ဒက္ကားမြို့တော်သို့ ချီတက်ကြမည့် ဘင်္ဂလာဒေခ်ျ့မှ အစ္စလာမ်မစ် ဘာသာရေးအဖွဲ့တစ်ခု ဖြစ်သော Hefazate Islam Bangladesh (HIB) အဖွဲ့၏ Long March အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ကော့စ် ဘဇားခရိုင်တွင် ဖမ်းဆီးလိုက်သည်။
သူတို့အား အဆိုပါ ခရီးရှည် ချီတက်ပွဲတွင် ပူးပေါင်းပါဝင်ရန် လာရောက်စဉ် ကော့စ်ဘဇားခရိုင် အိုးကီးယားနှင့် တက်ကနက် အဝေးပြေးလမ်းပေါ်ရှိ နေရာအများအပြားမှ လွန်ခဲ့သောကြာသပတေး ညနေမှ သောကြာနေ့ နေ့လည်ပိုင်းအတွင်း ဖမ်းဆီးမိခဲ့ သည်ဟု ဘင်္ဂလာရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာတွင် ဖေါ်ပြသည်။
အစ္စလာမ်မစ် အဖွဲ့ HIB မှ အချက် (၁၃) ချက်ပါ တောင်းဆိုချက်များကို အစိုးရမှ လိုက်လျော ဆောင်ရွက်ပေးရန်အတွက် ဘင်္ဂလာ ဒေခ်ျ့ တနိုင်ငံလုံးရှိ မြို့ကြီးများမှ ဒက္ကားမြို့တော်သို့ ချီတက်ရန် အစီအစဉ် တစ်ခုအား ကျေညာပြီးနောက် ထောင်ပေါင်းများစွာ သော အဆိုပါအဖွဲ့ကို ထောက်ခံသူများသည် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြသည်။
အလာတူး ကောစ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ထောင်ဂဏန်းချီသော ရိုဟင်ဂျာများသည်လည်း အဆိုပါ အစီအစဉ် တွင် ပူးပေါင်းပါဝင်ရန် စခန်းထဲမှ ထွက်လာခဲ့ကြသည်ဟု ဆိုသည်။
The Independent သတင်းစာမှ အိုကီးယားမြို့ ရဲတာဝန်ရှိသူ Gias Uddin Mian ကိုးကားပြီး ဖေါ်ပြရာတွင် အဆိုပါ ဒုက္ခသည်များ အား Long March တွင် ပူးပေါင်းပါဝင်ရန် ARNO မှငွေကြေး ထောက်ပံ့ပေးကြောင်း သတင်းရရှိသည်ဟု ဖေါ်ပြသည်။
HIB ၏ အစီအစဉ်အား ဧပြီလ ၆ ရက်နေ့ နံနက်တွင် စတင်မည်ဖြစ်ရာ ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါအစီအစဉ် မအောင်မြင်ရန် အဟန့်အတားများ ပြုလုပ်နေကြောင်း သိရသည်။ အဖွဲ့ပေါင်း ၂၅ ဖွဲ့ ပါဝင်သော လွတ်လပ်ရေး လိုလားသော အဖွဲ့များမှ HIB အစီ အစဉ် မအောင်မြင်ရန်အတွက် ၂၄ နာရီကြာ သပိတ်ကို ခေါ်ယူလိုက်သဖြင့် တစ်နိုင်ငံလုံး ကားအသွားအလာများ ရပ်တန့်သွားခဲ့ ပြီး ဒက္ကားမြို့တော်သို့ ချီတက်မည့် HIB အစီအစဉ်များလည်း နှောင့်နှေး ကြန့်ကြာမူများ ဖြစ်ပေါ်ခဲ့သည်။ HIB မှ တောင်းဆိုချက် (၁၃) ချက်တွင် အစ္စလာမ်ဘာသာရေးနှင့် ပတ်သက်သော တောင်းဆိုချက်များ ပါဝင်သည်ဟု သိရသည်။
ယမန်နေ့က အစိုးရ လိုလားသူများနှင့် HIB ကိုထောက်ခံသူများအကြား ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး သုံး ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။ ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အထူးမူခင်း နှိမ်နှင်းရေးတပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀၀ ခန့် တပ်ဖြန့်ချထားပြီး လုံခြုံရေးကို တင်းကျပ်ထားသည်။
No comments:
Post a Comment