လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၂၀)
ဖြူဖြူသင်း
မေ ၃၊ ၂၀၁၁
ဒီနေ့ ဒီဇင်ဘာလ တရက်နေ့ဟာ world aids day လို့ခေါ်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ဆိုင်ရာနေ့ ဖြစ်ပါတယ်။ ကျမလည်း ဒီနေ့ ဒီရက်ရောက်လာတော့မှ ကျမကို လူထုခေါင်းဆောင် လမ်းညွှန်ပြီး ဒီ ခုခံအားကျဆင်းမှု တိုက်ဖျက်ရေး၊ ကာကွယ် တာဆီးရေး၊ ပြုစု စောင့်ရှောက်ရေး၊ ကုသမှု ပေးရေးလုပ်ငန်း လုပ်လာတာ ၈ နှစ်တိုင်ခဲ့ပြီ ဆိုတာ သတိထားမိ ပါတော့တယ်။
၈ နှစ်တာကာလကို နောက်ကြောင်း ပြန်ကြည့်တော့ စိတ်မောလူပန်း ကာလကြီးတခုလို့ ပြန်မြင်မိပါတယ်။ ဝမ်းသာရ၊ ဝမ်းနည်း ဒေါသဖြစ်ရ၊ စိတ်ထိခိုက်ရ၊ ပီတီဖြစ်ရ ဆိုတဲ့ ရသစုံဇာတ်လမ်းကြီး တခုလို ကျမ ပြန်မြင်နေမိတာပါ။ ဒီအထဲမှာမှ ဘယ်အပိုင်းက ပိုဒုက္ခများခဲ့သလဲ ပြန်ဆန်းစစ်ကြည့်မိတော့ အာဏာပိုင်တွေဘက်က နှောင့်ယှက်မှုဟာ အများဆုံးနဲ့ လူနာတွေကိုကော၊ ကျမတို့အဖွဲ့က လူငယ်တွေပါ တော်တော်လေး ဒုက္ခပေးခဲ့ကြ၊ ပေးနေဆဲလည်း ဖြစ်ပါတယ်။
ဒီပြသနာကိုရှင်းရတာ ကျမတို့အတွက်တော့ မလိုလားအပ်ဆုံးနဲ့၊ မဖြစ်သင့်ဆုံးကိစ္စလို့ ထင်မြင်ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေဘက်တော့ အမြဲပဲ အရေးတကြီးကိစ္စလို သဘောထားပြီး စနစ်တကျ ပြသနာရှာနေတာကို သွားသွားတွေ့နေရပါတယ်။ ဒါပေမယ့်လည်း ကျမတို့အဖွဲ့က လူငယ်တွေကော၊ လူကြီးတွေကပါ စိတ်အေးအေးထားပြီး ဝေဒနာရှင်များဆန္ဒကို အတတ်နိုင်ဆုံး လိုက်လျောခဲ့တာချည်းပဲ ဖြစ်ပါတယ်။
သူတို့ကို အမြဲလို အကာကွယ်ပေးထားတော့ ကျမတို့နဲ့ နေရထိုင်ရတာ လုံခြုံတယ်လို့ သူတို့ ထင်မြင်လာတယ်။ သူတို့တွေဟာ သူတို့လို ဘဝတူတွေကို စာနာနားလည်တတ်လာပြီးတော့ ကျမ လုပ်ငန်းမှာ ပြန်လုပ်ကိုင်ပေးနေတဲ့ လူငယ်တွေ အများကြီးပါ။ သူတို့ကို ငွေကြေးလစာ ပေးမထားနိုင်ပါဘူး။ ဒါပေမယ့် သူတို့ ပျော်ပျော်ရွှင်ရွှင် ရှိကြပါတယ်။ အချို့ရက်တွေဆိုရင် ရန်ကုန်တမြို့လုံးကို ဘတ်စ်ကားနဲ့ ပတ်ရတာမျိုးထိ ရှိပါတယ်။
ဒါပေမယ့် သူတို့ရုပ်ပိုင်းဆိုင်ရာသာ ပင်ပန်းနွမ်းနယ်ကြတာပါ။ စိတ်ပိုင်းဆိုင်ရာမှာတော့ အတော်လေး တက်တက်ကြွကြွရှိနေကြပါတယ်။ အချို့ အခြားအဖွဲ့စည်းတွေက ဘယ်လိုကြောင့် ဒီလူနာတွေဟာ ကျမတို့အဖွဲ့ဆီ သွားသွားနေသလဲ။ သူတို့အန်ဂျီအိုတွေမှာဆိုရင် ကျမတို့ထက် အများကြီး ကောင်းအောင် နေရာထိုင်ခင်း၊ အစားအသောက်တွေ အများကြီးကောင်းအောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ဘာဖြစ်လို့ ကျမတို့ဆီပဲသွားနေကြသလဲဆိုတာ စူးစမ်းကြပါတယ်။ တကယ်တော့ မိသားစုဆန်မှု တခုကြောင့်လို့ အကြမ်းဖျင်း ပြောရင်ရပါတယ်။
အခြားသော အဖွဲ့အစည်းများက အချိန်ကန့်သတ်ချက်ရှိပါတယ်။ အလုပ်နားရက် ရှိပါတယ်။ ကျမတို့အဖွဲ့က လူငယ်တွေအားလုံးကျတော့ ပိတ်ရက်၊ နားချိန်ဆိုတာ မရှိသလောက် လုပ်ကြရတာပါ။ လူနာ အရေးကြီးရင်ကြီးသလို လုပ်နေကြရတာဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ ဒီမှာ လာရောက် လုပ်ကိုင်နေသူတွေအတွက် ဘာအခွင့်အရေး၊ ဘာငွေကြေးမှ မရဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ အခြားသောမျှော်လင့်ချက်လည်း မရှိကြပါဘူး။ အခြားအန်ဂျီအိုများလိုလည်း နိုင်ငံခြားသွားပညာသင် ဆိုတဲ့ အခွင့်လမ်းလည်း မရှိပါဘူး။
ဒါပေမယ့် ထောင်ထဲရောက်ဖို့တော့ ရာခိုင်နှုန်းများပါတယ် လို့ ကျမ ထင်ပါတယ်။ လူငယ်တွေဟာ ဘာကိုမှ မမျှော်လင့်ဘူးဆိုပေမယ့် တိုင်းပြည်တွင်း ဆိုးဝါးလှတဲ့ ဒီရောဂါဆိုးကို ကင်းစင်စေချင်တယ်။ ဒီလို ဝေဒနာခံစားနေရသူ အိပ်ခ်ျအိုင်ဗွီလူနာများ အထူးသဖြင့် ကလေးသူငယ်နဲ့ မိမိတို့ရွယ်တူ လူငယ်တွေကို ပြန်ပြီး ကောင်းမွန်စေချင်တယ်။ အဓိက တိုင်းပြည်အတွက် အားကိုးအားထားရမယ့် လူငယ်တွေကို အသက်ရှည်ရှည်နဲ့ နေထိုင်လုပ်ကိုင်စေချင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေတော့ ထားရှိကြပါတယ်။
ဒါဟာ ဘာကိုပြောနေသလဲဆိုရင် တိုင်းပြည်ကိုကောင်းစေချင်တဲ့ စိတ်စေတနာ ရှင်းရှင်း ပြောရရင်တော့ နိုင်ငံရေးစိတ်စေတနာ အားကြီးမှုဟာ ငွေကြေးမျှော်လင့်ချက် အစရှိတာတွေကို အလွယ်တကူ ကျော်လွှားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျမတို့အဖွဲ့လေးဟာ ရန်ပုံငွေ တပြားတချပ်မှမရှိဘဲ ၈ နှစ်ကျော် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူမှုရေး လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ကျမကတော့ ဒီ့ပြင် အထောက်ပံ့ပစ္စည်းတွေထက် စိတ်စေတနာကောင်းထားရှိပြီး လုပ်ကိုင်တာသာလျှင် ပဓာနကျမယ် ထင်ပါတယ်။ ပဓာနအကျဆုံးဖြစ်တယ်လို့ ဆိုလိုချင်တာပါ။
စိတ်စေတနာ ဘယ်လောက်ရှိရှိ ဆေးဝါးတိုက်နိုင်ရင်လည်း လူနာက သေအုံးမှာပါ။ ဒါကြောင့် အခြားသော ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေနဲ့ မွန်မြတ်လှတဲ့ စိတ်စေတနာ ပေါင်းစပ်နိုင်ရင်တော့ အကောင်းဆုံး လို့ ထင်မြင်မိပါတယ်။ အဲ့ဒါကြောင့် နိုင်ငံရေးလုပ်သည်ဖြစ်စေ၊ လူမှုရေးလုပ်သည်ဖြစ်စေ စိတ်ကောင်း စေတနာသာလျှင် အဓိကပါ။
အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးကို ကာကွယ်တားဆီးခြင်းသည် ကျမတို့ရဲ့အနာဂတ်ကို ထိမ်းသိမ်းခြင်းပင် ဖြစ်သည်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၈ တောင်အာဖရိကမှာ ပြုလုပ်တဲ့ ညီလာခံကို ပေးပို့တဲ့မိန့်ခွန်းမှာ ထည့်သွင်းဖော်ပြဖူးပါတယ်။ အန်တီ့ရဲ့ အမြော်အမြင် ကြီးမားမှုတွေဟာ အဲ့ဒီကတည်းက ပေါ်လွင်နေပြီး ကျမအနေနဲ့ လူထုခေါင်းဆောင်ကို တိုးလို့ကြည်ညိုရပါသေးတယ်။
စစ်အစိုးရလို တင်းကျပ်ပြီး လုပ်ရကိုင်ရခက်တဲ့ အနေထားမှာ ပြည်တွင်းက စိတ်ရင်း စေတနာကောင်းနဲ့ လူထုအကျိုး ရှေးရှုဆောင်ရွက်နေသူများကော ကျမတို့တိုင်းပြည်ရဲ့ ကြီးမားလှတဲ့ လူမှုရေး လိုအပ်ချက်တွေကို လာရောက်ဖြည့်ဆည်းပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ကျမတို့ လုပ်ငန်းအပေါ် နားလည်မှုရှိစွာနဲ့ ကူညီပေးနေကြတဲ့ ပြည်တွင်းပြည်ပ အလှုရှင်များ၊ ကျမတို့ အခက်အခဲကို စေတနာရှုဒေါင့်ကနေ ချဉ်းကပ်ပြီး သတင်းစာတွေမှာ ဖော်ပြပေး၊ ရေးသားပေးနေတဲ့ သတင်းစာဆရာများအားလုံးကို ကျမအနေနဲ့ အလေးအနက် ဂုဏ်ပြုပါကြောင်း ပြောပြချင်ပါတော့တယ်။
ကျမ မဖြူဖြူသင်းပါ။
(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)
မိုးမခမီဒီယာမှာ ကူးယူပါသည်။
No comments:
Post a Comment