အာဇာနည်နေ့ ရန်ကုန်မြို့ မနက်ခင်းလေး ကြည်ကြည်သာသာ ရှိပါစေလို့ ကျွန်တော့် ဆုတောင်း အမှန် ပြည့်ဝခဲ့ပါတယ်။ မိုးမရွာ နေမပူ နိုင်ငံရေးသမားများ အကြိုက် ရာသီဥတုလေးမှာ ရပ်ကွက်ထဲက သူငယ်ချင်း နှစ်ယောက်နဲ့ အတူ နံနက် ၁၀: ၃၀နာရီခန့်၊ လင့်ခ်လမ်းမှတ်တိုင်ကို ဘတ်စ်ကားစီးပြီး ရောက်ခဲ့ပါတယ်။ ကားပေါ်မှာထဲက ဂျင်းဘောင်းဘီရှည်ဝတ် လူငယ်လေး နှစ်ယောက်နဲ့ စကား ပြောဖြစ်ပြီး သူတို့လည်း ဗိုလ်ချုပ်ကို အလေးသွားပြုမယ်ပြောလို့ ကျွန်တော် သူတို့နှစ်ယောက်ကို စိတ်ထဲက ချီးကျူးလိုက်မိတယ်။ “တို လူငယ် တို့ဗိုလ်ချုပ်” မဟုတ်ပါလား။
အာဇာနည်ကုန်းဘက်ကို ကျွန်တော်တို့ ဦးတည်လိုက်တဲ့အခါ လုံခြုံရေး မြောက်မြားစွာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ အရပ်ဝတ်စုံထောက် ထောင်ဂဏန်းမျှဟာ ဗိုလ်ချုပ်ကို လာရောက် ဂါရ၀ပြုမယ့် ပြည်သူတွေကို တရံမလပ် ညွှန်ကြားနေပြီး ဝေါ်ကီတော်ကီ၊ မိုဘိုင်းဖုန်း၊ ကင်မရာ အကြီးအသေးမျိုးစုံ၊ စာအုပ်ဘောပင်တွေ အသီသီးနဲ့ စောင့်ကြပ်နေပါတယ်။
ပထမအဆင့်မှာ ပါလာတဲ့ ဖုန်း၊ ကင်မရာ၊ အိတ်တွေကို မှတ်တမ်းသွင်းပြီး ထားရစ်ခဲ့ရပါတယ်။ ကျွန်တော်တို့မှာ အဲဒါတွေ ဘာမှ ပါမလာလို့ နောက်တစ်ဆင့်အနေနဲ့ ကန်လန့်ကာ အပြာကြီး ချထားတဲ့ အလုံပိတ် တဲရုံလေးထဲ ၀င်ရောက်ပြီး ခန္ဓာကိုယ်ကို စိမ်ပြေနပြေ စစ်ပါတယ်။ ကျွန်တော့်ရဲ့  စီးကရက်ဘူးနဲ့ ထီးရှည်ကြီးကို ယူဆောင်သွားခွင့် ပြုတဲ့အခါ အာဇာနည်ကုန်းဝင်းထဲကို သူတို့ သတ်မှတ်ထားတဲ့ ဂိတ်ဝကနေ ၀င်ရောက်ခဲ့ပါတယ်။ ဟိုကြည့်ဒီကြည့်လုပ်၊ နည်းနည်း မတ်တပ်ရပ်လိုက်ရင် ရှေ့ကို မြန်မြန်ဆက်သွားဖို့  လုံခြုံရေး ပုဂ္ဂိုလ်များက အမိန့်ပေးနေပါတယ်။
ဝင်လာတဲ့လူ မှန်သမျှကို ဗီဒီယိုရိုက်၊ ဓာတ်ပုံရိုက်၊ စာနဲ့ရေးလို့ ၀ိုင်းပြီး ပြူးတူးပြဲတဲ မှတ်တမ်း တင်နေကြတာကို တွေ့ရပါတယ်။ အာဇာနည်ကုန်းပေါ် အတက်မှာ နောက်ထပ် အပြာရောင် မိုးလုံလေလုံ ရုံလေးတစ်ခုထဲ ၀င်ခိုင်းပါတယ်။ စက်ကလေးအောက်ကို ၀င်တော့ တတီတီ အသံလည်း ကြားရပါသေးတယ်။
အတံအပြားကြီး တစ်ခုနဲ့လည်း ကိုယ်ကို အထက်အောက်ဆွဲပြီး အရှာခံရပါတယ်။ ခန္ဓာကိုယ်ကို လက်နဲ့လည်း ကိုင်တွယ်ရှာဖွေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် သိပ်တွေ့ချင်တဲ့ အာဇာနည် ဗိမ္မာန်ကြီးကို တွေ့မြင်ခွင့် ရခဲ့ပါတယ်။
ဖြိုးတိုးဖြောက်တောက်လောက်ဘဲ လူတွေလာရောက် အလေးပြုဦးညွှတ်တာ တွေ့ရပြီး လုံခြုံရေးက အဆမတန် များပြားနေတာကို သတိထားမိခဲ့ပါတယ်။ အယောက် ၃၀ လောက် တစ်စု စုပြီး လော်စပီကာကနေ “ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု” ဆိုပြီး တိုင်ပင်ခေါ်ပေးပါတယ်။ တစ်မိနစ်တောင် မပြည့်လိုက်ဘူး၊ “အလေးမြဲ” လုပ်ခိုင်းပါတယ်။ ပြီးတော့ နောက်လူများ ဂါရ၀ပြုနိုင်ဖို့ ဆိုပြီး ထွက်ခွာပေးပါရန် ထပ်လုပ်ပြန်ပါတယ်။ ကျွန်တော်ကတော့ လာချထားတဲ့ ပန်းခွေတွေကို လျှောက်ကြည့်ပါသေးတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ မိသားစုရဲ့ လွမ်းသူ့ပန်းခွေတွေနဲ့ အတူ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၄ ပါတီရဲ့ ပန်းခွေတချို့ကို တွေ့ရပါတယ်။
ဗိုလ်ချုပ်မိသားစုကိုယ်စား သား ဦးအောင်ဆန်းဦးရဲ့ ပန်းခွေကို တွေ့ ရပါတယ်။ ပန်းခွေတိုင်းမှာ ကိုယ်စားပြုသူတွေရဲ့  နာမည်၊ အဖွဲ့ အစည်းကို တွေ့ရပြီး ပန်းခြင်း ၂ ခြင်းမှာတော့ ရေးထားတာ မတွေ့ရပါဘူး။ သူတို့ညွှန်ကြားထားတဲ့ လမ်းအတိုင်း ကျွန်တော်တို့ ပြန်ထွက်ခဲ့ပါတယ်။
ရွှေတိဂုံဘုရား ဆောင်းတန်းကနေ ဆင်းပြီး အုတ်လမ်းမှတ်တိုင်ဘက် လမ်းလျှောက် လာခဲ့ကြပြီး NLD ရုံးချုပ်ဘက် ထွက်ခဲ့ကြပါတယ်။ ရေဒီယိုတွေထဲကနေ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ အဖွဲ့ချုပ်လူငယ်တွေနဲ့အတူ အာဇာနည်ကုန်းကို သွားရောက်ဂါရ၀ပြုမယ်လို့ ကြိုသိ ထားတဲ့ အတွက် ကျွန်တော်တို့ ၃ ယောက် စိတ်တူကိုယ်တူနဲ့ ရုံးချုပ်ရှေ့ကို ရောက်လာခဲ့ကြပါတယ်။ ရုံးချုပ်ရှေ့မှာရော၊ ဒီဘက် ကားလမ်း ပလက်ဖောင်းပေါ်မှာပါ လူတွေ တအုပ်တမကြီးကို ဘွားကနဲ မြင်လိုက်ရတော့ ကြက်သီးတောင် ထမိပါတယ်။
အဖွဲ့ချုပ်မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပနေတာကို စိတ်ဝင်တစား လာရောက် နားထောင်နေကြတာ ဖြစ်ပြီး ကျွန်တော့်အထင် အဖွဲ့ချုပ်ဝင် မဟုတ်တဲ့ ရိုးရိုးပြည်သူတွေရဲ့ အင်အားလည်း မသေးလှဘူးလို့ ယူဆမိပါတယ်။ ဦးတင်ဦးရဲ့ နိဂုံးချုပ်စကားကို ကြားလိုက်ရပြီး ကား ၃ စီးနဲ့  သတ်မှတ်စာရင်းပေးထားတဲ့ လူတွေ အာဇာနည်ကုန်းကို သွားကြမယ့် အစီအစဉ် ဖြစ်ပါတယ်။ ပန်းခရမ်းပြာ ကိုရဲလွင်ကြီးကိုလည်း ဖြတ်ကနဲ တွေ့လိုက်ရပါသေးတယ်။ ဒေါ်စု ထွက်လာတော့ ရုံးချုပ်ရှေ့က လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” လို့ အော်ဟစ် ဆုတောင်းကြပါတယ်။ အဖွဲ့ ချုပ်ရဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ ကြေညာချက်နဲ့ သဘာပတိမိန့် ခွန်း စာရွက်ကို ၅၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ပါတယ်။ ကျွန်တော်အိမ်က ထည့်လာတဲ့ ရှိစုမဲ့စု ငွေ ၅၀၀ ကျပ်လည်း ကိစ္စချောသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်သွားပြီး ရုံချုပ် အစီအစဉ်နဲ့ ဆလွန်းတစ်စီး၊ မှန်လုံတောင်းအေ့ တစ်စီး၊ ပစ်ကပ် တစ်စီး အဖွဲ့ချုပ်ရှေ့က ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်စုက ရှေ့ ဆုံး ဆလွန်းကား အဖြူလေးထဲမှာ တက်ရောက်လိုက်ပါသွားတဲ့အခါ အဲဒီမှာ ရှိနေတဲ့ လူအုပ်ကြီးလည်း ကား ၃ စီး နောက်ကနေ အာဇာနည်ကုန်းဘက်ကို ၅ ယောက်တစ်တန်း တန်းပြီး စီစီရီရီ သပ်သပ်ရပ်ရပ် လိုက်ပါသွားခဲ့ကြပါတယ်။ တချို့ မိသားစုအလိုက်၊ တချို့ မိန်းကလေးတွေ တစ်အုပ်၊ တချို့ ဦးဇင်းတွေ တစ်စု၊ တချို့ အဘိုးကြီးတွေ တစ်ဖွဲ့ ကြားမှာ ကျွန်တော်တို့ ၃ ယောက်လည်း ဒုတိယမြောက် ရောယှက် လိုက်ပါခဲ့ပြန်ပါတယ်။
ကျွန်တော် ဒီတစ်ခါ သတိထားမိတာက “အင်အား” ကိစ္စဘဲ ဖြစ်ပါတယ်။ ပထမတစ်ခေါက် အာဇာနည်ကုန်းကို သွားရောက်တဲ့အခါ လုံခြုံရေးတွေရဲ့ ဆက်ဆံပုံနဲ့ ဒေါ်စုနောက်က လူအင်အား များများနဲ့ လိုက်သွားတဲ့အခါ လုံခြုံရေးတွေရဲ့ ဆက်ဆံပုံ အနည်းငယ် ကွာခြားတာကို ပက်ပင်း ကြုံလိုက်ရပါတယ်။ ဒုတိယမြောက် ရောက်တဲ့အခါ ပါသွားတဲ့ ပစ္စည်းတွေကို အပ်ထားခဲ့လို့ မရတော့ဘဲ ပြန်လှည့်ထွက်ခိုင်းပြီး ဂိတ်ဝမှာ လုံခြုံရေးဦးရေ နည်းသွားတာ တွေ့တဲ့အပြင် ကင်မရာမန်း သတင်းထောက်တွေ ပြည့်နှက်နေပြီး စစ်ဆေးတာကိုလည်း သိပ်ကြပ်ကြပ်မတ်မတ် မလုပ်တော့ပါဘူး။ အာဇာနည်ကုန်းဝင်း ပေါ်မှာတော့ ပုံမှန်အတိုင်း စစ်တယ်ဆိုပေမယ့် မြန်မြန်ဆန်ဆန်နဲ့ လွှတ်ပေးတာ တွေ့ရပါတယ်။
ဗိုလ်ချုပ်အုတ်ဂူရှေ့မှာ ဒေါ်စုတို့ ကား ၃ စီး ဂါရ၀ ပြုနေလို့ ဗိမာန်အတက် လှေခါးမှာ ကျွန်တော်တို့နဲ့အတူ လူတစ်ရာလောက် စောင့်နေရပါတယ်။ ဒေါ်စုတို့ ကားတွေ ထွက်သွားမှ အပေါ်ကို တက်ခွင့်ရပါတယ်။ ဒီတစ်ခါတော့ အင်အားက များလှပြီး အာဇာနည်ကြီးတွေကို အလေးပြုတဲ့ အပြင် ထိုင်ကန်တော့ခဲ့ပါသေးတယ်။ ကျွန်တော်က ချက်ချင်း ပြန်မဆင်းသေးဘဲ လွမ်းသူ့ ပန်းခွေတွေ ထပ် တိုးလာသလားလို့ သိချင်တာနဲ့  ချထားတဲ့ ပန်းခွေတွေ အစအဆုံးကို တစ်ခေါက် ပြန်စစ်လိုက်ပါတယ်။
ထူးထူးခြားခြား တွေ့လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့်ကို ကြက်သေသေ စေခဲ့ပါတယ်။ ပန်းခွေလှလှကြီး ၂ ခု အသစ် ရောက်လာတာ ထပ်တွေ့ရပြီး လွမ်းသူ့ပန်းခွေကြီးရဲ့ အလယ်မှာ ဘာစာမှ ရေးမထားဘဲ အဖြူရောင်တိပ်နဲ့ ကြက်ခြေခတ် ဖုံးအုပ်ထားတာ တွေ့လိုက်ရလို့ပါ။ ကျွန်တော် ကြည့်နေတုန်း အနားက အဒေါ်ကြီးတစ်ဦးကလည်း “ ဟဲ့.. N L D ရဲ့ ပန်းခွေလည်း မတွေ့ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းခွေလည်း မတွေ့ရဘူးနော်” လို့ သူ့မိတ်ဆွေကို လှမ်းပြောသံ ကြားလိုက်ရပါတယ်။ ထုံးစံအတိုင်း သူတို့ ထွက်ခိုင်းတဲ့ အပေါက်က ကျွန်တော်တို့ ပြန်ထွက်လာခဲ့ပြီး ဘတ်စ်ကားစီးလို့ မြေနီကုန်းဘက် ပြန်ခဲ့ပါတော့တယ်။
၆၄ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေကို နှစ်ခါ နှစ်ခေါက် အလေးပြုဖြစ်ခဲ့တာ ကျွန်တော့်အတွက် အမှတ်တရပါ။ ပိုပြီး အထူးတလှယ် အမှတ်ရနေတာက ဘာမှရေးမထားတဲ့ လွမ်းသူ့ ပန်းခွေကြီး နှစ်ခုပါဘဲ။
ကျွန်တော့်အမြင်ကို ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ လွမ်းသူ့ ပန်းခွေကို မတွေ့ရတာ အင်မတန် ထူးခြားပါတယ်။ ဒေါ်စုအနေနဲ့ သူ့ဖခင်အတွက် လွမ်းသူ့ပန်းခွေ ချချင် ပါလိမ့်မယ်။
တလောက ဆရာပါရဂူရဲ့ နာရေးမှာတောင် ဒေါ်စုရဲ့ ပန်းခြင်းကို ကျွန်တော် တွေ့ လိုက်ရပါသေးတယ်။
ဗိုလ်ချုပ်ရဲ့ နှစ်ပတ်လည်မှာ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အဖေအတွက် လွမ်းသူ့ပန်းခွေ ချ၊ ဂါရ၀ပြုချင်မှာ မြေကြီးလက်ခတ် မလွဲပါဘဲ။
နာမည်ရေးထိုး မထားတဲ့ အင်မတန် လှပတဲ့ လွမ်းသူ့ ပန်းခွေကြီး နှစ်ခုကို ဘယ်သူ ပို့ထားတာ ပါလဲ။
ပန်းခွေကြီး နှစ်ခုရဲ့ နောက်ကြောင်းကိုလည်း သိချင်ပါသေးတယ်။
ကျွန်တော့်မှာလည်း အဖြေတစ်ခု အဆင်သင့် ရှိထားပါတယ်။
အောင်မျိုးထွန်း
၁၉- ၇- ၂၀၁၁
No comments:
Post a Comment