ဓား ဓားချင်းချင်း၊ တုတ် တုတ်ချင်း ရှင်းမတဲ့၊ စိန်လိုက်။ ပစ်ရင်တည့်တည့်ပစ်တယ်လို့ ထည့်ပြောပါဦးလား



မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဂျာနယ်များ၏ရေးသားမှုကို နိုင်ငံရေးအရ သွေးရိုးသားရိုးမဟုတ်ကြောင်း  ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းက မဇ္ဈိမသတင်းဌာန သို့ ဖြေကြားခဲ့သည်။ 

ထို့အပြင် ဌာနသို့ လာရောက် လေ့လာသင့်ကြောင်း၊ ဓားဓားချင်း၊ တုတ်တုတ်ချင်း ဖြေရှင်းသင့်ကြောင်း လည်း ၎င်းက ထည့်သွင်းပြောကြား ထားသည်။ ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော မဇ္ဈိမ သတင်းဌာနက ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းအား မေးမြန်းသည့် အင်တာဗျူးတွင် ယခုကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်မှုများအပေါ် "များနေတယ်ဆိုတာ များချင်ယောင်ဆောင်နေတာ။ အင်တာနက် ဆိုတာ ကျွန်တော်တို့ရုံး တရုံးလုံးတောင်မှ ကြည့်နိုင်တဲ့လူ ၄၊ ၅၊ ၁၀ ယောက်လောက်ပဲ ရှိတယ်။ ဒါတောင်မှ အလကားပေးထားတာ။ ရပ်ကွက်ထဲမှာ ပိုက်ဆံနဲ့ကြည့်ဖို့ဆိုတာက ပိုခက်တာပေါ့ဗျာ။ ဒီလိုအကျိုးမရှိတဲ့ဟာလေး တမျက်နှာ နှစ်မျက်နှာကို အုတ်အော်သောင်းနင်း ဖတ်နေတော့ ဒါတွေကို များတယ်လို့ ပြောဖို့မဖြစ်နိုင်ဘူးဗျ" ဟု ၎င်းက ဖြေ ကြားထားသည်။ ပြည်တွင်းဂျာနယ် များရေးသားမှုနှင့် ပတ်သက်၍ "နိုင်ငံရေးအရပါမယ်လို့ ကျွန်တော်ယူဆတယ် ။ သွေးရိုးသားရိုးမဟုတ်ဘူး။ ကောင်းကျိုးလို တယ်ဆိုရင်တော့ လက်ခံရမှာပဲ။ ဒါပေမယ့်လည်း သူတို့ဟာက လူသာမန် နားမလည်တဲ့ ဟာတွေဗျ။ ကျွန်တော်တို့တောင် နားမလည်တဲ့ဟာတွေကို အရပ်သားတွေ နားလည်အောင် ရေးဖို့ဆိုတာ တအားခက် တယ်လေဗျာ။ ဘာနဲ့တူသလဲဆိုတော့ ဆင်ကြီးကိုစမ်းတဲ့ ပုဏ္ဍား ၆ ယောက်နဲ့ သွားတူမှာပေါ့ဗျာ"ဟု ထည့်သွင်းပြောကြားထားသည်။

ထို့အပြင် အကျိုးအမြတ်နှင့်ပတ်သက်၍ ၎င်းက "အကျိုးအမြတ်ဆိုတာက နိုင်ငံရေးအကျိုးအမြတ်လည်း ရှိချင်ရှိမယ်။ ဂုဏ်သိက္ခာအကျိုးအမြတ်လည်း ရှိချင်ရှိမယ်။ တချို့ဟာတွေ ကျတော့လည်း အချုပ်အခြာရှိချင် ရှိ မှာပေါ့။ တချို့ဟာတွေကျလည်း ငွေရေးကြေးရေးအကျိုးအမြတ်ရှိ ချင်ရှိမှာပေါ့။ ပစ္စည်း၊ ပစ္စယျအကျိုး အမြတ်ဆိုတာလည်း ရှိချင်ရှိမှာပေါ့။ အကျိုးအမြတ်ဆိုတာ တစ်ခုခုတော့ရှိရင် သင့်တော်တယ်လို့ ကျွန်တော် ထင်တာပဲလေ။ ဆုတ်ယုတ်တာရှိရင်လည်း အကျိုးအမြတ်နဲ့ ဘယ်ဟာက ပိုများလည်း အဲလိုပဲယှဉ်ရ မယ်လေ။ ဒါတွေကတော့ ပညာရှင်ပိုင်းနဲ့ ဆိုင်သွားပါပြီ။ သာမန်အရပ်သူ၊ အရပ်သားနဲ့ မဆိုင်ပါဘူး" ဟု ပြောပါသည်။ ဆက်လက်၍ "ကျွန်တော်တို့ ဌာနလို တကယ်လုပ်တဲ့ ဌာနတွေမှာ လာရောက်ပြီး လေ့လာသင့်တာပေါ့။ ဆွေးနွေးသင့်တာပေါ့။ ပညာရှင်ကို ပညာရှင်ချင်းပေါ့။ ဓားကို ဓားချင်း၊ တုတ်ကို တုတ်ချင်းပေါ့" ဟု ၎င်းက ထည့်သွင်း ပြောကြား ထားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့က အမှတ်(၁) လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံစီမံကိန်းကို နောက်ဆုတ်မည် မဟုတ်ကြောင်း ပြောကြားပြီးနောက် ယခု တစ်ခါရေ အားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းက မြစ်ဆုံနှင့်ပတ်သက်၍ ဖြေကြားထားခြင်းဖြစ်သည်။ စက်တင်ဘာလ ၁၇ ရက် (ယနေ့)မွန်းလွဲ ၁ နာရီတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်မည် ဖြစ်သည်။

မဇ္ဈိမသတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော အင်တာဗျူးကို အောက်တွင် ဖော်ပြ ထားသည့် အင်တာဗျူးခေါင်းစဉ်ကို နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။

Eleven Media Group

No comments: