ဒီကနေ့ ကြားသိရသမျှဟာ တွေးရင်းတွေးရင်း သက်ပြင်းရှည်ရှည်ကို ချက်ပေါင်းစွာကို ချမိရုံမှတပါး မတတ်နိုင်တော့။ ဆရာကြီးနန်းညွန့်ဆွေ ဆုံးပြီဆိုတဲ့သတင်းကြားမိတော့ ရင်ထဲမှာ ဆုံးရှုံးရခြင်း လက္ခဏာတွေ ရုတ်ချည်းပေါ်လာတယ်။ ဆရာကြီးနဲ့ ဆုံလည်းမဆုံဖူး သိလည်းမသိဖူးပါ။ သို့သော် သခင်မကြီးဒေါ်ကြည်ဦးရဲ့ ခင်ပွန်း၊ ကိုဇာဂနာရဲ့အဖေ၊ ပြည်သူအားလုံးကချစ်တဲ့ စာရေးဆရာ၊ ပညာရှင်အားလုံးက တန်ဘိုးထားတဲ့ ညွန့်ပေါင်းကျမ်းကြီး အခုဆုံးပြီဆိုတဲ့ သတင်းကြားတော့ ပြည်သူဖြစ်တဲ့ ကျွန်တော်လည်း မခံစားရရိုးလား။ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ချစ်သူတို့ သက်တမ်းတိုလှတယ်။ မုန်းသူတို့ သက်တမ်းရှည်လှတယ်ဆိုတဲ့ ကဗျာလေးက ဦးနှောက်ထဲ ပြေးဝင်လာတော့တယ်။ တကယ့်တော့ ဆရာကြီးနန်းညွန့်ဆွေဟာ လူ့သက်တမ်းအပြည့်နေခဲ့ရသူပါ။ ဒါပေမဲ့ ကျုပ်က နှစ်တထောင်ထိ အသက်ရှင်စေချင်တယ်လေ။
ကိုဇာဂနာကတော့ မြစ်ကြီးနားထောင်ထဲမှာ အကျဉ်းကျလို့ မွေးသဖခင်ကြီး ကွယ်လွန်ချိန်မှာ ကိုယ်တိုင်ကိုယ်ကျ ဝန္ဒာပြုခွင့်မရတာကိုလည်း တွေးရင်း ကြေကွဲဆုတ်နှစ်ရပါတယ်။ ထိုသို့အဖြစ်ဆိုးကို ဘယ်ပုဂ္ဂိုလ်မျိုးကိုမှ မကြုံစေချင်။ ဇနီးဒေါ်ကြည်ဦးရဲ့ အိပ်ရာကိုကြည့်ပြီး မရဏသဘောကို ဆင်ခြင်ကာ လွမ်းသဝဏ်လွှာကို ဖတ်ရတုန်းကလည်း ရင်ထဲခံစားရတာ ဒီနေ့လိုပါပဲ။ တိုင်းပြည်တာဝန်တွေ ကိုယ်စီကျေပွန်ခဲ့ကြတယ်။ အမွေကောင်းတွေကိုလည်း ထားရစ်ခဲ့တယ်။
ယနေ့ဗမာပြည်ဟာ ထောင်ကြီးဖြစ်လာပြီ။ (လူ့ငရဲကြီး ဖြစ်လာပြီ)။ အကျင့်ပျက်၊ ရက်စက်၊ ကြုမ်းကြုတ်တဲ့ ဒီငရဲဘုံကြီးကို စွန့်ခွာပြီး ဒေါ်ကြည်ဦးရှိရာ မေတ္တာဘုံသို့ သွားရှာပြီ။ ချမ်းချမ်းမြေ့မြေ့၊ အေးအေးလူလူနဲ့ မေတ္တာဘုံမှာ သစ္စာတရားရှာနိုင်ကြပါစေ။ ဒီငရဲဘုံက ပြည်သူများကတော့ လွမ်းသူ့ပန်းခွေနဲ့ ပရိတ်တရားတော်နားရင်း အမျှဝေခြင်းမျှ ပြုနိုင်ရှာတော့တယ်။ သက်ပြင်းရှည်ရှည်တို့ ချမိတုန်းပါ ဆရာ...။
No comments:
Post a Comment