လာမည့်ဘေး ပြေးတွေ့ကြ

အုန်းရှိန်

ဗမာနိုင်ငံသားတို့သည် မည်သို့သော ကာလဆိုးများကို ကြုံတွေ့ရစေကာမူ ဓလေ့စရိုက်အရရော၊ ကာလအလျောက် လေ့လာလိုက်စား၊ စိတ်ပါဝင်စားမှုတို့ကြောင့် ကျရာအခန်းတွင် ပီပြင်စွာ ၀င်ကကြစမြဲဖြစ်သည်။ ဗမာနိုင်ငံသားတို့၏ နိုင်ငံရေး အစဉ်အလာသည် အခြားအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းစာလျှင် အဆများစွာ သာ၍ ကောင်းမွန်ခဲ့ကြသည်။ ကိုယ့်ကိုကိုယ်သာ အားကိုးရာဖြစ်သည်ဟု ဗုဒ္ဓ၏ အဆုံးအမကို သက်ဝင်ကြသည့်အတိုင်း မင်းလောင်းမျှော် သူရဲကောင်းကိုးကွယ်သည့် စိတ်ဓာတ်ကို လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစ၍ ထိုစဉ်က ခေတ်လူ ခေါင်းဆောင်တို့မှ ရိုက်ချိုးဖျက်ဆီးခဲ့ မြေမြုပ်သဂြိုလ်ခဲ့ပြီးဖြစ်သည်။ ယခုချိန်ခါဆိုလျှင် ပို၍ပို၍ လက်မခံကြတော့။ သို့သော်--

သို့သော် ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါကိုယ်တော်၊ ထိပ်စုဘုရားလတ်တို့သည် အတိတ်ကာလက မြန်မာနိုင်ငံသားတို့၏ အရှင်သခင်များ ဖြစ်သည့်အတွက် မိမိတို့၏ အရှင်နှစ်ပါးကို ကြက်ငှက်ကလေးသဖွယ် အလွယ်တကူ ဖမ်းဆီးခေါ်ဆောင်မှုခံရခြင်း ဖြစ်ရပ်၊ တိုင်းတပါးတွင် ရွှေစိတ်တော် ပင်ပန်းနွမ်းနယ်စွာ စံနေရမည့် ဖြစ်ရပ်တို့ကို မှန်းဆမြင်နိုင်သဖြင့် ပြည်သူအားလုံး အသနားပိုခဲ့ကြရသည်။ ထိုသို့ အသနားပိုခြင်းသည် သခင်ကို ချစ်ခင်မြတ်နိုး၍လည်းကောင်း စိတ်နှလုံး သိမ်မွေ့မူတို့ကြောင့်လည်းကောင်း တသသလွမ်းကာ အသနားပိုခဲ့ကြရခြင်းဖြစ်သည်။ ပဒေသရာဇ်စံနစ်ကို တောင့်တခြင်းမဟုတ်၊ ဘုရင်ကို တမ်းတခြင်းလည်းမဟုတ်။

မင်္ဂလာတရားနှင့် အညီ
ဗမာနိုင်ငံသားတို့သည် မင်္ဂလာတရားတို့နှင့် ကြီးပြင်းလာခဲ့ကြသူများပီပီ ရိုသေထိုက်သူကို ရိုသေ၊ ပူဇော်ထိုက်သူကို ပူဇော်ပြီး သူကောင်းပြုထိုက် မှတ်တမ်းတင်ထိုက်သူကို သူကောင်းပြု မှတ်တမ်းတင်ခဲ့ကြသည်။ အထူးသဖြင့် မသမာသူများ လက်ချက်ကြောင့် ကွယ်လွန်ဆုံးပါးကြရသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို အမှတ်တမ်းတင်ခဲ့ကြသည်။ ထိုအာဇာနည် ခေါင်းဆောင်ကြီးများသည် အစဉ်သဖြင့် ကိုယ်ရောစိတ်ပါ နိုင်ငံရေးကို ရိုးသားစွာ လုပ်ခဲ့ကြပြီး မျိုးချစ်စိတ် ပြင်းထန်ကာ စိတ်နှလုံး ပြည့်ဝသူများဖြစ်သည်။ ကိုယ်ကျိုးမပါ အသက်ကိုစွန့် အသွေးကိုလှုကာ ဖြူစင် ရိုသားကြသည့် တော်လှန်သမား ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို သိသူတိုင်း အောက်မေ့ သတိရ၊ တမ်းတ လွမ်းဆွတ်ကြသည်သာ။ ထိုသို့ အောက်မေ့ သတိရ၊ တမ်းတလွမ်းဆွတ်ကြရုံမျှဖြင့် ခေါင်းဆောင်ကြီးတို့၏ ကျေးဇူးတရားကို သိသူဟု မဆိုနိုင်သေး။ အမှန်တကယ် ကျေးဇူးသိတတ်သူသည် ခေါင်းဆောင်ကြီးတို့၏ လမ်းညွန်မှုများကို ဦးလည်မသုံ လျှောက်လှမ်းဖို့ လိုပါသည်။ ခေါင်းဆောင်ကြီးတို့၏ အာသီသ ဆန္ဒကို ဖြည့်ဆည်းပေးကြဖို့ လိုပါသည်။ ထိုသူသည်သာ ကျေးဇူးသိတတ်သူဟု သမုတ်ရပေမည်။ ခေါင်းဆောင်ကြီးတို့၏ အာသီသ ဆန္ဒမှာ အဘယ်နည်း။ “တရားမျှတ လွတ်လပ်ခြင်းနှင့် မသွေ" ဟူသတည်း။

မအေတူသမီး
ဒေါ်အောင်ဆန်းစုကြည်သည် ဖအေတူသမီးဟုပင် ဆိုရပေမည်။ ရိုးသားသည်၊ ဇွဲနပဲကြီးသည်၊ မတရားမှု မှန်သမျှကို ဆန့်ကျင် အံတုသည်၊ မာန်မာနလည်းမရှိ၊ ပြည်သူလူထု၏ အသဲနှလုံးကို ကိုးစားသူဖြစ်ကာ ပြည်သူသည်သာ အဓိက၊ ပြည်သူသာ အမိအဖဟု ခံယူသူဖြစ်သည်။ ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနည်းတူ ပြည်သူလူထု၏ လေးစား၊ ချင်ခင်၊ ယုံကြည်မှုခံရသူလည်းဖြစ်သည်။ ထိုမျှမက များစွာသော အရည်အချင်းများ ပြည့်ဝသူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနည်းတူ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ရောက်လျှင် စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာများက ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ပန်းပု စသဖြင့် ရေဖွဲ့သီကုံး ရုပ်လုံးဖော်ကာ ဂုဏ်ပြုကြသည်။ ချီးမွမ်းကြသည်၊ မေတ္တာပို့ကြသည်၊ ဆုတောင်းပေးကြသည်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် ကောင်းမြတ်သော အစဉ်အလာများပါတကား။

အမေစုဟု ပါးစပ်မှ တဖွဖွရွတ်ဆိုကာ၊ ကမ္ဘာတဝှမ်း ဧည့်သည်တော်ကြီးများကို ဖိတ်မန္တကပြုကြ၊ ထမင်းစား ပွဲကြီးများ ကျင်းပကြ၊ ဓာတ်ပုံအစုံစုံ ရိုက်ပြီး အင်တာနက်ကွန်ယက်ပေါ်သို့ အပြိုင်အဆိုင် တင်ကြ၊ “အန်တီစု အမေစုရဲ့” ဆိုပြီး ငိုကြယိုကြသူများမှာ အားမနာတမ်း ပြောပါမည်၊ ထိုသူများသည် (ပြည်ပ) ပရောဂျက်ရှာ၊ NGO ခိုင်းရာလုပ်၊ ဒေါ်အောင်ဆန်းစုကြည်အား ရောင်းစားပြီး ကိုယ်ကျိုးရှာနေခြင်းသာဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည် ဗမာပြည်သူပြည်သားတို့၏ ဘ၀များကို ချနင်းကာ အချောင်နေ၊ အချောင်စား၊ အချောင်သမားများသာ ဖြစ်ချေသည်။ ယခုလောလောဆယ် ဗမာ- ယိုဒယားနယ်စပ်များတွင် အသက်စွန့် တိုက်ပွဲဝင်နေကြသည့် ကရင်လက်နက်ကိုင်များကို ငါးပိတကော် ကြည်ဆံတတောင့်မျှပင် ကူဖော် လောင်ဖက်မရသည့် အတ္တသမားများသာဖြစ်သည်။ ထိုအတ္တသမားတို့သည် ကျေးဇူးရှင်များကို ကျေးဇူးမဆပ်ရုံသာမကပဲ ကျေးဇူးမဲ့စကားတို့ကို ပြောဆို ရိုင်းပြနေကြသည်ကို ကြားနေရ၊ သိနေရသည်မှာ ရင်ထုမနာဖြစ်ရသည်။

အထင်မသေးပါနှင့်
ယနေ့ ပြည်ပရောက် ဗမာနိုင်ငံရေးသမား အချို့သည် တိုင်းတပါးတို့၏ တိုးတက် ကြီးပွား၊ ကြွယ်ဝ ချမ်းသာမှုကို အထင်ကြီးကာ ဗမာနိုင်ငံသည် ဗုဒ္ဓ၀ါဒကြောင့် ဆင်းရဲနေခြင်းဖြစ်သည်၊ ဗမာ့ယဉ်ကျေးမှု အောက်ကျညံ့ဖျင်းမှုကြောင့် အခုလို စစ်ကျွန်ဖြစ်နေကြရသည်၊ ပညာရှိက၀ိများ လူသားနှင့် လောကအကောင်းကျိုးအတွက် ဆိုဆုံးမ သွန်သင်ပြသသည့် လောကနီတိကိုပင် ဖောက်ပြန်သည့် ကျမ်းဖြစ်သည်၊ အာဏာရှင်ဆန်သည် စသဖြင့် ရိုးစွပ် နှိမ့်ချ ပြောဆိုလာကြသည်။ ကွန်မြူနစ် ၀ါဒနှင့် ဗမာပြည် ကွန်မြူနစ်ပါတီအားလည်း ဖတ်ဆယ်မရအောင် နိမ့်ချပြောဆို ရိုင်းပြလာကြသည်။
ထိုသို့ပြောဆိုလာသူများသည် ငါးပါးသီလမျှ မစောင့်ထိန်းနိုင်ကြပဲ စာရိတ္တချိုတဲ့ကာ ဗုဒ္ဓ၀ါဒ၏ အနှစ်သာရအား မသိ၊ နားမလည်၊ မကျင့်ကြံသူများသာ ဖြစ်ပေသည်။ တဖန် ဗမာ့ယဉ်ကျေးမှုသည် ညံ့ဖျင်းသည်များလည်း ရှိပေလိမ့်မည်၊ ထိုသို့ ညံ့ဖျင်းမှု အနည်းအပါး ရှိသလိုပင် ကောင်းမြတ်သည့် နည်းနာ၊ ကျင့်စဉ်၊ အဆုံးအမများ၊ အတုယူ၊ ကျင့်ကြံ၊ လိုက်နာစရာများလည်း ပေါများကြွယ်ဝသည်များကို မမြင်ကြ၊ မသိကြသလော။
လောကနီတိမှ အဆုံးအမတို့သည် ခေတ်နှင့် မလျှော်ညီတော့သည့် အဆုံးအမများ ရှိပေလိမ့်မည်။ ခေတ်နှင့်လျှော်ညီ၍ လိုက်နာကျင့်သုံးရမည့် အဆုံးအမများလည်း များစွာရှိနေသည်ကို သတိမပြုမိကြ။ အမှန်မှာ ထိုထိုကျမ်းများကို ကျနစွာ မလေ့လာ၊ မလိုက်စား၍ မသိခြင်း ဖြစ်ပေလိမ့်။  မကျင့်ကြံနိုင်သည်ကြောင့် ပုတ်ခတ်ခြင်းလည်း ဖြတ်တန်ရာသည်။

ထိုနောက် ကွန်မြူနစ်ဝါဒနှင့် ဗမာပြည်ကွန်မြူနစ်ပါတီအား မဟုတ်တရားများဖြင့် စွပ်စွဲပြောဆိုနေကြ သည်မှာ ဘိုးဘခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို ပြစ်မှားခြင်း၊ စော်ကားခြင်းပင် ဖြစ်တော့သည်။ ကွန်မြူနစ်ဝါဒသည် လုံးဝကုံလုံ ပြီးပြည့်စုံသည့် ၀ါဒမဟုတ်သော်လည်း အမှန်တကယ် လိုက်နာကျင့်သုံးကြလျှင် ကောင်းကျိုးများစွာ ဖြစ်ထွန်းမည်သာ။ နောက်တိုင်း ကွန်မြူနစ်ဝါဒ၊ တရုတ် ပြည်ကွန်မြူနစ်ဝါဒတို့နှင့် ပုံတူကူးချရန် မဖြစ်နိုင်၊ မိမိတိုင်းပြည်မှ လူမျိုးတို့၏ ယဉ်ကျေးမှု၊ ဘာသာ၊ အယူအဆ၊ စိတ်နေ သဘောထားမှုတို့နှင့် နှိုင်းညှိပြီး လောကီကြီးပွားကြောင်းများကို အကောင်အထည် ဖော်နိုင်လျှင် အေးချမ်းသာယာ၊ ချမ်းသာ ကြွယ်ဝမည့် ကောင်းမြတ်သည့် ၀ါဒတခုပင်ဖြစ်သည်။ သခင်ဗဟိန်း၊ သခင်သိန်းဖေ၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဘို၊ သခင်ဗသိန်းတင်၊ သခင်ဇင်၊ သခင်တင်ရွှေ၊ ဆရာမြသန်းတင့်၊ လူထုစိန်ဝင်း၊ ဗိုလ်ကျော်ဇော၊ သခင်တင်မြ၊ ဗိုလ်ဇေယျ၊ သခင်ချစ်၊ (များစွာကျန်သေးသည်) စသဖြင့် နိုင်ငံရေး၌လည်းကောင်း၊ စာပေ၌လည်းကောင်း၊ ယဉ်ကျေးမှု၌လည်းကောင်း၊ သမိုင်းဆိုင်ရာ၌လည်းကောင်း ကျေးဇူးကြီးမားသည့် ခေါင်းဆောင်ကြီးများသည် ကွန်မြူနစ်ဝါဒအား သက်ဝင်ကြသည်ကို ထောက်ဆလျှင် ထိုဝါဒသည် မည်မျှကောင်းမွန်၍ လိုက်နာကျင့်သုံးသင့်သော ဝါဒဖြစ်သည်ကို သဘောပိုက်မိကြပါလိမ့်မည်။ ထိုကြောင့် ဗမာ့ကွန်မြူနစ်ဝါဒကို ပုတ်ခတ်၊ စော်ကားခြင်းသည် ထိုဝါဒကို သက်ဝင်သော ထိုထို ခေါင်းဆောင်ကြီးများအား ပုတ်ခတ်၊ စော်ကားခြင်းပင်ဖြစ်သည်။ ကျေးဇူးကန်းခြင်းပင်ဖြစ်သည်။ လွတ်လပ်ရေး ကြိုပမ်းမှုကြီးတွင် ဗမာပြည်ကွန်မြူပါတီကြီးသည် မည်မျှ အရေးပါ အရာရောက်ခဲ့သည်ကို မမေ့သင့်။ “ကွန်မြူနစ်များသည် မကောင်း” ဟု ဝါးလုံးသိမ်း မရိုက်သင့်။ ကွန်မြူနစ် အမည်ခံပြီး ၀ါဒနှင့် ဆန့်ကျင့်၊ မလိုက်နာ၊ မကျင့်သုံးပဲ မတော်တရော် ပြုနေကြသည့် ကွန်မြူနစ်ပျက်များကို ထုတ်ဖော်ပြီးကာမှ အပြစ်တင်ကြစေလိုသည်။

