ငယ်ငယ်တုန်းက အဖြစ်လေးတခု သွားသတိရတယ်။ ကျနော်တို့ရပ်ကွက်ထဲက ကိုဖိုးလုံး ဆိုတာ တော်တော် နာမည်ကြီးတယ်။ အကောင်း ကြီးတာတော့မဟုတ်ဘူး၊ ဆိုးတာ မိုက်ရိုင်းရမ်းကားတာ။ လူသတ်မှုဖြစ်ပြီး ထောင်ကပြန်လွတ်လာတော့ မိုက်ရိုင်းရမ်းကားတာ ပိုဆိုးလာတယ်။ သူနဲ့ တော်ရုံလူတွေက မယှဉ်ကြဘူး၊ ရှောင်ကြတယ်။ သူ အရက်ဖိုးတောင်းရင်လည်း တချို့သူတွေက ကြောက်ကြတော့ ပေးကြတယ်။ ဒါကို သူ့ကို သဘောကျ ဂုဏ်ယူနေတာ၊ လူတွေက သူ့ကို ကြောက်နေတာကို သူက ပီတိဖြစ်နေတာ။
သူ့ဘဝမှာ တခြားဂုဏ်ယူစရာဆိုတာလည်း မရှိလေတော့ လူတွေကို ကြောက်အောင်လုပ်၊ အနိုင်ကျင့် ဗိုလ်ကျပြီးမှ သူ့ဘဝကို ရပ်တည်နေရတာ။ ထောင်ဆိုတာ သူ့ဘဝအတွက် အိမ်ဦးနဲ့ ကြမ်းပြင်။ လူတယောက်ကို ရိုက်လိုက် နှက်ရိုက်ရမှာကိုလည်း နည်းနည်းလေးမှ ကိုယ်ချင်းမစာတတ်သူ …။
၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့ … သူ့ကို လူအုပ်ကြီးက … မဆလ အစိုးရ သူလျှိုဆို ဝိုင်းဖမ်းပြီး သတ်မယ်လုပ်တယ် … အဲဒီတုန်းက မြင်ကွင်းကို အခုထိ မြင်ရောင်နေတုန်းပဲ … ရိုက်နှက်ထားလိုက်တာ … တကိုယ်လုံး ရစရာမရှိဘူး။ ကျနော်တို့ ကျောင်းသားတွေသိတော့ … သူ့ကို မသတ်ဖို့ ကျနော်တို့ မေတ္တာရပ်ခံတယ်။ နောက် … ဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံရောက်တော့ … မျက်နှာဆိုတာ ဇီးရွက်လောက်လေးပဲ ရှိတယ်။ သူ့ကိုကယ်ဖို့ တစာစာတောင်းဆိုနေတာပဲ … ကျနော်တို့ ဝိုင်းဝန်းကူညီပါတယ်။ အသက်ပြင်းတယ်လို့ ပြောရမလား မသိဘူး … မသေဘူး …။
ဒီလိုနဲ့ နှစ်တွေဝေးသွားလိုက်တာ တနေ့ ရိပ်သာတခုကို ရောက်သွားရင်းနဲ့က … သူနဲ့ ပြန်ဆုံခွင့် ရလိုက်တယ် …။ အဲဒီအချိန်မှာ … သူဟာ ရဟန်းဝါ ၁၀ ဝါလောက်ရနေတဲ့ သံဃာတပါး ဖြစ်နေပြီ။ အတိတ်တခါက လူဆိုးလူမိုက် ကိုဖိုးလုံးဘဝနဲ့ ဆန့်ကျင်ဘက်မှ တကယ့်ကို မယုံနိုင်လာက်အောင် ပြောင်းလည်းသွားပြီ … … ကျနော်တို့ ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောတယ်…။
“ဦးဇင်းက … နှစ်ဘဝပြောင်းသွားပြီ ဒကာကြီး … ဟိုးတချိန်က ကိုယ့်လုပ်ရပ်တွေကို ပြန်စဉ်းစားမိတိုင်း … နောင်တရမိတယ်။ တကယ်တော့ … ဦးဇင်း ခံခဲ့ရတာဟာ ကိုယ်ပြုသမျှကံ ကိုယ် ပြန်ခံရတာပါ။ ဒါ့အတွက် ဦးဇင်း ဖြေသာပါတယ် … ဒါပေမယ့် ကံကောင်းတယ်ပဲ ပြောရမလား … ဒကာတို့ ကျောင်းသားတွေကောင်းမှုကြောင့် … ဦးဇင်း အသက်ရှင်သန်ခွင့်ရပြီး … ဘဝပြောင်းသွားတာ … ပြန်ပြောရရင်လေ … သိပ်ရှက်ဖို့ကောင်းတာပဲ။ ဦးဇင်း လူဝတ်ကြောင်ဘဝတုန်းက … ပညာဆိုတာလည်း မသင်ခဲ့ရ … ဓနဥစ္စာကလည်း မရှိ … ကိုယ့်ကို သွန်သင်ပြသပေးမယ့်သူကလည်း မရှိဆိုတော့ … ဆိုးချင်သလောက် ဆိုး၊ မိုက်ချင်သလောက် မိုက်ပဲ … ဒကာကြီးတို့ သိပါတယ် … ဦးဇင်းက အဲဒီတုန်းက အဲသလို လူတွေကို အနိုင်ကျင့်ရတာကို သိပ်ပျော်တာ … လူတယောက်ကို ထိုးလိုက် ကြိတ်လိုက်ပြီးပြီဆို သိပ်ပီတိဖြစ်တာ … အော် … တကယ်က ကိုယ်မခံရသေးလို့ ဒီလိုလုပ်နိုင်တာပါ … ဦးဇင်း စဉ်းစားမိတယ် … လူပြိန်းဆိုတာ…ဗိုလ်ကျရတာကို သိပ်ကြိုက်တာ ဒကာကြီးရ … …”
ဒီစကားလေးက ကျနော့်ရင်ကို တော်တော် လှုပ်ခတ်သွားတယ် … လူပြိန်းဆိုတာ … ဗိုလ်ကျရတာကို ကြိုက်တယ်တဲ့ … … … … ကျနော့်စိတ်ထဲမှာ စဉ်းစားစရာဖြစ်သွားတယ်။
“ဦးဇင်း ခံရတဲ့အလှည့်ကျ … မခံစားနိုင်တော့ဘူး … အရမ်းကြောက်တယ် … သေရမှာကို အရမ်းကြောက်တယ် … တုန်လူပ်တယ် … … သူများကို အနိုင်ကျင့်တယ်ဆိုတာ … ကိုယ်ခံရတာ … ကိုယ့်အသားနာတာမှ မဟုတ်တာ… လုပ်ရဲတာပေါ့ … တုတ်နဲ့လည်း ရိုက်ရဲတယ် … ဓားနဲ့လည်း … ခုတ်ရဲတယ် … ကိုယ့်အသားကို … ဝါးခြမ်းပြားလေးလောက်နဲ့ အရိုက်ခံရတာမျိုးကြတော့ တော်တော်မခံနိုင်တာပဲ ဒကာရေ … ကိုယ်ချင်းစာတရား မဲ့တယ်ဆိုတာ … ဒါပေါ့ … နောက် ဦးဇင်း စဉ်းစားကြည့်မိတယ် … လူတွေဟာ … လူလူချင်း ဗိုလ်ကျရတာကို ကြိုက်ပုံရတယ် … အရသာ ခံတွင်းတွေ့ပုံလည်း ရတယ်ဗျ … ဦးဇင်း ဆရာတော်က ဘာပြောသလဲဆိုတော့ … အစိုးမရတဲ့ လောကကြီးကို အစိုးရချင်တာ လူ့သဘာဝပါပဲတဲ့ …”
ကျနော့်ရှေ့က ထိုင်ပြောနေသူဟာ … တချိန်က လူဆိုး ကိုဖိုးလုံး ဟုတ်မှ ဟုတ်ပါလေစွလို့တောင် စဉ်းစားမိတယ် … သူ့ရဲ့ လက်တွေ့ ဘဝကပေးလိုက်တဲ့ သင်ခန်းစာတွေ၊ ဒဏ်ရာဒဏ်ချက်တွေက ပေါ်ထွက်လာတဲ့ အမှန်တရားတွေ … ဟုတ်တယ် … လူ့ရဲ့ သဘောသဘာဝဆိုတာ အားလုံးအတူတူပါပဲ … ကိုဖိုးလုံးမှ မဟုတ်ပါဘူး … … ဗိုလ်ကျရတာကို အရသာတွေ့တာ … အနိုင်ယူ အနိုင်ကျင့်ရတာကို ခံတွင်းလိုက်တာ … ဒီ မကောင်းတဲ့ သဘောသဘာဝကြီးကို အသိဉာဏ်ရှိသူများက စာနာစိတ်တွေ၊ ကိုယ်ချင်းစာတရားတွေ၊ ဉာဏ်ပညာတွေနဲ့ ဆင်ခြင်ယူကြရတာကိုး။ ဒါကို ဒီအတိုင်းလွှတ်ထားလိုက်ရင် … သူက သာယာသွားတော့တာပဲ … ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်ဟာ အတန်းပညာ အတတ်ပညာ တတ်မြောက်ထားခြင်းတွေ၊ မထားခြင်းတွေနဲ့ မသက်ဆိုင်ဘူး … ဗိုလ်ကျတယ်ဆိုတဲ့စိတ်ဟာ … မိမိရဲ့ သာလွန်ချက်နဲ့ လူတွေကို အနိုင်ကျင့်တာ … အာဏာရှိသူက အာဏာနဲ့၊ ငွေရှိသူက ငွေနဲ့၊ ပညာတတ်သူက ပညာနဲ့၊ မိုက်ရိုင်းရဲသူက မိုက်ရိုင်းရဲတဲ့အားနဲ့ လူတွေကို အနိုင်ကျင့်တာဟာ ဗိုလ်ကျတာပဲ၊ ကိုဖိုးလုံးကတော့ သူက မိုက်ရိုင်းရဲတယ် … ထောင်ထဲ တန်းထဲကို မျက်ကန်းတစ္ဆေ မကြောက် တိုးဝင်ရဲတယ် … လူအများစုက သူ့လို လိုက်မလုပ်ရဲတော့ သူက လူတွေကို အနိုင်ကျင့်တယ် … ဗိုလ်ကျတယ် … …။
နောက်တယောက်က … ကျနော် သရက်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ရှိနေစဉ် အချိန်ကပါ … နာမည်က မျိုးတင့် … သူ့ကို ငှက်ရိုး လို့ပဲ လူသိများကြတယ် … အဲဒီအချိန်က သရက်ထောင်ထဲမှာရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး သိကြတယ်။ သူက ကျနော်နေခဲ့တဲ့တိုက် အကျဉ်းဆောင်ရဲ့ရှေ့မှာ တောင်ယာလာလုပ်တဲ့သူ … ကျနော်နဲ့က တဒေသသားထဲလည်းဖြစ်ပြန် … ၈၈ အရေးတော်ပုံအမှုလည်း ဖြစ်ဆိုတော့ တော်တော်ခင်မိတယ်…။ သူ့တောင်ယာကထွက်တဲ့ သီးနှံတွေဆိုလည်း ကျနော့်ကို လာပေး … ကျနော်က လိုအပ်တဲ့စားစရာလေးတွေထည့်၊ သူက စားဖိုမှာ သွားချက် … စားကြပေါ့။ နိုင်ငံရေးထူး သတင်းထူးလေးတွေ ကြားလာရပြီဆို ကျနော့်ဆီ အမြန်လာပြောတယ် … … ဒီလိုနဲ့ နေလာရာက … … … ထောင်ပိုင်ကြီးဆီမှာ သွားသွားနှိပ်ပေးရတဲ့အလုပ် ပေါ်လာတယ် … ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်လဲမသိ… သိပ်မကြာခင်မှာပဲ ထောင်ပိုင်က သူ့ကို တထောင်လုံး တန်းစီးဆို ခန့်လိုက်တယ်လေ (တထောင်လုံးတန်းစီးဆိုတာ ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို အကျဉ်းသားအချင်းချင်း ပြန်အုပ်ချုပ်ခိုင်းတဲ့နေရာမှာ အကြီးဆုံးပေါ့)… အဲဒီအချိန်ကစလို့ … ငှက်ရိုး စတိုင်က ပြောင်းသွားတယ် (အရင်ငှက်ရိုး မဟုတ်တော့ဘူး) ကျနော်ကတော့ ကိုယ့်လူတယောက် တထောင်လုံး တန်းစီးဖြစ်သွားရင် … အကျဉ်းသားတွေအပေါ် သက်သက်ညှာညှာ ရှိလောက်ပါရဲ့ … နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးလည်း နားလည်တန်ကောင်းလောက်ပါရဲ့ဆို ထင်လိုက်တာ … ဘယ်ဟုတ်လိမ့်မလဲ။ ကိုယ့်လူက ဇာတိပြလာတော့တာ။ သူ တန်းစီးဖြစ်လို့မကြာခင် … သာမန် ရာဇဝတ်အကျဉ်းသားတွေအပေါ် အနိုင်ကျင့်တော့တာပဲ။ သူ့မျက်လုံးနဲ့ မတွေ့တဲ့သူဆို … တုတ်နဲ့ရိုက်။ လူတွေကို ရိုက်နေရတာ … သူက ကစားနေသလိုမျိုး။ သူလာရင် ကျိုးနွံတဲ့ပုံစံနဲ့ နေပေးရတဲ့ အကျဉ်းသားတွေကို ကြည့်ပီတိဖြစ်နေတာ။ ဒီလိုနဲ့ နေလာရင်းက သူက နိုင်ငံရေးအကျဉ်းသားတွေ အပေါ်တောင် ဗိုလ်ကျလာတယ်။ ကွယ်ရာမှာဆို ရာဇဝတ်အကျဉ်းသားတွေကိုပြောရင် … မင်းတို့ထက်ပိုတဲ့ … ဘယ်သူမှ ထိန်းလို့မရတဲ့ … ၅ (ည) (နိုင်ငံရေးအကျဉ်းသားကို ဆိုလိုတာ) တွေတောင် သူက ဘယ်လိုနိုင်အောင် ထိန်းတာ … ဘယ်လို ပြားဝပ်နေအောင် လုပ်ထားတာ … စသဖြင့် မဟုတ်တာတွေ ပြောပြီး စကားလုံးတွေနဲ့ ဗိုလ်ကျတယ်။ ကုန်ကုန်ပြောရရင် လမ်းလျှောက်တာတောင် အရင်လိုမဟုတ်တော့ဘူး… သူ့နောက်က တပည့်တပမ်းတွေနဲ့ မြောက်ကြွမြောက်ကြွ ဖြစ်လာတော့တာပဲ။ ကျနော့်ဆီလည်း မလာတော့ဘူး (မလာတော့ဘူးဆိုတာထက် မတွေ့ချင်လို့ ရှောင်နေတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်)၊ တစတစနဲ့ ငှက်ရိုး အခြေအနေက ပိုဆိုးလာတယ်။ တထောင်လုံးမှာရှိတဲ့ အားလုံးသော အကျဉ်းသားတွေတောင် မကဘူး … ထောင်မှူးအဆင့် အရာရှိတွေ၊ ဝန်ထမ်းတွေကပါ တော်တော်ကို မျက်မုန်းကျိုး မုန်းတီးခံရတဲ့အဆင့်ကိုရောက်နေပြီ။ ဘာလို့လဲဆိုတော့ ထောင်ပိုင်က ဘယ်ဝန်ထမ်း ဘာလုပ်သလဲ၊ သူ့ဆီကို အကုန်သတင်းပို့ရမယ်ဆိုပြီး သူ့ကို ခိုင်းထားတော့ … မှတ်စုစာအုပ်တအုပ်နဲ့ အကုန်မှတ်တမ်းတင် သတင်းပို့နေတော့တာပဲ။ သူ အမြဲ လက်သုံးပြောနေကြစကားက … “ကျုပ်က တာဝန်နဲ့ပတ်သက်လာရင် … ဘယ်သူ့မှ မညှာဘူး။ စည်းကမ်း ဖောက်ဖျက်သူမှန်သမျှ အကုန် အရေးယူမယ်” တဲ့ …။ သူ့စကားက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဘူး။ ဒီစကားသုံးရအောင် … နိုင်ငံတော်က တရားဝင် ခန့်အပ်ထားတဲ့ ဝန်ထမ်းလည်း မဟုတ် … သူ့ဘဝက … သူလိုကိုယ်လို အကျဉ်းသားဘဝ …။ တခါ ထောင်ပိုင်ကလည်း စစ်ဗိုလ် (ဗိုလ်ကြီးဘဝ) ကနေ အသွင်ပြောင်းနဲ့ ရောက်လာတာမှ မကြာသေးဆိုတော့ … ဘုန်းကြီးရူးနဲ့ ရေဒီယိုပျက် တွေ့ကြတော့တာပဲ။ အကျဉ်းထောင် လက်စွဲဥပဒေကိုကျော်ပြီး လုပ်ချင်ရာတွေ လုပ်တော့တယ်။ နှစ်ယောက်လုံးက ဗိုလ်ကျနေရတာကို အရသာတွေ့နေကြတာ။ အဆုံးမတော့ ကောင်လေးတယောက်ကို ယောက်ျားချင်း ကာမဆက်ဆံဖို့ ကြိုးစားရာက … တထောင်လုံး တန်းစီးရာထူးပြုတ် … တိုက်ပိတ် … နောက် ရဲဘက်ပို့ခံရ … ရဲဘက် ရောက်တော့ … သူ နှိပ်စက်ထားတဲ့သူတွေက … လက်စားချေ သတ်ပစ်လိုက်တယ်လို့ ကြားတယ်။
ဒီဖြစ်စဉ်ကို စဉ်းစားကြည့်တယ်။ အဲဒီကာလက သရက်အကျဉ်းထောင်မှာဆို … နိုင်ငံရေး အကျဉ်းသားတွေကလွဲလို့ … ရာဇဝတ်အကျဉ်းသားတွေဆိုတာ… သူ့ကို ကြောက်နေ လန့်နေရတာ။ ငှက်ရိုး ဘာမှမဟုတ်ဘူး … ဘာအဆင့်မှကိုမရှိတာ ကျနော် အသိဆုံး။ အဲဒီ ဘာမှအဆင့်မှ မရှိတဲ့သူကို လန့်နေရတယ်ဆိုတာ … သူ့လက်ထဲ လုပ်ပိုင်ခွင့် ရောက်သွားတာကိုး။ သူ အုပ်ချုပ်နေပါတယ်ဆိုတဲ့ ထောင်သားတွေထဲမှာ ဆရာဝန်တွေ … စစ်ဗိုလ်ပြုတ်တွေ… ပိုက်ဆံချမ်းသာသူတွေ အများကြီး။
လူပြိန်းလက်ထဲ … လုပ်ပိုင်ခွင့်ရသွားပြီဆို … ဗိုလ်ကျတတ်တာ ဓမ္မတာပါပဲ။ သူ့မှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်ချင်းမှ မရှိတာ။ သူ့ရဲ့ ဆုံးဖြတ်ချက်မှန်သမျှဟာ … သူ့အတ္တကို အခြေခံပြီး လာတာဆိုတော့ … ဘယ်မှန်နိုင်ပါတော့မလဲ …။ လူပြိန်းဆိုတာ … သူ သိတာ တခုပဲရှိတယ် … အဲဒါ … သူ့အတ္တ … တနည်းအားဖြင့် သူ့လောဘ။ ပညာနည်းမှ လူပြိန်းဖြစ်တာ မဟုတ်ဘူး။ ပညာတတ်တွေထဲမှာလည်း … လူပြိန်းတွေ အများကြီး။
ဗိုလ်ကျချင်သူဆိုတာ … ရန်လိုမှုကို လိုလားတယ် … …
တန်းတူမှုကို နှစ်သက်သူဟာ … ငြိမ်းချမ်းရေးကို လိုလားတယ် … …
လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ် … … … … … ။
ဗိုလ်ကျချင်တဲ့သူဆိုတာ … အခု အမှန်ဟာ တော်ကြာ မှားရင် မှားမယ် … အခု အမှားဟာ ခဏနေ မှန်ရင် မှန်မယ်။ သေချာတာ တခုကတော့ … သူတို့ရဲ့ အမှန်တရားဆိုတာ … သူတို့ရဲ့အတ္တပဲ …။
ယခုလက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင်များကိုပဲ ကြည့်ပါ … သူတို့ တိုင်းပြည်ကို ချုပ်ကိုင်ထားတာ တခုတည်းသော ပေါ်လစီပဲရှိပါတယ်။ ဒါကတော့ … ဗိုလ်ကျစိုးမိုးခြင်း ဆိုတဲ့ မူကလွဲလို့ တိကျခိုင်မာတဲ့ သဘောတရား လမ်းစဉ် ဥပဒေဆိုတာ မရှိပါဘူး။ (လူရိုသေ ရှင်ရိုသေ စာအုပ် စာတမ်းတွေနဲ့ ပြုစုထားပေမယ့် လက်တွေ့ကတော့ ဒီသဘောတရား လမ်းစဉ်တွေကို ပစ်ပယ်ပြီး လက်တန်း အမိန့်တွေနဲ့ ဗိုလ်ကျစိုးမိုးရေးတခုသာလျှင် ရှိပါတယ်) ဗိုလ်ကျတတ်တဲ့ အကျင့်ဆိုးဆိုတာ ဘယ်လောကမှာမှ မကောင်းဘူး …။ ကျနော်တို့တတွေဟာ ဗိုလ်ကျတတ်သူတွေ ဟုတ်မဟုတ် ကိုယ့်ကိုကိုယ် စစ်ဆေးကြည့်ရအောင်ပါ။
အားလုံးကို လေးစားစွာဖြင့် …
မောင်မောင်ဝမ်း
ဇူလိုင် ၃၊ ၂၀၁၁
No comments:
Post a Comment