ဒုတိယသမ္မတ သုံးဦး အပြီးသတ်ရွေးချယ်

ရန်ကုန်၊ဖေဖေါ်ဝါရီ (၃)
ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် စစ်တပ် ကိုယ်စားလှယ်များ အစုအဖွဲ့ (၃) ခုတို့၏ ရွေးချယ်မှုများ အပြီးတွင် ယခင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်၊ ယခင် နအဖ အထွေထွေ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးနှင့် ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းတို့အား ဒုတိယ သမ္မတများအဖြစ် အပြီးသတ် ရွေးချယ်လိုက်ပြီဟု သိရပါသည်။


ဖုန်းအင်တာဗျူးတစ်ခုတွင် NDF ပါတီ၏ ပြည်သူ့လွှတ်တော်၏ ရွေးကောက်ခံကိုယ်စားလှယ် ဦးခင်မောင်ရီက ပြည်သူ့လွှတ်တော် အစုအဖွဲ့က ဦးသိန်းစိန်ကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော် အစု အဖွဲ့က ကြံဖွံ့မှ ဒေါက်တာစိုင်းမောက်ခမ်းကို ရွေးချယ်ခဲ့ကာ၊ စစ်တပ် အစုအဖွဲ့မှ ရွေးချယ်ထားသော အတွင်းရေးမှူး (၁) သီဟသူရတင်အောင်မြင့်ဦးသည်လည်း ဒုတိယသမ္မများအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်ဟု ပြောပြသွားခဲ့ပါသည်။


ပလောင် ဒီမိုကရက်တစ်ပါတီမှ ဦးစောသိန်းမောင်နှင့် ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်တို့မှာမူ ရွေးချယ်ခြင်း မခံခဲ့ကြရပါ။ ဦးခင်မောင်ရီက ဆက်လက်ပြောဆိုရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ မနက်ဖြန်မနက် (၁၀) တွင် ပူးပေါင်း ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် ထိုဒုတိယသမ္မတ သုံးဦးအနက်မှ သမ္မတကို ရွေးချယ်မည်ဖြစ်ပါသည်။


ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ် အများစုကမူ လက်ရှိ နအဖ ရာထူးများအရ သိန်းစိန်ပင် နိုင်ငံတော် သမ္မတ ဖြစ်လာလိမ့်မည်ဟု ပြောဆိုနေကြပါသည်။ ပြည်တွင်းမှ ပေးပို့လာသည့် သတင်းတချို့မှာတော့ တင်အောင်မြင်ဦး ဖြစ်နိုင်သည်ဆိုသည့် သတင်းများလဲ ရှိနေပြန်သည်။ ဦးသိန်းစိန်က နှလုံးမှာ စက်တပ်ထားရပြီး သူကိုယ်တိုင်က မလုပ်ချင်ဘူးလို့ ပြောထားတယ်ပါသတဲ့။ မည်သူ သမ္မတ ဖြစ်လာမယ်ဆိုတာကိုတော့ သေချာစွာ မသိရသေးပါဘူး။

No comments: