အခုတလော မိုးမခမှာ လူဖတ်အများဆုံး ပို့စ်တခုကတော့ နမ်းရမည့် ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ဇာတ်ကား တခုကို သက်မွန်မြင့် လက်လွှတ်ရဖွယ်ရှိ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ပဲ ဖြစ်ပါတယ်။ နည်းတူ ကျုပ်ကလည်း စိတ်ဝင်စားသလိုလို ရှိတော့ ဖတ်မိ ပါတယ်။ ဖတ်မိတော့ မကောင်းသတင်း ဖြစ်နေတယ်။ လူတွေများ အတော်အညှီကြိုက်တာပဲလို့ စိတ်ထဲ တွေးမိလိုက်တယ်။
ရှိစေ။ ဒီနေ့ခေတ်မြန်မာပြည်ကို လူတော်တော်များများ ဒီမိုကရေစီ ဒီမိုကရေစီနဲ့ ပါးစပ်က မြှုပ်ထွက်မတတ် တစီစီ ဖြစ်နေကြတယ်။ ဒါကို အခွင့်ကောင်းယူသူကယူ၊ ကျားချောင်း ချောင်းသူကချောင်း၊ ဆင်ကြံ ကြံသူက ကြံပေါ့။ ရှိစေ ဘယ်သူတွေ ဘာတွေဘာ ချောင်းဘယ်လို ကြံကြပါစေ။
ပြောရမှာတော့ အားနာစရာပါပဲ။ ဖတ်ရတဲ့ သတင်းက ဝမ်းနည်း ဝမ်းသာလို့ ဆိုရမလားပဲ။ အထက်မှာ ပြခဲ့သလိုပဲ နမ်းခံရမည့် ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ဇာတ်ကားတခုကို သက်မွန်မြင့် လက်လွှတ်ရဖွယ်ရှိတဲ့ ဆိုတဲ့ သတင်းဟာ တကယ်လို့များ ဒီဇာတ်ကား က တကယ်ဒီလိုအခန်းပါသွားရင် မြန်မာပြည်သူတွေ မတုပသင့်တဲ့ အတုယူမှုတွေ များပြားလာတော့မယ်၊ ပြီးတော့ လူငယ်ပိုင်း မြန်မာ့ရုပ်ရှင်လောကသားတွေ အတွက် တဖြောင့်ကြီး လမ်းလွဲလိုက်လာကြမယ်။ တခါ သရုပ်ဆောင် သက်မွန်မြင့်အတွက် ရုပ်ရှင် ဇာတ်ကား အတော်များများ လက်လွှတ်ဆုံးရှုံးရမယ့် အဖြစ်တွေဟာ ဝမ်းနည်းတွေပါပဲ။ ဒါပေမယ့် မြန်မာ့အမျိုးကောင်းသမီး ပီပီ ဒီလိုဇာတ်ဝင်ခန်းမျိုးကို ငြင်းပယ်တဲ့ အတွက် ကျုပ်တို့အနေနဲ့ ကြားရတာ၊ ဖတ်ရတာ၊ သိရတာ ဝမ်းသာတယ်၊ ချီးကျူးတယ်၊ ထောက်ခံတယ်၊ ဂုဏ်လည်း ယူပါတယ်။ ဒါကြောင့် ဝမ်းသာစရာသတင်းလို့ ပလ္လင်ခံခဲ့တာပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ရိုက်မယ့် ဒါရိုက်တာက ဘယ်သူလဲလို့ စိတ်ဝင်စားလို့ ကြည့်မိပြန်တော့ ဟောတွေ့ပြီ ဝိုင်းဆိုပဲ။ အော်ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင်အိုကြီးဝိုင်း ဒီမိုကရေစီခေတ်မှာ အစွမ်းကုန် ပွင့်လင်းတော့မယ့်ပေါ့လေ။ ဒီလို အခန်း မပါပဲနဲ့ ဇာတ်ကားကောင်း တ ကားဖြစ်အောင် မရိုက်ဘူး။ ဒီလို ယူဆရင် အရင်ကရိုက်ခဲ့တဲ့ ဇာတ်ကား တွေ ဇာတ်ကားကောင်းတွေ မဖြစ်ခဲ့ဘူးပေါ့။ “Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ” ဒီစကားကို နားထောင်ပြီး ကိုယ့်သမီး ကိုယ့်နှမလို ကိုယ်ခြင်းစာပြီး ဒီလို ကာယကံရှင် မလုပ်ချင်တဲ့ ဟာမျိုးကို အတင်းအကြပ် မခိုင်းသင့်ပါဘူး။
ဝိုင်းတို့ရဲ့ ရုပ်ရှင်လောကကို ကိုယ်သိသလောက် နည်းနည်း ဝေဘန်ကြည့်မယ်။ ဟိုရှေးက ရိုက်တဲ့ ဇာတ်ကားတွေ အတော်များများ ကြည့်ဖြစ်တယ်ဗျ။ ကျော်ဟိန်းတို့ ကျော်သူတို့ ကျော်ရဲအောင်တို့ ခေတ်အထိပဲ ဒီ့နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုတွေက တော့ တကယ်ပါပဲ။ ဘာစိတ်ဝင်စားစရာမှ မရှိသလို၊ အနှစ်သာရလည်းမရှိ၊ ရိုက်ချက်ကဖျင်း ပျင်းစရာတော်တော်ကောင်းပါတယ်။ အဲဒီကတည်းကနေ မြန်မာ့ကား တွေကို မငှါးတော့ဘူး။ မြန်မာ့ရုပ်ရှင်ကားတွေလည်း မကြည့်ဖြစ်တော့ဘူး။ သူ့အရပ်နဲ့ သူဇာတ်က တော့ ရှိမှာပေါ့လေ။ အခုနောက်ပိုင်းမှာတော့ ဘေးနားက စကားပြောသံကြားရတာကိုပဲ နားကလောလွန်းလို့။ ကြည့်ဖို့ဆို ဝေလာ ဝေး။ ဖေ့ဘုတ်တွေ၊ ဘလော့ဂ်တွေမှာ ပလူပျံလို့ ကြားရတဲ့ သတင်းတွေ ကြည့်မိလိုက်တဲ့ သတင်းတွေက စိတ်ပျက်စရာ။
ကျုပ်တို့ ခံယူထားတာ ရုပ်ရှင်လောကသားတွေဟာ အများပြည်သူရဲ့ အရှေ့ဆောင်လမ်းပြတဲ့ လူသားထဲက လူသားတချို့လို့ ခံယူ ထားတာဗျ။ ဗီဒီယိုတွေ ရုပ်ရှင်တွေကြည့် ပြည်သူတွေက လိုက်ပြီး အတုယူတတ်ကြတယ် ဗျ၊ အတုခိုးတတ်ကြတယ်ဗျ။ ဘယ် လောက် ထင်ရှားသလဲဆိုရင် တရုတ်ကား၊ ဂျပန်ကား၊ ကိုရီးယား ဇာတ်ကားတွေကိုကြည့်ပြီး ဆင်တာ ယင်တာ၊ ထုံးတာ ဖွဲ့တာ၊ ခြယ်တာ သတာတွေဟာ တရုတ်၊ ဂျပန်၊ ကိုရီးယား စတိုင်တွေဖြစ်လာတယ်။ မြို့နေလူတင်ဟုတ်လားဆိုတော့ မဟုတ်တော့ဘူး။ ဟိုး ဇနပုဒ်က အပျိုလူပျိုတွေတောင် မိုးကြိုးပစ်ခံထားတဲ့ ဆံပင်ပုံတွေ၊ နိုင်ငံခြား သွေးစုပ်ဖုတ်ကောင် ဇာတ်ကားတွေထဲက မျက်နှား ဖွေးဖွေး မျက်ကွင်းညိုညိုတွေ ဖြစ်လာတယ်။ လူကြီးသူမတွေနဲ့ မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးသူတွေ အတွက် တကယ် မျက်စိ ကလောစရာပဲ။ တူသလားဆိုတော့ ဘယ်ဟုတ်မလဲ နွားချီးလူးဟာ နွားချီးလူးပဲ။ အတု ယူလွယ်တဲ့ သဘောကို ပြောတာပါ။
ပြည်သူလူထုက ဒီလိုအတုယူတတ်ကြတယ်ဆိုတာ ဒီရုပ်ရှင်လောကသားတွေ မသိမဟုတ် သိကြမှာပဲ။ သိတယ်ဆိုရင်လည်း ကိုယ့် ယဉ်ကျေးမှုတွေ ထွန်းကားလာအောင်၊ ပြည်သူတွေ အတုယူစရာဖြစ်အောင် ဝတ်ကြ၊ စားကြ၊ ဆင်ကြ ယင်ကြ၊ ထုံးကြ၊ ဖွဲ့ကြ၊ ခြယ်ကြ သကြဖို့ လိုပါတယ်။ ဒါပေမယ့် မထင်နဲ့ဗျို့။ HIV/ AIDS ထက်ဆိုး သေးတယ်။ အဲဒီရောဂါက ကိုယ်တိုင်လုပ်မှ ခံကြရ တာများတယ်။ အခုဟာက ရုပ်ရှင်လောကသား လက်တဆုပ်စာကလေးက မဆင်မခြင် ဟုတ်လှပြီအထင်နဲ့ လုပ်လိုက်ပြီ ဆိုတာနဲ့ မြို့နေပြည်သူ စလိုက်တာ တောခြေပြည်သူအဆုံး တတိုင်းလုံး တပြည်လုံး ပျက်တော့ တာပဲ။ အတိုအပြတ်၊ အဖော်အချွတ်၊ အခွဲ အကွဲတွေ မိဘက သားသမီးကိုတောင် မကြည့်ရဲအောင်ပဲ။ အစ်ကိုက ညီမကိုတောင် မကြည့်ရဲအောင်ပါပဲ။ တပျက်ပျက်နဲ့ သွေး ထွက်ခဲ့တာ အခုဆိုရင် မြန်မာ့ယဉ်ကျေးမှုက တကယ့်လူနာကြီးအဖြစ် ချွတ်ခြုံကျလာခဲ့ပြီ။ ပြီးခဲ့တဲ့နှစ်က သင်္ကြန်ကိုပဲ ပြေးကြည့် လိုက်ပါတော့။
ဒါဟာ ခေတ်ကို အကြောင်းပြပြီး ကိုယ်ကျိုးရှာတာပဲ။ ဆင်ကြံကြံတာပဲလို့ ယူဆတယ်။ မဟုတ်ရင်လည်း တလွဲ ဆံပင်ကောင်းတာပဲ။ ပြောင်းလဲတာနဲ့ တိုးတက်တာကို မကွဲပြားသေးတဲ့ သဘောပဲ။ ပြောင်းလဲတယ်ဆိုတာက နေရင်း ထိုင်ရင်း စားရင်းသောက်ရင်း လုပ် ရင်းကိုင်ရင်း ဘာသိဘာသာ ရေစီးကြောင်းလိုက်ပြီး ပြောင်းလွဲသွား တာ တိုးတက်တယ်ဆိုတာက ကိုယ့်ယဉ်ကျေးမှုကို ဘယ် လောက် အဆင့်အတန်းမြင့်အောင် လုပ်နိုင်ခဲ့သလဲ၊ ကိုယ့်ယဉ်ကျေးမှု မပျက်မစီးရအောင် ဘယ်လောက် ထိန်းထားနိုင်ခဲ့လဲ။ ကိုယ့် ယဉ်ကျေးမှုကို ကမ္ဘာက ဘယ် လောက် စိတ်ဝင်စားသလဲ။ မပြည့်ဝသေးတဲ့ ကိုယ့်ယဉ်ကျေးမှု ဘယ်လောက် ဖြည့်တင်းနိုင်ခဲ့သလဲ ပျက်နေတဲ့ ကိုယ့်ယဉ်ကျေးမှုကို ဘယ်လောက် ဖာထေးနိုင်ခဲ့သလဲ။ လုပ်ဆောင်ချက်ကိုကြည့်ကိုပဲ ကြည့်ရပါတယ်။
ဒီတော့ ဒီအညှီဇာတ်ကားရိုက်မယ့် ဒါရိုက်တာ ဝိုင်းရော ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကို မြန်မာ့လူမှုအသိုင်းအဝိုင်း ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမလား။ ထိမ်းသိမ်းမလား။ ဒီလိုအခန်းပါမှာ ဒီဇာတ်ကားက ကောင်းမယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်မယ့်သူတွေကလည်း ဘာတွေလည်း ဆိုတာ ရှင်းပါတယ်။ ရှင်းရှင်းပြောရရင်ဗျာ ဒီအခန်း ကို ဖျက်လို့ လုံးဝမဖြစ်ဘူးဆိုတဲ့ ဝိုင်းကိုလည်း လုံးဝကန့်ကွက် ပါတယ်။ ဒီလိုအခန်းမျိုးကို ခွင့်ပြုမယ်ဆိုရင် မြန်မာ့ရုပ်ရှင်အစည်းအရုံးကို ဥက္ကဋ္ဌဇင်ဝိုင်းကိုရော ကန့်ကွက်ပါတယ်။ သက်မွန်မြင့်ရဲ့ ငြင်းပယ်လိုက်တဲ့ ဆုံး ဖြတ်ချက်ကို အထူးလေးစားကြောင်း၊ ဂုဏ်ယူပါကြောင်း ပြောချင်ပါတယ်။ ဒီလိုငြင်းပယ်လို့ ပရိတ်သတ် မလျှော့ ကျပဲ ပိုပြီးအားပေးလာမှာကိုလည်း သတင်းပေးချင်ပါတယ်။ ပရိတ်သတ်က လူယဉ်ကျေးတွေပါ။
No comments:
Post a Comment