ဒီမိုကရေစီစနစ်သည်လည်း နည်းတူကောင်းမွန်ပါသည်။ စနစ်ကောင်းမွန်ရုံမျှဖြင့် တိုးတက်ကြီးပွားသည်မဟုတ်။ ထိုကောင်းမွန်သည့် စနစ်ကို နိုင်ငံသားအားလုံး လိုက်နာကျင့်သုံးနိုင်ပါမှ တိုးတက်ကြီးပွားမည်ဖြစ်သည်။ မူပြောင်းပြီး လူမပြောင်းလျှင်၊ လူပြောင်းပြီး မူမပြောင်းလျှင် ဘာမျှ ထူးခြားလာမည်မဟုတ်။ အိန္ဒိယနိုင်ငံသည် ဇာတ်စနစ်ကိုဖြင့် မတိုက်ဖျက်နိုင်သည့် မပြည့်ဝသော ဒီမိုကရေစီ၊ အမေရိကန်နိုင်ငံသည် နိုင်ငံငယ်များကို လက်ဝါးကြီးအုပ်ကာ နေရာတကာ ၀င်ရောက်စွက်ဖက်ပြီး နိုင်ငံတကာသို့ လူသတ်လက်နက်ရောင်းစားသည့် မပြည့်ဝသော ဒီမိုကရေစီ စသည့်ဒီမိုကရေမျိုးကိုဖြင့် မနှစ်မျို့ပါ၊ မနှစ်သက်၊ လက်မခံနိုင်ပါ။ အချို့နိုင်ငံများ ကျင့်သုံးနေကြသည့် ဒီမိုကရေစီစနစ်သည် ခေတ်သစ် အရင်းရှင်စနစ်ဟု ပြောစမှတ်ပြုကြသည်။ ယခုလည်း နအဖစစ်အစိုးရက ဒီမိုကရေစီလို့ တကြော်ကြော် အော်နေပြန်ပါပြီ။ ဘယ်မှာနည်း ဒီမိုကရေစီ စံချိန်စံညွန်းနှင့်အညီ ကျင့်သုံး ကောင်ထည်ဖော် ဆောင်ရွက်မှုဖြစ်သော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးကာ စားပွဲဝိုင်းတွင် လူမျိုးပေါင်းစုံ မျက်နှာစုံညီနှိုင်းဆောင်ရွက်မှုများ အလုပ်ပေးနိုင်လျှင် စစ်အုပ်စု တစာစာအော်နေသည့် စည်းကမ်းပြည့်ဝ ဒီမိုကရေစီဆိုသည်ကို မည်သူမျှ ယုံကြည်လက်ခံ ပူးပေါင်းဆောင်ရွက်ကြမည်မဟုတ်။

ဒီမိုကရေစီဟု ပါးစပ်မြုပ်ထွက်အောင် အော်နေရုံဖြင့် မည်သူမှ ယုံကြည်လက်ခံမည်မဟုတ်ပါ။ ဒီမိုကရေစီ စံချိန်စံညွန်းနှင့် ညီညွတ်သော လုပ်ရပ်တို့ တဆင့်ခြင်း ကောင်ထည်ဖော် လုပ်ပြဖို့ လိုပေလိမ့်မည်။ ထိုမှသာ စီးပွားရေး ပြန်လည်တည့်မတ်ကာ အသက်ရှုချောင်ကြလိမ့်မည်။ ထိုမှတဖန် ပညာရေး အဆင့်အတန်း မြင့်မားလာပြီး စာရိတ္တတရား ပြန်လည်ကောင်းမွန်၍ အေးချမ်းသာယာသော ဒီမိုကရေစီကို တည်ဆောက်မှုသည်သာ ယုံကြည်မှု၊ ကိုးစားမှု၊ အားပေးထောက်ခံမှုတို့နှင့် တပ်မတော်အားလည်း ပြည်သူအများ လေးစားချစ်ခင်လာကြမည်ဖြစ်သည်။

နိုင်ငံတနိုင်ငံတွင် နိုင်ငံသားတို့သည် စာရိတ္တတရား ချို့တဲ့လျှင်လည်းကောင်း၊ ၀ံသာနုစိတ်ဓာတ် ကင်းမဲ့လျှင်လည်းကောင်း၊ လူကြီးမိဘ၊ ရဟန်းသံဃာနှင့် ဘာသာတရားတို့ကို မရိုသေ၊ မကိုင်းရှိုင်း၊ မနာခံ၊ နားထောင်မလျှင်လည်းကောင်း၊ ရိုးရာ ယဉ်ကျေးမှုမွေအနှစ်များကို မလေးစား၊ မချစ်ခင်၊ မနှစ်သက်၊ မမြတ်နိုး၊ မထိန်းသိမ်း၊ မစောင့်ရှောက်၊ တန်ဘိုးမထားကြတော့လျှင်လည်းကောင်း၊ မညီမညွတ်၊ မစည်းမလုံး၊ ကွဲပြဲနေကြလျှင် လူအ၊ လူန၊ လူပြိန်၊ လူဖျင်း၊ လူအလသများသာ ဖြစ်သည့်အတွက် ကွန်မြူနစ်ဝါဒဖြစ်စေ၊ ဒီမိုကရေစီစနစ်ဖြစ်စေ၊ ဆိုရှယ်လစ်စနစ်ဖြစ်စေ ဘုရား၊ သိကြားပေးသည့် ၀ါဒ၊ စနစ်များဖြစ်စေကာမူ ဘာများထူး၍ လာမည်နည်း။ ဘာဆိုဘာမျှ မထူးခြား၊ မကြီးပွား၊ မသာယာ၊ မ၀ပြောနိုင်ပါ။

အရေးကြီးလျင် သွေးနီးသည်
အလွန်အကျူး မတရား ဖိနှိပ်ချုပ်ချယ်မှုများနှင့် ဆင်းရဲနွမ်းပါး ချို့တဲ့ကာ အဖက်ဖက်မှ ချိနဲ့ ယိုယွင်းလာမှုတို့ကို သည်းမခံနိုင်တော့သဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးအား ကျောင်းသား၊ ကျောင်းသူ ရဟန်းရှင်လူများ ပြည်ထောင်စု တ၀ှမ်းလုံး ဆင်နွှဲခဲ့သည်။ “အရေးကြီးလျှင် သွေးနီးသည်” ဟူသည့် စကား၏ ပြယုဂ်ကြီးတခုပင်ဖြစ်သည်။ ၂၀၀၇ သံဃာ့အရေးအခင်းတွင်လည်း သွေးနီးပြခဲ့ပြီ၊ ညီညွတ်ပြခဲ့ပြီ။ သို့သော် ပန်းတိုင်ကား မရောက်။ သွေးကားနီး၏၊ ညီလည်းညီညွတ်၏ ဒါဖြင့် အဘယ်ကြောင့် မရောက်လေရသနည်း။ မေးလျှင် ဖြေရမည်မှာ---။

၂၀၀၇ သံဃာ့အရေးအခင်းတွင် သောင်းသိန်းမကသော သံဃာတော်များ ညီညွတ်စွာ ဆင်နွှဲကြသလို ကျောင်းသား ပြည်သူများမှလည်း ၀မ်းမြောက်ရွှင်ပြ စိတ်တကြွကြွနှင့် ညီညွတ်စွာပင် ပါဝင်လာကြသည်။ ပြည်သူလူထုကြီးမှာလည်း ၀မ်းသာမဆုံး ဖြစ်ကြသည်။ သို့သော် ရဟန်းသံဃာဆိုသည်က နေရာတိုင်း ပါဝင်နိုင်ရန် မဖြစ်နိုင်ပါ။ လူပုဂ္ဂိုလ်များသာ လုပ်ရမည့် အကြားဖြတ် အစိုးရဖွဲ့ခြင်း၊ အစိုးရ ဆက်သွယ်ရေး ယန္တရားကို နည်းမျိုးစုံ ဖြတ်တောက်ခြင်း စသည့်အရေးအရာတို့တွင် သံဃာတော်များ ပါဝင်ရန် မဖြစ်နိုင်ပေ။ ထိုစဉ် နိုင်ငံရေးသမား အမည်ခံထားကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အကြီးအကဲဆိုသူများမှာ တရားနည်းလမ်းမကျ၊ ဥပဒေနှင့် ဆန့်ကျင်သည်ဟူ၍ ထွက်မလာကြ၊ ဦးမဆောင်ကြ၊ လွတ်လပ်ရေး ရယူပေးခဲ့ကြသည့် ခေါင်းဆောင်ကြီးများ၏ သားသမီးများမှလည်း တယောက်တလေမှ ထွက်မလာကြ၊ ဦးမဆောင်ကြ။ ထိုစဉ်အခါ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည့်ခေါင်းဆောင်ကြီးတို့သာ အပြင်မှာရှိလျှင် ၀မ်းသာအားရ ထွက်လာကြမည်၊ ဦးဆောင်မည်မှာ အမှန်ပင်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာစသည့် ကျေင်းသားခေါင်းဆောင်တို့သာ ထောင်မကျသေးလျှင် နှစ်ထောင်းအားရ တက်ကြွစွာ ပါဝင်ဦးဆောင်ကြမည်သာ။ အမှန်တိုင်း ပြောရလျှင် မဆလဟောင်းကြီးများ (ဦးနေ၀င်းသြဇာခံများ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် နေရာယူထားကာ နအဖ ညိုငြင် မျက်မာန်ရှမည် ကြောက်၍ ခေါင်းရှောင်နေခဲ့ကြသည်။ အဖွဲ့ချုပ်လူငယ်များနှင့်လည်း သဘောထား ကွဲကြီးကွဲပြားခဲ့သည်။ လူငယ်များ၏ စကားတို့ကိုလည်း အလေးမထားကြပေ၊ တက်ကြွ၍ အရည်အသွေး ပြည့်ဝသည့် လုပ်ပိုင်ခွင့်မပေးပဲ ချောင်ထိုးခဲ့ကြသည်။ သံဃာ့အရေးအခင်း ကြီးတွင် ပေးဆပ်မှု၊ သွေးနီးမှု၊ ညီညွတ်မှုများမှာလည်း အချည်းအနှီးဖြစ်ခဲ့ရသည်။ (တခြားအကြောင်းများလည်း ရှိပါဦးမည်။)

သိုးရေခြုံသူများ ပေါ်ပြီ
ရွေးကောက်ပွဲ ဥပဒေများ ထွက်ပါပြီ။ မတရားပုဒ်မများနှင့်အတူ အချုပ်အချယ်၊ အကန့်အသတ်တို့က များပါဘိခြင်း၊ သုံးလအတွင်း ပါတီများ မှတ်ပုံတင်ရမည် ဟူတည်း။ အမျိုးသား ဒီမိုကရေစီအဖွဲ့မှ အများသဘောတူကာ ပါတီမှတ်ပုံမတင်ခြင်းဖြင့် မတရားဥပေဒများနှင့်၊ မတရားသည့် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက် လိုက်ကြသည်။ ပေါ်လေပြီ ဘွင်းဘွင်းကြီး၊ သိုးရေခြုံတဲ့ ဝံပုလွေတွေ။ ခွဲထွက်ပြီး ပါတီထောင်ကာ ပြည်သူ့အတွက်ပါတဲ့ လျှာရိုးမရှိတိုင်း။ ပေါ်လာပါပြီ ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေ ပါတီထောင်ပြီး ပြည်သူ့အတွက်ပါတဲ့ မျက်နှာပြောင်တိုက်ကြတယ်။ ပြည်သူတွေ တောင့်တတုံးက ဒီပြည့်သူ့ခေါင်းဆောင်ကြီးတွေ ဘယ်မှာချောင်ခိုပြီး ဘယ်မှာပုန်းရှောင်နေခဲ့ကြသလဲ။ ဒေါ်အောင်ဆန်းစုကြည် မလွတ်စဉ် “ဒါဂွင်ပဲကွ ငါတို့ ပုခုံးချင်း ယှဉ်လို့ရပြီ” ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီရယူပေးမတဲ့၊ ပြည်သူတွေကို ငတုံးတွေလို့ ထင်မှတ်ထားဟန်တူပါတယ်။ ခင်ဗျားတို့ ထင်သလို မတုံးပါဘူး။ ဒီနိုင်ငံမှာ အထာနဲ့ လုပ်စားနေကြရတာ ဒါလောက်တော့ ပါးနပ်တယ်။ ပြည့်သူ့ခေါင်းဆောင်ဆိုတဲ့ သူတွေ ၀က်ဝက်ကွဲ ရှုံးရပြီ၊ သိပြီ သိုးမဟုတ်ဘူး၊ ခွေးအမျိုးအစားထဲက ဉာဏ်နီဉာဏ်နက်များတဲ့ ၀ံပုလွေကြီး။

