အမေရိကန် အရာရှိများက ဗမာစစ်ဗိုလ်ချုပ်များ၏ ဒုံးလက်နက်
တပ်ဆင်ရေး အားထုတ်မှုများကို စိတ်ဝင်တစားနှင့် သံသယဖြစ် စောင့်ကြည့်နေကြောင်း
အတည်ပြု ပြောကြားသည်။ ယခု မြောက်ကိုရီးယားသင်္ဘော၌ ဗမာပြည်သို့ တင်ပို့ရန် အပေါ့စား
ဒုံးလက်နက်များကို တင်ဆောင်ထားသည်ဟု ယုံကြည်ရသည်။ ၎င်းဒုံးလက်နက်များသည် မိုင် ၃၅၀
အကွာအဝေးရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်ပြီး အိန္ဒိယ၊ တရုတ်၊ ထိုင်းလန်းနှင့်
လာအိုနိုင်ငံများရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ၎င်း မသင်္ကာဘွယ်
မြောက်ကိုရီးယားသင်္ဘောကို တွေ့ရှိခဲ့သည့် အမေရိကန် ရေတပ်က နိုင်ငံတကာ
ပိတ်ဆို့မှုများကို ထိုးဖောက်၍ ဤသို့ ကန့်သတ်လက်နက်များကို တရားမဝင် သဘောင်္တင်
ပို့ဆောင်မှုများကို ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆကာ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစင်း ဖြစ်သည့်
မက်ကမ်ဘယ်လ်ကို ကြားဖြတ် ဟန့်တားရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရေတပ် အရာရှိတဦးက
ပြောဆိုခဲ့သည်။
အမေရိကန် အရာရှိတဦးက ပြောကြားရတွင် ဒီဖြစ်ရပ်ဟာ
အချိုးအကွေ့ အလိမ်အကောက်တွေနဲ့ အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်၊ သင်္ဘောက
မြောက်ကိုရီးယားပိုင် ဖြစ်ပေမယ့် တရားဝင် မှတ်ပုံတင် အလံလွှင့်ထူရာမှာတော့
လက်တင်အမေရိက နိုင်ငံငယ်တခုဖြစ်သည့် ဘီလိဇ်နိုင်ငံ (Belize ) အလံကို လွင့်ထူထားတာ တွေ့ရတယ်၊
ဒါ့ကြောင့် သင်္ဘောကို စစ်ဆေးခွင့် ပြုဘို့ ဘီလိဇ်နိုင်ငံ အာဏာပိုင်တွေကို
ခွင့်တောင်းခဲ့ရတယ်။
အဆိုပါ မသင်္ကာဘွယ် သင်္ဘောကို စုံစမ်းတွေ့ရှိရာမှ
ကြားဖြတ်ဟန့်တားရန် ကြိုးစားခဲ့သည့် ဖျက်သင်္ဘော မက်ကမ်ဘယ်လ်သည် လွန်ခဲ့သည့် မေလ ၂၆
ရက်တွင် တရုတ်ပြည် ရှန်ဟိုင်းမြို့နှင့် တောင်ဘက်စွန်းကျသည့် ပင်လယ်ရေပြင် တနေရာ၌
ထိတွေ့ဟန့်တား နိုင်ခဲ့သည်။ အမေရိကန် အဖျက်သင်္ဘောမှ ဘီလိဇ်နိုင်ငံ အာဏာပိုင်များ၏
ခွင့်ပြုချက်ဖြင့် အဆိုပါ သင်္ဘောအား ရှာဖွေရန်
လေးကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း သင်္ဘောပါ မြောက်ကိုးရီးယားတို့က
ငြင်းဆန်ခဲ့ကြသည်။ ရက် အနည်းငယ်ကြာသည်အထိ လိပ်ခဲတည်းလဲ ဖြစ်နေပြီးနောက် အဆိုပါ
သင်္ဘောသည် နောက်ကြောင်းပြန်လှည့်ကာ မြောက်ကိုးရီးယားသို့ ဦးတည် ခုတ်မောင်းသွားခဲ့ကြောင်း
အမေရိကန် ထေက်လှန်းရေး ဂြိုလ်တု၏ ထောက်လှန်းချက် အရ သိရသည်။
သတင်းကိုးကား။ PBI
No comments:
Post a Comment