မန္တလေးမြို့ ၆၂ လမ်း၊ မနော်ရမံ ဥယျာဉ်ရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနှင့် ပန်းစီးများဖြင့် တကိုယ်တော် ဝတ်ပြုနေသူ။ |
သူ့ကို ထရန်လာခေါ်သော သူ့အစ်မနှင့် ပြောတဲ့ စကားများကို တင်ပြလိုက်ပါသည်။
ဝတ်ပြုဆုတောင်းသူ- ဗိုလ်ချုပ်ဆိုတာ ကလေးတွေ သိတောင်မသိကြတော့ဘူး။ မိဘတွေက ဗိုလ်ချုပ် အကြောင်း မပြောပြကြဘူး။ မိဘတွေကိုက အဲလို စိတ်ဓါတ်တွေ မရှိလို့ သားသမီးတွေ မသိတာ။ ကျွန်တော့် သားသမီးတွေ အဲလို အဖြစ်မခံနိုင်ဘူး။ နားလည်ရမယ်။ ပြောချင် တာပြော။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်ကို လေးစားရမယ်။
အစ်မ- နင့်ကို မလေးစားရဘူး မပြောဘူး၊ ကိုယ့်အိမ်ကနေ ကိုယ်လေးစားလို့ရတယ်။
ဝတ်ပြုဆုတောင်းသူ- ကျွန်တော့်ရဲ့ ရည်ရွယ်ချက် အမှန်အတိုင်း ပြောရရင် လူတွေမေ့နေလို့။
အစ်မ- ဘယ်သူမှ မမေ့ဘူး။
ဝတ်ပြုဆုတောင်းသူ- အခုလူတွေ မမေ့ကြဘူးဆိုရင် ကိုယ့်အိမ်ကိုယ်ပြန်ပြီး အလံ တဝက်ထောင်လို့ ရတယ်။ ဂုဏ်ပြုလို့ရတယ်။
အစ်မ- သွားမယ်၊ လာ။
ဝတ်ပြုဆုတောင်းသူ- ဒီလို လက်ဆင့်ကမ်းတာ ညံ့ဖျင်းလာလို့ တဖြေးဖြေးနဲ့ တမြို့လုံး သူများ ကျွန်ဘဝ ရောက်နေတာ။
အစ်မ- သွားမယ်၊ လာ။ ၄ နာရီ မပြည့်သေးဘူးလား။
ဝတ်ပြုဆုတောင်းသူ- ညနေ ၄ နာရီမှ ထမယ်။ ဒီ့ပြင်နိုင်ငံက လာတိုက်တာလို့ သူများလက်အောက် ကျတာ မဟုတ်ပဲ၊ ခုတော့ တရုတ်က အကုန်သိမ်းသွားပြီ။ စသဖြင့် အပြန်အလှန်ပြောဆိုတာ ကြားခဲ့ရပါတယ်။ သူအစ်မနှင့်အတူ ဦးလေး ဘုန်းကြီး တပါးလည်း လိုက်လာပါတယ်။
နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ပြန်လည် အမှတ်ရစေရန် ဗိုလ်ချုပ်အောင်းဆန်း၏ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ စကားက---
“ပဲပြုတ်နဲ့ နံပြားစားချင်တဲ့ ဖေဖေ့ကို ပြည်သူတွေက မြတ်နိုးသလို ကျွန်မလည်း မြတ်နိုးပါတယ်။ အဖေ တစ်ယောက် အနေနဲ့ ချစ်တာတင်မကပါဘူး၊ ရိုးသားတဲ့ ခေါင်းဆောင် တယောက် အနေနဲ့ အင်မတန်မှ လေးစားပါတယ်။ ကျွန်မကတော့ နံပြားထက် ပိုပြီးတော့ ကောက်ညှင်းပေါင်း ကြိုက်ပါတယ်။ တခြား နိုင်ငံပေါင်းစုံက အစားအစာတွေကိုလည်း ကြိုက်ပါတယ် ငယ်ငယ်တည်းက မေမေ့ အလေ့အကျင့် တွေကြောင့်လား မသိဘူးလေ၊ ကိုယ်ရဲ့ ကိုယ်နဲ့ မတည့်တာက လွဲပြီး အစားမရွေးပါဘူး” တဲ့။
အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အနယ်နယ် အရပ်ရပ်က ကြားသိရတဲ့ သတင်းတွေက---
ကော့သောင်းမြို့နဲ့ အချို့မြို့တွေမှာ အာဏာပိုင်တွေရဲ့ နှောင့်ယှက်ခြင်း ခံရတယ်လို့ ဆိုပါတယ်။ ကော့သောင်းမြို့မှာ NLD အဖွဲ့ဝင် ၁၀၀ ကျော်လောက်က ဗိုလ်ချုပ်ကြေးရုပ်ကို လွမ်းသူပန်းခွေချပြီး၊ အာဇာနည် ၉ ဦးပုံကို ဂါရ၀ပြုရာ မကြာခင်မှာပဲ စည်ပင်အရာရှိတွေ ရောက်လာပြီး အာဇာနည် ကိုးဦးရဲ့ ပုံနဲ့ ပန်းခွေတွေကို ဖျက်ဆီးပြီး အမှိုက်ကားထဲ ထည့်လိုက်လို့ လူငယ်တွေက ဒေါသထွက်ပီး လိုက်လံ ရန်ပြုတဲ့အတွက် ထွက်ပြေးကုန်ပြီး အိမ်တအိမ်ထဲ ၀င်ရောက်သွားရာ ရဲကလာရောက် ခေါ်ထုတ်သွားတယ်လို့ ဆိုပါတယ်။
တောင်ကုတ်မှာလည်း ဓါတ်ပုံရိုက်လို့ ပြဿနာတက်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ ရန်ကုန် NLD ရုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ့ဝင် ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး ပြည်သူလူထု ၂၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ပနိုင်ငံအသီးသီးမှာလည်း ကွယ်လွန်သူ အာဇာနည်ခေါင်းဆောင်ကြီးတို့ကို ရည်စူးပြီး သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းလုပ်ကြွေးပြုစုခြင်း၊ ဂါဝရပြုခြင်း၊ လွမ်းသူ့ပန်းခွေ ချခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
No comments:
Post a Comment