        ထိုသို့သော အောက်တန်းကျသည့် စိတ်ဓာတ်၊ ရော့ရည်းသည့် ဝီရိယ၊ ခေါင်းပါးသည့် စေတနာ၊ ချိုတဲ့သည့် ပညာ၊ နုံနဲ့သည့် စည်းကမ်းတို့ဖြင့် နအဖ ရန်သူအား မည်သို့ တိုက်ပွဲဝင်ကြမည်နည်း။ မည်သို့ အောင်ပွဲရမည်နည်း၊ မည်သို့ ပြည်သူအား ကယ်တင်မည်နည်း။ မည်သို့သော ဒီမိုကရေစီကို ဖော်ဆောင်ကြမည်နည်း။ သင်းတို့၏ ကယ်တင်ခြင်း မခံကြရသည့် ပြည်သူများသည် အမှန်တကယ်ပင် ကံကောင်းလှပါသည်။

        ကူညီပါ၊ မလွဲဧကန်ရမည်
မပူပါနှင့်။ အမှန်တရားကို မြတ်နိုး၊ စုံမက်သော၊ ရိုးသားဖြူစင်သော၊ ကျွမ်းကျင်လိမ်မာသော ခေါင်းဆောင်ကြီးများဖြစ်သည့် ဟံသာဝတီ ဦးဝင်တင်၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသဖြင့် အကြီးအမှုးများ လွတ်မြောက်လာပါပြီ။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ် နိုင်ငံရေးသမားများနှင့် ပြည်သူတရပ်လုံး ညီညီညာညာ လက်တွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ကြီးအား ၀န်းရံကာ ကျရာ အခန်းကဏ္ဍမှ ပါဝင် ကူညီ ဖြည့်ဆည်းကြဖို့သာ လိုသည်။ စာဖတ်သူတို့၏ တူပေါင်းကူညီမှုကို လိုအပ်နေပါသည်။

တိုင်းရင်းသား လက်နက်ကိုင်များမှလည်း စစ်မျက်နှာများဖွင့်ကာ တရစပ် ထိုးစစ်ဆင်နေပြီဖြစ်သည်။ ပြည်သူလူထု တရပ်လုံးမှ ကူညီအမျိုးမျိုးကို ပေးကြရမည်ဖြစ်သည်။ လက်နက်အင်အား ပို၍ပို၍ တောင့်တင်းရန်၊ စားနပ်ရိက္ခာ ဖြည့်ဆီးပေးရန်၊ ဆေးဝါးအပြည့်အစုံဖြင့် ကုသနိုင်ရန် ကူညီကြဖို့ အထူးလိုအပ်နေပါသည်။ နအဖစစ်တပ်ထဲမှ အမျိုးကောင်းသား စစ်သည်တော်များကို လက်ကမ်းကြိုဆို ဖိတ်ခေါ်ပြီး တိမ်းရှောင် ပူးပေါင်းလာခဲ့သော် ထိုစစ်သားအာဇာနည်တို့၏ ဘ၀ကို အာမခံချက်ပေးနိုင်ရန် နိုင်ငံတကာသို့ ပြန့်ကျဲ ရောက်ရှိနေကြသည့် တာဝန်သိ နိုင်ငံ့သားကောင်းများပီပီ ကူညီကြပါရန် နှိုးဆော် တိုက်တွန်းအပ်ပါသည်။ အများညီလျှင် ဤပင် ကျွဲဖြစ်ရသည် မဟုတ်လော။ မင်းလောင်း၊ ရှင်ဘုရင်တို့ကို တောင့်တနေရန်မလို။ ရဲမာန်၊ ရဲသွေး၊ ရဲစိတ်မွေးကာ ကျရာ အခန်းကဏ္ဍမှ ပါဝင်ကာ လာမည့်ဘေးကို ပြေးတွေ့လိုက်ကြပါတော့လား။

အုန်းရှိန်

No comments: