကြီးမှာ မြောင်းပုပ်သဖွယ် ဖြစ်တော့သည်။ ထို့ကြောင့် ဗမာပြည်ကြီးသည် ရေကောင်း မြေကောင်းမဟုတ်တော့၊ ရေသန့် မြေသန့်မဟုတ်တော့သလားဟု အတွေးပွားနေမိသည်။

No comments: