အော်တာရာ အိုင်ဗရီကို့စ် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

အသက် ၆၉ နှစ်ရှိ အလ်ဆင်း အော်တာရာ (Alassane Ouattara ) သည် အိုင်ဗရီကို့စ် (Ivory Coast ) နိုင်ငံ၏ သမ္မတအဖြစ် သောကြာနေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ သွေးထွက်သံယို ပဋိပက္ခများကြောင့် ရွေးကောက်ပွဲပြီး (၅) လကြာမှ ယခုလို ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

အိုင်ဗရီကို့စ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း အာဏာရ သမ္မတ လောရင့်ဘတ်ဘို (Laurent Gbagbo ) က ရွေးကောက်ပွဲတွင် အတိုက်အခံ သမ္မတလောင်း၏ အနိုင်ရရှိမှုကို အသိအမှတ်မပြုဘဲ အာဏာလွဲပေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယခုလို ငါးလကြာမှ ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

အိုင်ဗရီကို့စ်နိုင်ငံသည် အာဖရိကနောက်ပိုင်းရှိ ပြင်သစ်ကိုလိုနီ နိုင်ငံဟောင်းတခုဖြစ်ပြီး လွတ်လပ်ရေး ရရှိခဲ့စဉ်မှ စ၍ ပြည်တွင်းရေး မငြိမ်သက်မှုများ အစဉ်တစိုက် ရင်ဆိုင်ခဲ့ရပြီး ၂၀၀၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြသည်။ နောက်ဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာလက ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ ရလာဘ်နှင့် ပတ်သက်၍ အတိုက်အခံနှင့် အာဏာရ လောရင့်ဘတ်ဘူတို့အကြား အငြင်းပွားခဲ့ရသည်။ ရွေးကောက်ပွဲတွင် အတိုက်အခံသမ္မတလောင်း အလ်ဆင်းအော်တာရာက မေးပေးသူ (၅၄) ရာခိုင်နှုန်း၏ ထောက်ခံမှုကို ရရှိခဲ့သည်။ သို့သော် အာဏာရ သမ္မတ လောရင့်ဘတ်ဘို၏ လက်ကိုင်တုတ် အမျိုးသားဖွဲ့စည်းပုံကောင်စီဥက္ကဋ္ဌ ပေါလ်ယောင်ဒရီး (Paul Yao NDre ) က အတိုက်အခံမတ်လောင်း အများစု အနိုင်ရခဲ့သည့် နယ်မြေများမှ မဲများကို မမှန်မကန် ပြုလုပ်မှုများ ပြုလုပ်ခဲ့သည် အကြောင်းပြကာ တရားမဝင်ဟု ပယ်ဖျက်ခဲ့သည်။ အတိုက်အခံမတ်လောင်း အနိုင်ရရှိသည့် မဲအများစုကို ပယ်မဲသတ်မှတ်ကာ အာဏာရသမ္မတ လောရင့်ဘတ်ဘိုကို အနိုင်ပေးခဲ့သည်။ ထိုအငြင်းပွားမှုကြောင့် နှစ်ဖက် သွေးထွက်သံယို ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူတထောင်ကျော် အသက်ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းကြသည်။

အာဏာရသမ္မတ လောရင့်ဘတ်ဘိုကို အိုင်ဗရီကို့စ်စစ်တပ်အများစုက ထောက်ခံခဲ့ပြီး အနိုင်ရ အတိုက်အခံ သမ္မတလောင်း အလ်ဆင်းအော်တာရာကို လက်နက်ကိုင်တော်လှန်ရေ အင်အားစုများနှင့် အချို့သော အိုင်ဗရီကို့စ် စစ်တပ်ဖွဲ့များက အားပေးထောက်ခံခဲ့သည်။ ၎င်းအပြင် နိုင်ငံတကာ အများစုကလည်း အတိုက်အခံသမ္မလောင်း၏ ရွေးကောက်ပွဲ အနိုင်ရမှုကို လက်ခံအတည်ပြု ထောက်ခံခဲ့ကြသည်။ ထိုသို့ နှစ်ဖက် အငြင်းပွား လက်နက်ကိုင်တိုက်ခိုက်မှုများကို ပြင်သစ်နိုင်ငံမှ စစ်တပ်ဖွဲ့များ စေလွှတ်၍ ကြားဝင်ဆောင်ရွက်ခဲ့သည်။ တိုက်ခိုက်မှုများတွင် အတိုက်အခံသမ္မတလောင်း၏ ဘက်မှ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲရလာဘ်ကို ငြင်းပယ်ခဲ့သည့် လော့ရင့်ဘတ်ဘိုကို သမ္မတအိမ်တော်တွင် ဖမ်းဆီးရမိခဲ့ကြသည်။ ထို့ကြောင့် သမ္မတလောရင့်ဘတ်ဘို၏ အလိုကျ ရွေးကောက်ပွဲ ရလာဘ်အား လိမ်လည်ထုတ်ပြန်ခဲ့သည့် အမျိုးသားဖွဲ့စည်းပုံကောင်စီဥက္ကဋ္ဌ က မူလကြေငြာချက် ရွေးကောက်ပွဲရလာဘ်ကို ပယ်ဖျက်၍ အတိုက်အခံသမ္မတလောင်း၏ အနိုင်ရရှိမှုကို ပြန်လည် အသိအမှတ်ပြုပေးခဲ့သည်။ တချိန်တည်းမှာပင် ဒေါ်လာ (၈၁) သန်းရှိသည့် သမ္မတဟောင်း လောရင့်ဘတ်ဘို၏ ဆွစ်ဇာလန်ဘဏ်စာရင်းကိုလည်း ထိန်းချုပ်ရန် ညွန်ကြားခဲ့သည်။ ၎င်းငွေအများစုသည် ဆယ်နှစ်ကျော် အာဏာရစဉ်အတွင်း ပြည်သူ့ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်စုဆောင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုးသား ဖွဲ့စည်းပုံကောင်စီဥက္ကဋ္ဌက သမ္မတဟောင်း လောရင့်ဘတ်ဘိုကို အားပေးသည့် ဘက်လိုက်ဆုံးဖြတ်ခဲ့မှုအပေါ် တောင်းပန်ခဲ့သလို သမ္မတအလ်ဆင်းအော်တာရာကလည်း ကောင်စီဝင်အားလုံးကို ချီးကျူးဂုဏ်ပြုလိုက်ပြီး ကောင်စီ၏ ပြောင်းလဲဆုံးဖြတ်ချက်အပေါ် မှန်ကန်သည့် လုပ်ရပ်အဖြစ် အသိအမှတ်ပြု ပြောဆိုခဲ့သည်။ သမ္မတက ဒီဆုံးကချက်ဟာ ကောင်စီဝင်များအတွက် ၎င်းတို့ ကျိန်ဆိုသစ္စာပြုခဲ့သည့် တာဝန်ဝတ္တရားများနှင့် ပြန်လည် ရင်ကြားစေ့ နိုင်ခဲ့သည့် လုပ်ရပ်တခုအဖြစ် ချီးကျူး ဂုဏ်ပြုသွားသည်။

တချိန်တည်းမှာပင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က မြို့တော်အဘိတ်ဂျန် (Abidjan) ၏ ဆင်ခြေဖုံး ရပ်ကွက်တခုရှိ ဘောလုံးကွင်းတခုတွင် လူအများ အစုလိုက် အပြုံလိုက် မြုပ်နှံထားသည်ကို စစ်ဆေးဖော်ထုတ်လျက်ရှိသည်။ ၎င်းဘောလုံးကွင်းတွင် လူပေါင်းတရာကျော်ကို မြှုပ်နှံထားသည်ဟု ယူဆရပြီး မည်သည့်ဘက်မှ သေဆုံးခဲ့ရသည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ၎င်းရပ်ကွက်သည် သမ္မတဟောင်းအား ထောက်ခံခဲ့သည့် ရပ်ကွက်တခုဖြစ်ပြီး သေဆုံးသူအများစုသည် သမ္မတဟောင်းအား ထောက်ခံခဲ့သူ အများစုဖြစ်သည်ဟု ယူဆရသည်။ သမ္မတသစ်က ၎င်းအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အရေးယူဖော်ထုတ်သွားမည်ဟု ကျမ်းကျိန်ပွဲတွင် ထုတ်ဖော်ပြောကြား သွားသည်။

အေပီသတင်းဌာန

No comments: