အင်တာနက် အိတ်ဖွင့်ပေးစာ

သို့                                                                                                                        
ဥက္ကဋ္ဌ
ပြည်ခိုင်ဖြိုးပါတီ

အကြောင်းအရာ။        ။ မြောက်ဥက္ကလာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးအား စုံစမ်း စစ်ဆေး အရေးယူပေးပါ။ 

မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ဖောင်တော်ဦးဘုရား လမ်းမကြီး ပေါ်တွင် တည်ရှိနေသော ဓမ္မလင်္ကာရ ဘုန်းတော်ကြီးကျောင်းဝင်း ရှိနေပါသည်။ ထိုကျောင်းဝင်း အတွင်း၌ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအား လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စ၍ ကိုယ်ထူ ကိုယ်ထ ကြိုးစားရပ်တည်၍ ဒေသခံ ကလေးသူငယ်များ၏ အခြေခံပညာရေးအား မြင့်မား နိင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ဦးစီးကာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ရာ ဒေသခံ ကလေးသူငယ်များ ပိုမိုအဆင်ပြေစွာ စာသင်ကြား လာနိင်ခဲ့ပါသည်။ သို့သော် ယခုနှစ် စာသင်နှစ်တွင်မူ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၏ ပဒေသာပင် အလှူငွေ ၁၂ သိန်းကျော် အား ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးမှ ထုတ်ယူသုံးစွဲသွားသဖြင့် အခက်အခဲများ ကြုံတွေ့နေရပါသည်။

ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးဆိုသူမှာ ချဲနှစ်လုံးထီဖြင့် တရားမ၀င် စီးပွားရှာခဲ့ ရာမှ   ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒမဲကာလ သြဂုတ်လ (၂၉) ရက်နေ့ မဲရုံဝင်းအတွင်း ၌ မဲရေတွက်မှု့လေ့လာရန်ရောက်ရှိလာသော NLD လူငယ် အဖွဲ့ဝင်ဟောင်း ကိုအေးသောင်း ဆိုသူအား လက်စွမ်းပြ ထိုးကျိတ်ခဲ့သဖြင့် အမှုရင်ဆိုင်ဖြေရှင်းခဲ့ရခြင်း၊ နိင်ငံရေး အင်အားစု များအား အကြမ်းဖတ် ဖြေရှင်းရန် ကြိုးစားလေ့ရှိခြင်း၊ ညစဉ် ဖောင်တော်ဦးဘုရား လမ်းမကြီး ပေါ်ရှိ တံတားပေါ်တွင် အရက်ဝိုင်းဖွဲ့၍ လူမိုက် လက်သက် မွေးကာ ပါတ်ဝန်းကျင်အား အစဉ် ထိတ်လန့် နေစေပါသည်။ ယခု ၂၀၁၁ ခုနှစ်တွင်မူ ဓမ္မလင်္ကာရဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ပဒေသာပင်အလှူငွေများအား ငါ့အဖေ ဦးဌေးဦးဟာ ငါသုံးတယ်ဆို၍ ထုတ်ယူ သုံးစွဲသွားကြောင်း ၂၀၁၁ခုနှစ်၊ ဧပရယ်လ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းမှတ်တိုင် မဟာနွယ်လ္ဘက်ရည်ဆိုင်တွင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ တာဝန်ခံဆရာတော် ဦးဝရသာမိမှ ဒကာများအားပြောနေသည်ကို ကြားသိ ခဲ့ရပါသည်။ ဦးဝရသာမိမှာ သက်ဆိုင်ရာသို့လဲ မတိုင်ရဲ၊ (ကိုစန်းထွေးဆိုသူမှာ မြို့နယ်အာဏာပိုင်များ၏ အထူးအရေးပေးခြင်း ခံရသူဖြစ်ပါသည်။) ယခုနှစ် စာသင်နှစ် တွင်ကျောင်းလေး၏ ဖြစ်လာနိင်မည့် အခက်အခဲများအတွက်လဲ သောကကြီးစွာ ရောက်နေရ သည်ကို ကြားသိရသဖြင့် အထူးပင် စိတ်မကောင်း ဖြစ်မိကာ ဒေသခံကလေးသူငယ်များ၏ ပညာရေးတွင် ထိခိုက် နှောင့်နှေး သွားမည်ကို မဖြစ်စေလိုခြင်း၊ မူလစတင်ခဲ့သော ပြည်ခိုင်ဖြိုး၏ မွန်မြတ်သော ကျောင်းအလှူအား ယုတ်ညံ့သော စည်းရုံးရေးမှူးနှင့် အပေါင်းအပါ များကြောင့် တာဝန်ရှိ လူကြီးမင်းများနှင့် ပြည်ခိုင်ဖြိုးဝင်များအား ပြည်သူလူထုမှ ယုံကြည်မှု မပျက်စေရန် အမြန်ဆုံးဆောင်ရွက် ဖြေရှင်းပေးစေလိုပါသည်။

တရားဥပဒေ အထက်တွင် မည်သူမှမရှိနေရဟု ဆိုသော်လည်း မြောက်ဥက္ကလာပ မြို့နယ်၊ ကျောက်ရေတွင်း ရပ်ကွက် ဖောင်တော်ဦးဘုရားလမ်းမနှင့် အနီးတစ်ဝိုက် နေထိုင်သူ များမှာဖြင့် တရားဥပဒေထက် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုစန်းထွေးကိုသာ ကြောက်လန့်ရွံ့ရှာ နေရပါသဖြင့် တာဝန်ရှိလူကြီးမင်းများမှ အမြန်ဆုံးအဖြစ်မှန်ကို ဖြေရှင်းပေးရန်နှင့် စည်းရုံးရေး မှူး၏ ရမ်းကားစွာပြုမူ ပြောဆို လုပ်ကိုင်နေမှုများအား စစ်ဆေးဆောင်ရွက်ပေးပါရန် လေးစား စွာ တင်ပြအပ်ပါသည်။

မှတ်ချက်။     ။ ကိုစန်းထွေး ဆွေးမျိုးသားချင်းများနှင့် နောက်ပါ လူမိုက်များမှလွဲ၍ ဓမ္မလင်္ကာရ ကျောင်းဝင်းအတွင်းမှ သံဃာများအား ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုစန်းထွေးအကြောင်းအား အဖြစ်မှန် သိရှိ စုံစမ်းနိင်ပါသည်။ ယခုကဲ့သို့ ကျောင်းပဒေသာပင် အလှူငွေများအား ကိုစန်း ထွေးမှ ယူငင်သုံးစွဲထားသည်ကို ဒေသခံပြည်သူများမှ အားလုံး မသိရှိခင် အမြန်ဆုံး ဖြေရှင်း ပေးစေလိုပါသည်။ ဖြစ်စဉ်အား ဓမ္မလင်္ကာရကျောင်းဝင်းအတွင်းမှ သံဃာတော် အရှင်သူမြတ် တစ်ပါးမှ ကိုယ်တိုင်ကိုယ်ကျပြောဆို အသိပေးလာပါသည်။

တရားဥပဒေ ခိုင်မာရေးနှင့် ငြိမ်းချမ်းရေးကို လိုလားကာ ဗမာ့ပညာရေးအား မြင့်မား စေရန် အစဉ်လိုလားသော
                                                        မြောက်ဥက္ကလာပမြို့နယ် ဒေသခံရဟန်းရှင်လူ

ကျောင်းသားပြည်သူများနှင့်

ဗမာ့ကျောင်းသားလူငယ်များ

No comments: