လက်နက်ကိုင်အင်အားစုများပြည်ပရောက်ဒီမိုကရေစီအင်အားစုများပူးပေါင်းလုပ် ဆောင်ရမည့် အလုပ်သင့်ဆုံးအလုပ် မှာ...
ထွန်းအောင်ကျော်
ကျွန်တော် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် ဥရောပရောက်မြန်မာများ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ပြီးနောက် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းကြောင်း သတင်းထွက်လာခဲ့ပြန်သည်။ ပြည်တွင်း တွင်လည်း နအဖက စစ်အာဏာရှင် တည်တံ့နိုင်ရန် ကြိုးစားနေခဲ့သည်။ ထိုအခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသက်ပြီး ကျွန်တော့်အမြင်ကို တင်ပြလိုက်ပါသည်။
တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးသည် တပ်ပေါင်းစုများဖွဲ့ပြီး နိုင်ငံရေးအရ ပူပေါင်းလုပ်ဆောင်မှုများသာ အတိက်ကရှိခဲ့ပေသည်။ National Democratic Front (NDF) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည်။ Democratic Alliance of Burma (DAB) ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကြီး (မဒတ) သည် တိုင်းရင်းသားတပ်ပေါင်းစု NDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အပါအဝင် မြန်မာအဖွဲ့အစည်းများပါဝင်သည့် ပိုမိုကျယ်ပြန့်သည့် တပ်ပေါင်း စုတခု ABSDF ဖွဲ့စည်းပြီး ရှေးမနှောင်းခင် ပေါ်ပေါက်လာခဲ့သော အဖွဲ့ကြီးဖြစ်သည်။ နောင် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ နယ်စပ်သို့ထွက်ပြေးလာပြီးနောက် ၁၉၉၀ ရွေးကောက် ပွဲ ရလာဒ်ကို ခုတုံးလုပ်၍ အမတ် (၁၀) ယောက်ကျော်နှင့် NCGUB အစိုးရဖွဲ့သောအခါ ထိုအစိုးရကို ထိန်းညှိုရန် အမျိုးသားကောင်စီ (NCUB) National Council of Union of Burma ဆိုသည့် တပ်ပေါင်းစု တခု ထပ်ပေါ်လာပြန်ပါသည်။ ထို့နောက် NCUB တွင် NLD (LA), MPU တို့ ထည့်ပေါင်းပြီး NCGUB မှ နှုတ်ထွက်သွားခဲ့သည်။ NCUB နှင့်တခါ ၈၈ အုပ်စုတို့ဖြင့် Seven Alliance ကို ထပ်ဖွဲ့ပြန်သည်။
နောင် ဟန်ညောင်ရွှေ NCGUB ၏ ဥရောပ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် ငွေကြေးထောက်ပံ့မှုများကို ရရှိလာသည့်အခါ ၎င်းရရှိသော ထောက်ပံ့မှုများဖြင့် ENC (Ethnic Nationalities Council) ဆိုသည့် တိုင်းရင်းသားလူမျိုးများ ကောင်စီကို တည်ထောင်၍ NCGUB မှ ခွဲထွက် တစင်ထောင်ပြီး တပ်ပေါင်းစုဖွဲ့လာခဲ့ပြန်သည်။
ထိုသို့ တပ်ပေါင်းစုများ မှိုလိုပေါက်လာခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ကြ၊ ၎င်းတပ်ပေါင်း စုများတွင် အဖွဲ့သီးသီးသည် ဒွေးယောယှက်တင်ပါဝင်လျှက်ရှိသည်။ တပ်ပေါင်းစု နာမည် အမျိုးမျိုးဖြစ်နေသော်လည်း ပါဝင်သည့်အဖွဲ့အစည်းများသည် များသောအားဖြင့် တူညီနေကြ သည်၊ ပါဝင်နေကြသည်။ အဓိကပြဿနာမှာ တပ်ပေါင်းစုများ ဖေါင်းပွလာနေခြင်းဖြစ်သည်။
ပထမဆုံး လုပ်ရမည့်အလုပ်မှာ ထိုဖေါင်းပွ ဖေါင်းကာလာနေသော တပ်ပေါင်းစုများကို ကျစ်လစ်ခိုင်မာသော တပ်ပေါင်းစုတခုတည်းဖြစ်ရန် ကျိုးစားအားထုတ်ရေးပင်ဖြစ်သည်။ ၂၀၀၆ ခုနှစ်လောက်က မဲဆောက်ရောက်စဉ် ဖဒိုမန်းရှာမှ ဖိတ်ကြားသဖြင့် NCUB အစည်း အဝေးသို့ ဧည့်သည်အဖြစ် တက်ရောက်ခဲ့ဘူးသည်။ အကြံဉာဏ်ပေးပါဆိုသဖြင့် NCGUB သည် အလုပ်မဖြစ်သည့် ဟန်ပြအစိုးရသာဖြစ်သည်၊ ၁၉၉၀ ရွေးကောက်ပွဲ အမတ်များ သက်သက်နှင့်သာ အစိုးရဖွဲ့ရမည်၊ အပြင်လူပါခွင့်မရဆိုသည်မှာ အဓိပ္ပါယ်မရှိ၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ကိုင်စွဲ၍ အစိုးရဖွဲ့ခွင့်ရှိခြင်းကို မငြင်းလိုသော်လည်း ထိုရွေးကောက်ပွဲ နိုင် အမတ်များသက်သက်သာ အစိုးရအဖွဲ့တွင်း ပါရမည်ဆိုသည်မှာ ခြံခတ်ထားသည့် လက်ဝါးကြီးအုပ် နိုင်ငံရေးဖြစ်သည်။ NCGUB သည် အစိုးရအင်္ဂါနှင့် မညီ၊ NCGUB ကို တိုးချဲ့ဖွဲ့စည်းရန်လိုသည်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများပါ ပါဝင်ဘို့လိုသည်။ ထို့ပြင် NCGUB အစိုးရတွင် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်တပ်ရှိရမည်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များအားလုံး စုစည်း၍ ပြည်ထောင်စု တပ်မတော်ကို ထူထောင်သင့်သည်ဟု အကြံဉာဏ်ပေးခဲ့ဖူးပါသည်။ အစည်းအဝေးတက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ အများစုက ကျွန်တော်တင်ပြသည်ကို ထောက်ခံဆွေးနွေးပြီး NCGUB မှ ဒေါက်တာစန်းအောင်တို့က သူတို့ရပ်တည်ချက်ကို ခုခံကာကွယ်ခဲ့ကြပါသည်။ အချုပ်အားဖြင့် ကျွန်တော့အကြံပေးချက်ကို အများက လက်ခံခဲ့သည်။
ပြုပြင်ပြောင်းလဲရေး ကြိုးစားမှုများ
၎င်းဆွေးနွေးတင်ပြချက်ကို အခြေခံ၍ NCGUB ကို တိုးချဲ့ဖွဲ့စည်းရေးအဆိုကို ဒပ်ဗလင်တွင် ဆွေးနွေးကြရာ၌ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ပျက်ပျယ်သွားမည်ဟု အကြောင်းပြချက်ဖြင့် NCGUB အတွင်း ၁၉၉၀ ရွေးကောက်ခံမဟုတ်သည့် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်မှုကို အကြောက်အကန်ငြင်းဆန်ပြီး မဲခွဲဆုံးဖြတ်ရသည့် အခြေအနေထိ ဆိုက်ရောက်ခဲ့ရပြီး တိုးချဲ့သင့်သည်ဟူသည့်ဘက်မှ အနိုင်ရရှိသွားခဲ့သည်။ တိုးချဲ့ရန် ကော်မီတီဖွဲ့စည်းပေးခဲ့ပြီး မတိုးချဲ့ဘဲ အချိန်ဆွဲနေခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ယ္ခုအခါ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်သွားပြီးဖြစ်သည်၊ ၂၀၁၀ ရွေးကောက်ပွဲမည်မျှပင် ညစ်စေ၊ ၂၀၁၀ ရွေးကောက်ခံအမတ်များလည်း ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ နအဖနှင့် ယှဉ်ပြိုင်အနိုင်ရလာ သည့် ဖိနှိပ်မှုများကြားမှ ရွေးချယ်ခံရသည့် တိုင်းရင်းသားအမတ်များနှင့် အတိုက်အခံအမတ် များကို တရားမဝင်ဟု မပြောနိုင်ချေ။ ၎င်းတို့သည် ပြည်သူမှ အမှန်တကယ်ရွေးပေးလိုက်သည့် သူများဖြစ်သည်။ ထိုအခါ ၁၉၉၀ ကို အသေဆုတ်ကိုင်၍ ပြည်ပတွင် ငါးယောက်တပိုင်း အစိုးရသည် တန်ဘိုးမဲ့ အစိုးရဖြစ်လာသည်၊ အဓိပ္ပါယ်မရှိတော့ဟုမြင်သည်၊ ဖျက်သိမ်းဘို့ အချိန်ရောက်ပြီဖြစ်သည်။
လပိုင်းလောက်က နယ်စပ်ကရင်နီပြည်နယ်တွင် ၁၉၉၀ အမတ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ စုဝေး၍ လွှတ်တော်တရပ်ဖွဲ့စည်းသည်ဟု ကြားသိရသည်၊ သို့ရာတွင် နောက်ထပ်ဘာသံမျှ ဆက်လက်မကြားရတော့ချေ။ ယ္ခုလ ဖေဖေါ်ဝါရီ (၁၇) ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းကြောင်း သတင်းထွက်လာခဲ့ပြန်သည်။ ၎င်းအဖွဲ့တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်နေသည်ကို တွေ့ရသည်၊ သို့ရာတွင် မြန်မာလူမျိုးစုတို့ ပါဝင်မှုမရှိကြောင်း တွေ့ရပြန်သည်။ ၎င်း (UNFC) သည် NDF နှင့် တိုင်းရင်းသား နိုင်ငံရေးအဖွဲ့များ ပေါင်းထားသည့် တပ်ပေါင်းစုတခုဖြစ်သည်။ မူလ NDF ကလည်း ဆက်လက်ရှိနေသည်။
NCUB ဖွဲ့စည်းစဉ်ကလည်း ၎င်းတွင် NDF,DAB,MPU,NLD(LA) တို့ ပါဝင်သည့် ပိုမိုကျယ်ပြန်သည့် တပ်ပေါင်းစုဖြစ်သည်။ သို့ရာတွင် မူလဖွဲ့ထားသော တပ်ပေါင်းစုများ ဖြစ်သည့် NDF,DAB တို့ကို ဖျက်သိမ်းခဲ့ခြင်းမရှိသဖြင့် ပိုမိုများပြားသော တပ်ပေါင်းစုများ ဖြစ်လာပြီး နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးမှုများ ဖြစ်လာခဲ့သည်။
အဓိက ပြဿနာမှာ အဖွဲ့အစည်းအသီးသီးက ရိုးသားစွာ တပ်ပေါင်းစုများ ဖေါင်းပွနေခြင်းမှာ မဖြစ်သင့်တော့ကြောင့် တပ်ပေါင်းစုတခုတည်းကိုသာ ယခုအချိန်တွင် ဦးတည်ဖွဲ့စည်းဖို့လိုကြောင်း ဝန်ခံဘို့လိုသည်။
ပထမအဆင့်အနေနှင့် NDF, DAB, NCUB, Seven Alliance, UNFC, Ethnic Nationalities Council (ENC) တို့ကို ဖျက်သိမ်းပစ်ဖို့လိုသည်။ မိမိနေရာပျောက်မည်စိုးသည့် အချောင်သမားစိတ်၊ ဖေါက်ပြန်ရေးသမားစိတ်ရှိသူတို့ကို ရှင်းထုတ်ပစ်ရမည့် အချိန်ရောက်ပြီ ဖြစ်သည်။ ထို့နောက် လူမျိုးစု တဖွဲ့ချင်းကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ အားလုံးကို ဖိတ်ကြား၍ တပ်ပေါင်းစု ကိုယ်စားလှယ်များအဖြစ် မဟုတ်ဘဲ မိမိလူမျိုး၊ မိမိအဖွဲ့အစည်းကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအဖြစ် တက်ရောက်ပြီး ညီလာခံကြီး တရပ်ကို ကျင်းပရမည်။ ထိုညီလာခံကြီးမှ တခုတည်းသော ကျစ်လစ်ခိုင်မာသည့် တပ်ပေါင်းစု ကြီးကို ဖွဲ့စည်းရမည်။ ထိုတပ်ပေါင်းစုကြီးကို ယှဉ်ပြိုင်၍ တပ်ပေါင်းစု နောက်တခု ထပ်မဖွဲ့ရန် ပြင်းထန်တိကျသည့် မှုဝါဒကို ချမှတ်၍ တပ်ပေါင်းစုကြီးပြိုကွဲရန် ကြံရွယ်သူမှန်သမျှကို သုတ်သင်ရှင်းလင်းရဲရမည်၊ ထိုမှသာ အချောင်သမားများ၊ နေရာသမားများရန်မှ ကာကွယ် နိုင်မည်ဖြစ်သည်။
ထိုမှတဆင့် ထိုညီလာခံမှ အများရွေးချယ်မှုဖြင့် လွှတ်တော်အမတ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ တတ်သိပညာရှင်များဖြင့် NCGUB နေရာတွင် အစားထိုးနိုင်မည့် တိုက်ပွဲဝင်အစိုးရတရပ်ကို ဖွဲ့စည်းပြီး ထိုအစိုးရအောက်တွင် ပြည်ထောင်စုတပ်ကိုတည်ထောင်ရမည်။ ထိုပြည်ထောင်စုတပ်သည် တိုင်းရင်းသားလူမျိုးစု အားလုံးကို ကိုယ်စားပြုသည့် မြန်မာနိုင်ငံ အနာဂါတ်တပ်မတော် သန္ဓေတည်သည့် တပ်ဖြစ်ရည်မှန်းချက်ထားရှိရမည်။ ပြည်ထောင်စုတပ်သို့ ပူးပေါင်းလာရန်အတွက် သန်းရွှေလက်အောက်ခံ တပ်များအတွက်လည်း လမ်းဖွင့်ပေးသည့် အစီအစဉ်များ၊ ကြိုဆိုရေး၊ နေရာချထားရေး ကိစ္စများ အထိပါ ပြင်ဆင်ထားရမည်။
ထိုအဆင့်ဖြစ်လာလျှင် ပြည်တွင်းရှိ ကွန်ယက်အသီးသီးချိတ်ဆက်မှုဖြင့် ပြည်သူ့အုံကြွ မှုကြီးဖြစ်လာသည့်အခါ ပြည်ထောင်စုတပ်မှ မိမိနေရာဒေသအသီးသီးမှ ထိုးစစ်ဆင်ပြီး ပြည်တွင်းလှုပ်ရှားမှုကို မဖြိုခွဲနိုင်ရန် ဟန့်တားနိုင်ရမည်။ ပြည်သူ့ရင်ခွင်သို့ ဝင်လာသည့် ပြည်ချစ် တပ်မတော်သားများကို နွေးထွေးစွာ ကြိုဆို၍ ကြေးစားတပ်များကို ပြတ်ပြတ်သား သားတိုက်ခိုက်ကြရမည်။
တခုတည်းသော တပ်ပေါင်းစုကြီးမှ ဖွဲ့စည်းပေးလိုက်သော စင်ပြိုင်အစိုးရသည် နိုင်ငံတကာနှင့် နယ်စပ်ဒေသတွင် အင်အားအကြီးဆုံးနှင့် တပ်ထောက်ခံမှုရှိသည့် အစိုးရ ဖြစ်လာမည်။ ဤကဲ့သို့ ညီညီညွတ်ညွတ်လုပ်နိုင်ကြလျှင် ပြည်သူ့အုံကြွကြီးကို ဦးဆောင်ရာတွင် NLD ပါတီနှင့် တွဲ၍ ထိထိရောက်ရောက် လုပ်နိုင်မည်ဖြစ်သည်။
မဖြစ်နိုင်သည်မရှိ၊ ဖြစ်အောင်မလုပ်သေးသဖြင့် မဖြစ်သေးခြင်းဖြစ်သည်။ ယနေ့ မတ် ၄,၅ရက်တွင် ဖို့ဒ်ဝိန်းမြို့တွင် ညီလာခံတခုကို လုပ်ကြအုံးမည်၊ ထိုညီလာခံမှ လွှတ်တော်တရပ် ဖွဲ့စည်းလာရန် ကြိုးစားနေကြောင်းသိရသည်။ လုပ်ချင်စိတ်ရှိသူများ လုပ်နိုင်လျှင် ကန့်ကွက် ရန် မရှိပါ။ သို့ရာတွင် တင်ပြထားသည့်အတိုင်း လုပ်စားတပ်ပေါင်းစုများကို အရင်ဖျက်သိမ်းပြီး တခုတည်းသော တပ်ပေါင်းစု ဖေါ်ဆောင်ရေး မရှိဘဲနှင့် ပြုလုပ်ကြလျှင် အောင်မြင်နိုင်ရန် ဒုံးဝေးနေဦးမည်ဖြစ်သည်။ NCGUB အဖွဲ့အစည်းသည် တိုးချဲ့ရန်လည်းကောင်း၊ တည်ရှိရန် လည်းကောင်း မရှိသင့်တော့ချေ။ NCGUB အား ကျွန်ုပ်တို့မှ အသိအမှတ်မပြုတော့သည်မှာ နှစ်ကာလပင်ကြာမြင့်နေပြီဖြစ်သော်လည်း တရားဝင်အသိအမှတ်မပြုတော့ကြောင်း ယခုဖိုဒ် ဝိန်း အစည်းအဝေးမှ ထုတ်ဖေါ်ပြောကြလျှင် အမှိုတ်တခု ရှင်းသွားနိုင်ပါသည်။ ထိုမှတဆင့် တပ်ပေါင်းစုများအားလုံး ဖျက်သိမ်းပြီး တခုတည်းသော တပ်ပေါင်းစုကြီးဖြင့် ညီညွတ်ရေးကို တည်ဆောက်ပြီး ရှေ့တလှမ်းတိုးသင့်ပါသည်။
ထိုအခါ တပ်ပေါင်းစုမှ တခုတည်းသော နိုင်ငံခြားဆက်ဆံရေးဋ္ဌာန၊ ဘဏ္ဍာရေးဋ္ဌာန၊ နိုင်ငံရေးဋ္ဌာန၊ စီးပွားရေးဋ္ဌာန၊ ကျန်းမာရေးဋ္ဌာန၊ ပညာရေးဋ္ဌာနတို့ကို ဖွဲ့စည်းပြီး ကျွမ်းကျင် သူများ လွှတ်တော်ကိုယ်စားလှယ်များကသာ နေရာယူရမည်ဆိုသည့် မူကိုပယ်ပြီး တကယ်သိ၊ တကယ်တတ်၊ တကယ်နားလည်သည့်သူများကို ရွေးချယ်ခန့်ထားခြင်းဖြင့် နိုင်ငံတကာ ထောက်ခံမှု၊ စည်းစံနစ်ကျမှု၊ ပွင့်လင်းမြင်သာရှိမှုတို့ဖြင့် ပြီးပြည့်စုံသော စင်ပြိုင်အစိုးရတရပ် ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။
တဖက်မှလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ပူးပေါင်း၍ မိမိတပြည်ထောင် လွတ်လပ်ရေးထက် စုပေါင်းအားဖြင့် တနိုင်ငံလုံးလွတ်မြောက်ရေးဆိုသည့် အမျိုးသား ရည်မှန်းချက်ကို မူချ၍ ပြည်ထောင်စုတပ်မတော်ကြီးကို တည်ထောင်၍ တိုက်ပွဲဝင်မှ နိုင် မည်ဆိုသည့် အမြင်နှင့် ယုံကြည်ချက်ရှိဘို့လိုသည်။ နအဖတပ်တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင် သည်။ ဗမာလူမျိုးသက်သက်နှင့် ဖွဲ့စည်းထားခြင်းမဟုတ်သည်ကို သတိပြုသင့်သည်။ ကျစ်လစ်ခိုင်မာသော တခုတည်းသော တပ်ပေါင်းစုအောက်တွင် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရနှင့် ပြည်ထောင်စုတပ်မတော်သည် စစ်အာဏာရှင်စံနစ်ကို ထိရောက်စွာ ထိုးစစ်ဆင်နိုင်သော အင်အားစုကြီး ဖြစ်လာလိမ့်မည်။
မှိုလိုပေါက်နေသော အဖွဲ့အစည်းမျိုးစုံ၊ တပ်ပေါင်းစုမျိုးစုံတို့မှ ငါးပွက်ရာ ငါးစားချနေ သည့် (Proposal) ပရိုပိုဆယ်နိုင်ငံရေးဘဝမှ ရုန်းထွက်ပြီး (ALL inclusive) အများပါဝင် ပတ်သက်သော အစိုးရတရပ်အဖြစ် နိုင်ငံခြားထောက်ပံ့ငွေများကို စံနစ်တကျရယူပြီး အသုံးစားရိတ်၊ ကုန်ကျငွေ၊ ရငွေတို့ကို အများမြင်သာအောင် ဖေါ်ပြရင်း အများလက်ခံသော စင်ပြိုင်အစိုးရဘဝမှ ဒီမိုကရေစီတိုက်ပွဲကို ပြတ်ပြတ်သားသား ထောက်ခံမှုအပြည့်နှင့် တိုက်နိုင်မည်ဖြစ်ကြောင်း ရိုးသားစွာဖြင့် ကိုယ်ကျိုးမဖက်ဘဲ အမုန်းခံတင်ပြလိုက်ပါသည်။
ထွန်းအောင်ကျော်
No comments:
Post a Comment