နတ်ကရာ ကြည့်မော နေလို့ မဖြစ်

အာရပ်ကမ္ဘာ
 
          တူးနီးရှားက စပါတယ်။ အီဂျစ်က နောက်က လိုက်လာတယ်။ ဒီနေ့ အာရပ်ကမ္ဘာတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပြီ။
          အာဖရိက မြောက်ဘက်ကမ်းခြေ တူနီးရှားမှာ မငြိမ်မသက်ဖြစ်လာတော့ ဗမာပြည်သူတွေ သတိမထားမိ၊ မသိဘာသာပဲ။ ပထဝီအနေအထားအရ လစ်ဗျားကို ခုန်ကျော်ပြီး အီဂျစ်ကိစ္စ ပေါ်လာတော့ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။
          ဘဏ္ဍာရေး၊ စီးပွားရေး ကပ်ကနေ လူမှုရေး၊ နိုင်ငံရေးအကျပ်အတည်းကို ကူးတာပဲ။ ထိုင်းနဲ့ ကမ္ဘောဒီယား ရန်ပွဲကလည်း လူတွေရဲ့ ဒေါသမြားဦးကို လမ်းလွှဲပေးဖို့ လုပ်တာပဲ။
          လူတွေရဲ့ ခေါင်းထဲမှာ နှိုင်းယှဉ်ကြည့်စရာ အဖြစ်အပျက်တွေ၊ အချက်အလက်တွေ ဝဲ,လှည့်ပေါ်လာခဲ့ကြတယ်။
  
တူတာနဲ့ မတူတာများ

          ၈- ၄ လုံးကာ လူထုလှုပ်ရှာမှု မြင့်တက်လာချိန်မှာ…
          - နေဝင်း ဆင်းပေးလိုက်ရတယ်။ စိန်လွင်ကို အာဏာ အပ်ထားခဲ့ပြီး စောင့်ကြည့်နေခဲ့တယ်။ မူဘာရက်လည်း သူ့လူယုံကို လွှဲပြီး ရှောင်ထွက်လိုက်တယ်။
          - စိန်လွင်နဲ့ မူဘာရက် အကြမ်းဖက်ဖိနှိပ်နည်းနဲ့ ၁၈ ရက်စီလောက်ပဲ တောင့်ခံနိုင်တယ်။
          - ပေးစာကမ်းစာအပေါ်မှာ မှီခိုနေရတဲ့ မူဘာရက်ခမျာ အနောက်ကမ္ဘာက အချက်ပြလိုက်တာနဲ့ ဆင်းပေးလိုက်ရတယ်။ မားကို့စ်တို့ ဆူဟာတိုတို့နဲ့ သွားတူနေတယ်။ နေဝင်းက လူထုတိုက်အား တခုတည်းနဲ့ ဆင်းပေးရတာ ဖြစ်တယ်။
          - နေဝင်းရော မူဘာရက်ပါ (လမ်းကြောင်းတွေ ပြထာပေမယ့်) ပြည်ပ ထွက်မသွားကြဘူး။ (ခုအထိ) ဒီနေရာမှာ တူနေသေးတယ်။
          - အဲဒီအချိန်ထိ နေဝင်းက တပ်ကို ကိုင်ထာနိုင်သေးတယ်။ အီဂျစ်စစ်တပ်က မူဘာရက် ဖြစ်စေချင်သလို ‘ရပ်ခံ’ မပေးတော့ဘူး။
          - မူဘာရက်က “တိုင်းပြည် အုပ်ချုပ်ရတာ ငြီးငွေ့ပါပြီ” လို့ ပြောဖော်ရသေးတ်။ သန်းရွှေတို့ လူစုကတော့ ဒီလို သံဝေဂသံ တခါမှ မကြားရသေး။
          - ခု အာဏာရှင်အစိုးရတွေ အုပ်စိုးနေတဲ့ မူဆလင် ကမ္ဘာမှာတော့ သရဖူတွေ တလုံးပြီးတလုံး ကြွေကျ- မြေခစ ပြန်ကုန်ပြီ၊ ကျန်တဲ့ ရာဇပလ္လင်တွေလည်း တုန်ခါနေကြတယ်။ ဒေါ်လာ ၁၀၀၀ မက်လုံးပေးသူကပေး၊ ခြိမ်းခြောက်သူက ခြိမ်းခြောက် လုပ်နေကြရတယ်။
          - ဒါတွေဟာ ခံစစ်အနေအထားနဲ့ အာဏာရှင်တွေ လုပ်လေ့လုပ်ထရှိတဲ့ နည်းတွေပဲ။ အဆုံးသတ်အောင်ပွဲ လိုချင်ရတော့ အာရပ်ပြည်သူတွေ တိုက်ပွဲအဟုန်ကို ဆက်တွန်းကြရပါလိမ့်မယ်။

ဗမာပြည်မှာ

          အချိန်အခါ ကိုက်နေတာကတော့ ဟန်ပြ “လွှတ်တော်” ဆိုတာကြီးမှာ လူတွေ ဝေးဝါးကုန်အောင် မျက်လှည့်ပြပွဲကြီး လုပ်နေတယ်။ “ဒီတခါတော့ ဘာပေါ်တယ်” ဆိုတာမျိုး မှောက်ထားတဲ့ခွက်ကို လှပ်,လှပ်ပြနေကြတယ်။ ဝင်က, နေသူတွေရော၊ ပြည်သူလူထုကြီးကပါ စိတ်ပျက် အော့နှလုံး နာနေချိန်…။
         
          ဗမာပြည်သူတွေဟာ ကိုယ်ပိုင်အတွေ့အကြုံတွေလည်း ရှိတယ်။ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေကို သုံးသပ်ကြည့်နိုင်တဲ့ နိုင်ငံရေး ရေချိန်လည်း ရှိတယ်။
          သူတို့တတွေဟာ “နတ်ကရာ ကြည့်မော” နေမယ့်သူတွေ မဟုတ်၊
          အဆင့်ဆင့်မှာ တွေဝေသွားရင်၊ တိုက်ပွဲကို ရှောင်လွှဲမိရင် အောင်ပွဲနဲ့ လွဲတတ်တယ်ဆိုတာ သဘောပေါက်ထားတဲ့ သူတွေ…
          အာရပ်ကမ္ဘာက ပြည်သူတွေရဲ့ တိုက်ပွဲဝင်စိတ်ကို အတုယူမယ့်သူတွေ…
          အခြေအနေကောင်းကို ဆုပ်ကိုင်ပြီး ရှေ့တလှမ်းတက်မယ့် ပြည်သူတွေ…
          ဖြစ်တယ်လို့ ယူမိပါကြောင်း။

အရေးတော်ပုံ ဂျာနယ် ခေါင်းကြီးပိုင်းမှ ကူးယူဖော်ပြပါသည်။

No comments: