စစ်တကောင်းနှင့် အာသံနယ်ရောက် ရှေးခေတ်မြန်မာတိုင်းရင်းသားများ

တောင်တန်း သာသနာပြု ခရီးသည် ပုသိမ် ဦးဝိမလ ကိုယ်တော်သည် ချင်းတောင်တန်းနှင့် နာဂ တောင်တန်းပေါ်သို့ ဗုဒ္ဓ သာသနာပြု ခရီး စတင်ခဲ့သော နှစ်မှာ ၁၂၉၆ ခုနှစ်ဖြစ်၍ ဆရာတော် ဦးဥတ္တမသာရ ကိုယ်တော် တောင်တန်း သာသနာပြု ခရီး စတင်ခဲ့သော နှစ်မှာ ၁၂၉၇ ခုနှစ်ဖြစ်သည်။ ထိုခေတ်မှာ ၀ံသာနုခေတ် ဖြစ်သောကြောင့် ထိုဆရာတော် နှစ်ပါးကို ၀ံသာနုခေတ် သာသနာ့ အာဇာနည် နှစ်ပါးဟု ပရိသတ်က သိကြသည်။ ထိုဆရာတော်ကြီး များသည် တောင်တန်း သာသနာပြုခရီး အတွေ့အကြုံ များကို ထိုခေတ် သတင်းစာ၊ မဂ္ဂဇင်းတို့၌ ရေးသားတော် မူခဲ့ကြသည်။

ဆရာတော် ပုသိမ် ဦးဝိမလ၏ ခမည်းတော်နှင့် မယ်တော်မှာ ပုသိမ်မြို့ ကွမ်းခြံရပ်နေသစ် ကုန်သည် ဦးလူကလေး + ဒေါ်ဝါနုတို့ ဖြစ်သည်။ ငယ်နာမည် မောင်ပုဖြစ်၍ ပုသိမ်မြို့ အေဘီအမ် (ABM) သာသနာပြု ကျောင်းတွင် ဆဋ္ဌမတန်းထိ ပညာ ဆည်းပူးခဲ့သည်။ ထို့နောက် ပုသိမ်မြို့ ပုဂံ ကျောင်းတိုက်တွင် လောကုတ္တရာ စာပေများ သင်ယူခဲ့သည်။ သက်တော်(၃၄)နှစ်အရွယ်၊ ၁၂၉၆ ခုနှစ်တွင် တောင်တန်း သာသနာပြု ခရီး စတင်ခဲ့သည်။ ၁၃၁၉ ခု၊ တန်ခူးလတွင် “မြန်မာနိုင်ငံ တောင်တန်း လူမျိုးများ”စာအုပ်ကို ပုံနှိပ် ထုတ်ဝေခဲ့လေသည်။ ထိုစာအုပ် ထုတ်ဝေပြီး (၉)နှစ်အကြာ၊ သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၆)၀ါ အရတွင်(၁၂-၅-၆၆)နေ့၌ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ဥယျာဉ်တိုက်၊ အေးရွာ ကျောင်းတွင် ပျံလွန်တော် မူခဲ့သည်။

ပုသိမ်ဦးဝိမလ၏ တောင်တန်း အတွေ့အကြုံများ
ဆရာတော် ပုသိမ်ဦးဝိမလ၏ တောင်တန်း သာသနာပြု ခရီးမှတ်တမ်း၌ ဖော်ပြခဲ့သော စစ်တကောင်းနှင့် အာသံနယ်ရောက် ရှေးခေတ်မြန်မာ တိုင်းရင်းသားများ၏ သမိုင်း ခြေရာကို စိတ်ဝင်စားဖွယ်၊ အံ့သြဖွယ် တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် အထက်ပိုင်းရှိ လီဒိုမြို့၏ အနောက်ဘက် ဗြဟ္မပုတ္တရ မြစ်ကမ်းပေါ်တွင် “ဒီဗရူဂါ”အမည်ရှိ မြို့တစ်မြို့ရှိ၏။ ထိုမြို့၏ ခရိုင် အတွင်းသို့ လွန်ခဲ့သော နှစ်ပေါင်း(၂၀၀)ခန့်က အစုလိုက် အဖွဲ့လိုက် ပြောင်းရွှေ့ လာခဲ့ကြသော မြန်မာ တိုင်းရင်းသား များကို ဆရာတော် ပုသိမ်ဦးဝိမလ တွေ့မြင်ခဲ့ ရသည်။ ဗြဟ္မပုတ္တရ မြစ်နှင့် မဝေးလှသော “ဆစ်(ပ)ဆာဂေါ”၊ “ဂျူ ရာ”ဆိုသော နေရာများတွင် ရှမ်းမင်းများ စိုးစံခဲ့သည့် နန်းတော် ဟောင်းအပျက်များ ရှိနေသေးသည်ဟု ဖော်ပြခဲ့သည်။

ရှမ်းတိုင်းရင်းသား များ၏ ရွာကလေးများမှာ ရွာပေါင်း(၉၀) ကျော်မည်ဟု ခန့်မှန်းခဲ့သည်။ ကချင်ပြည်နယ်နှင့် နာဂတောင်တန်း (ပတ်ကွိုင်တောင်တန်း)ကို ကျော်ဖြတ်ကာ အာသံနယ်ထဲသို့ ရောက်ရှိ၊ အခြေချ၊ မင်းဆက် ထူထောင်ခဲ့သော အဟုမ်ရှမ်း(Ahom Shan) လူမျိုးတို့ အကြောင်းကို ဆရာဝန် တင်မောင်ကြည်၏ သုတေသန ဆောင်းပါးများ(စာအုပ်)နှင့် လန်ဒန် တက္ကသိုလ်၊ အရှေ့တိုင်း သအန်သရိုပိုလိုဂျီ(Anthropology) ဌာနပါမောက္ခ (Christoph VonFirer Haimendore) ရေးသားသော (Naked Naga) စာအုပ်တို့တွင် ဖတ်ရှု မှတ်သားခဲ့ရသည်။

ဆရာတော် ပုသိမ် ဦးဝိမလသည် စစ်တကောင်းနယ်၊ ဖလောင်းချိတ်မြို့မှ (၉)မိုင် အကွာတွင် ရခိုင် လူမျိုးများ တည်ထောင်ခဲ့သော “ပင်းဝါ”ခေါ် ရွာကြီး တစ်ရွာကို တွေ့ခဲ့ရ၏။ မြန်မာ့ သမိုင်းထဲက “ပန်းဝါစစ်ကြောင်း”ဆိုသည်မှာ ဤ “ပင်းဝါ”ဖြစ်မည် ထင်ပါ၏။ ထိုရွာမှ ချောင်း တစ်ဘက် (၁ မိုင်ခွဲ)ခန့်တွင် မဟာဗန္ဓုလ၏ စစ်တပ် တပ်စွဲခဲ့သော တောင်ကုန်းတစ်ခု ရှိသည်။ “ပင်းဝါ”နှင့် တောရွာများတွင် ရခိုင် လူမျိုးတို့လည်း ရှိ၍ “စစ်တကောင်း ဗုဒ္ဓဘာသာ”၀င်၊ “မရမာကြီးများ”(ရှေးခေတ်ဗမာ လူမျိုးများ) တစ်သိန်းကျော် ရှိကြောင်း ထိုအရှင်သူမြတ် တွေ့ခဲ့ရ လေသည်။ ကုလားပုဆိုး “ဒိုဘီ”၀တ်၊ ဘင်္ဂလီ စကားပြော၊ ဘင်္ဂလီ စာရေးကြသော်လည်း မျက်နှာ ကို စေ့စေ့ကြည့်ပါမူ ရခိုင်၊ ဗမာပုံပန်းများ ပေါ်လာသည်ဟု ဖော်ပြခဲ့သည်။

ဟိုတစ်ချိန်တုန်းက ပဒေသရာဇ်စစ်ပွဲ၌ ရခိုင် ပြည်နယ်သို့ ပါသွားခဲ့သော မွန်တိုင်းရင်းသား အချို့သည် ၉၇၆ ခုနှစ်၌ စစ်တကောင်းနယ် အတွင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုနယ်သစ်တွင် ဗိုလ်မင်းထောင်၊ ဖလံထောင်၊ သက်ထောင် ဟု နယ်သုံးနယ် အခြေစိုက် နေထိုင်ခဲ့ကြရာ၊ ဖလံထောင်နယ်တွင် ရခိုင်အဆက် နေထိုင်သည်။ သက်ထော်ငတွင် ရခိုင်များပြီး မြန်မာနှင့် မွန် အနည်းငယ်စီ နေထိုင်ကြသည်။ ထိုနယ်သစ်တို့တွင် ပထမ မွန်လူမျိုးတို့ ရွာတည် နေထိုင်ခဲ့ပြီး ထို့နောက်မှ ရခိုင်လူမျိုးတို့ ၀င်ရောက်နေထိုင် ခဲ့ကြခြင်း ဖြစ်သည်။

စစ်တကောင်း တောင်တန်း၊ ဗိုလ်မင်းထောင် နယ်အစွန်အဖျားတွင် ခမီနှင့် မြို့ခေါ် တိုင်းရင်းသားတို့လည်း နေထိုင်ကြသည်။ မြို့တိုင်းရင်းသား တို့သည် ကလေးမွေးဖွားပြီး ပထမဆုံး မြင်တွေ့ ရသော ၀တ္ထု ပစ္စည်းကို မှတ်သား၍ နာမည် မှည့်ခေါ်လေ့ ရှိကြရာ နာမည်များမှာ ထူးထူးဆန်းဆန်း-ကျောက်ချဉ်၊ ယမ်းစိမ်း၊ ဇ၀က်သာ၊ စမုံ စပါး၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ကြက်ချေး၊ ဘဲချေးစသော နာမည်များသည် သူတို့အဖို့ လှပသော ချစ်စနိုး နာမည်များ ဖြစ်နေပါတော့သည်။

ဆရာတော် ဦးဥတ္တမသာရ၏ တောင်တန်း အတွေ့အကြုံ
ဆရာတော် ဦးဥတ္တမသာရ၏ တောင်တန်း ခရီးကြွချီ ဖြစ်ပုံမှာ ၀ံသာနု ဆရာတော်ကြီး ဦးဥတ္တမ သည် ၁၂၉၇ တွင် မန္တလေးသို့ ကြွလာပြီး တရား ဟောသည်ကို မန္တလေး မြောက်ပြင်၊ ချမ်းသာကြီး မြောက်တိုက်၊ ရတနာပုံ ပရိယတ္တိကျောင်း၌ သာသနာ့ ပညာ ဆည်းပူးနေသော စာသင်သား ကိုယ်တော်လေး ဦးဥတ္တမသာရက ဖူးတွေ့ နာယူခဲ့ရသဖြင့် ၀ံသာနုစိတ်ဓာတ် (မျိုးချစ်စိတ်ဓာတ်) ရင့်သန်ကာ၊ တောင်တန်း သာသနာပြု ခရီး ထွက်ကြွလိုသည့် ဆန္ဒများ ပြင်းပြလာခဲ့သည်။ ထိုနှစ်ဆောင်းဦး ကာလတွင် မန္တလေးမှ မြန်မာ ပြည် အနောက်မြောက် ယွန်းရှိ ချင်းတောင်တန်းနှင့် နာဂတောင်တန်းဆီသို့ စတင်ကြွမြန်းခဲ့သည်။
ဆရာတော် ဦးဥတ္တမသာရ ရေးသားတော် မူခဲ့သော ဆောင်းပါးများတွင် မဟာဗန္ဓုလ စစ်သူကြီးတို့ အာသံသို့ ချီတက်သည့် အခါ၊ သေနတ် ကိုသာ ထမ်းလာကြသည် မဟုတ်ပါ။ “စစ် ဆောင်ဘုရား”ခေါ် ဗုဒ္ဓဆင်းတုတော်များ၊ ကမ္မ ၀ါစာများ၊ ကျမ်းဂန်စာပေများ၊ ရဟန်းဆောင် ပရိ က္ခရာများကိုပါ ယူဆောင်ခဲ့ကြသည်။ အာသံနယ် ဂျော်ရဟတ်မြို့၌ ထိုစဉ်က မြန်မာတို့ တည်ထား ခဲ့သော စေတီတစ်ဆူ ရှိလေရာ “ဗန္ဓုလစေတီ”ဟု ယခုတိုင် ဘွဲ့အမည် တွင်ရစ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။
ဆရာတော် ဦးဥတ္တမသာရ၏ မှတ်တမ်း၌ ၁၃၁၈ ခုနှစ်က သင်္ဃန်းကြီးဝတ် သံဃာတော် (၅၃)ပါး ရှိခဲ့ရာ မြန်မာတိုင်းရင်းသား အသီးသီး မှ ပေါ်ထွန်းလာခဲ့သော သံဃာတော်များ ဖြစ်လျက် စာရင်းကို ဖော်ပြရသော် မရမာကြီးခေါ် စစ်တကောင်း ဗုဒ္ဓဘာသာဝင် (၄)ပါး၊ ရခိုင်သား ဘုန်းကြီး (၃)ပါး၊ ရေးမြို့နယ်သား မွန်ဘုန်းကြီး (၁)ပါး၊ ဗမာဘုန်းကြီး (၁)ပါး၊ အာသံ နယ်သား (မြန်မာတိုင်းရင်းသား)-ရှမ်း၊ ကချင်၊ ဂျိမ်းဖော စသည် (၄၉) ပါးရှိသည်ဟု ဖော်ပြခဲ့သည်။ ရှမ်းလူမျိုးထဲတွင် ခန္တီးရှမ်းဟူ၍ ကွဲပြားကြောင်း၊ မဟာဗန္ဓုလမျိုးခေါ် ရှေးဗမာမျိုးထဲက ဦးဂန္ဓမာ ဘွဲ့အမည်ရှိ ဘုန်းကြီးတစ်ပါး ရှိကြောင်း အာသံ နယ်သားတို့က ဗန္ဓုလမျိုး(ရှေးဗမာမျိုး)ကို “မန်း}ဟု ခေါ်ကြကြောင်း မှတ်တမ်းပြု ဖော်ပြ ခဲ့သည်။
အာသံနယ်တွင် သက်တော်ရှည် ဆရာတော် (၅) ပါးရှိသည့် အနက် အင်ဒင်ရွာ ဆရာတော်ကြီးသည် သက်တော် (၁၁၃ နှစ်) ၀ါတော် (၈၄) ဟု ဖော်ပြမှတ်တမ်း ပြုခဲ့သည်။ တောင်တန်း သာသနာပြု ခရီးသည် ဘ၀တွင် တွေ့ကြုံခဲ့ရသော ဒုက္ခ သုက္ခလေး တချို့ကို ဆရာတော် ဦးဥတ္တမသာရ ရေးစပ်တော် မူခဲ့သော အောက်ပါ လေးဆစ်ချိုး ကဗျာကို ဖတ်ရှု စာနာလျက် ဂါရ၀ပြု ဖော်ပြလိုက်ရပေသည်။
သာသနာပြု ဘုန်းကြီးနှင့် မီးလင်းဖို
(လေးဆစ်ချိုး)
မီးမတောက်နိုင်ဘု
ထင်းခြောက်ကယ်က ထုံတာလေ။
အခိုးတလူလူနှင့်
မှုတ်ရသူ ဖာဖိုးကျလောက်ကဲ့
ပါးပွလို့ ပြာသာပေ။
နှင်းတဖြောက်ဖြောက်ကယ်နှင့်
မိုးပေါက်က ဝိုက်ကာစွေ-
မြောက်လေက သုတ်ချီသွင်း။
နေကို တသော်လည်း
ဌာန ဤရွှေတောင်သို့
မလာပေါင် ရက်တွေ ညောင်းခဲ့ပေါ့
ဘယ်စောင်း ညာပြန်နှင့်
စီဝရံ ဖျင်ထည်လွှမ်းပါလို့
ကျောင်းခန်း တောင်ယံမြေက
သာသနေ ပြုစုပျိုးပါရ
ခါတလေ ခုမှဖြင့် ဆိုးလှတယ်ဟယ်
ဖိုးအနဂ္ဃခင်းပေမို့သာ (ကွယ်)
ကျိုးရလက်ငင်း။
အရှင်ဥတ္တမသာရ
(အဖျားတက်ရင်း မီးလင်းဖိုနံဘေး၌ ရေးသည်။ ၁၃၁၀ ခု၊ ဝါခေါင်လဆန်း- ၉ ရက်၊ ချင်းတောင်)
ဝေါရ=
အခင်း= အမှုအခင်း (ဆောင်ရွက်ဖွယ် အလုပ်တာဝန်)

မောင်ကြော့ဦး
(ပေဖူးလွှာ မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ ၂၀၁၁)
ကိုးကား
(၁) သင့်ဘ၀ ဦးတင်မောင် ရေးသားပြုစု၍ ၁၉၇၇ ခုနှစ်၊ ရန်ကုန်မြို့၊ စာပေဗိမာန်က ပုံနှိပ် ထုတ်ဝေခဲ့သော “အလင်းဆောင်သူများ၏ အတွေ့အကြုံများ”စာအုပ်။
(၂) ဓမ္မစရိယ ဦးဌေးလှိုင် စီစဉ်တင်ဆက် သော “တောင်တန်းတရား”စာအုပ်။
(၃) အထက်မြန်မာ သတင်းဂျာနယ် (အတွဲ -၁၊ အမှတ်-၄၊ ၂၅-၁-၂၀၀၇) မှ စာရေးသူ၏ ဆောင်းပါး။

2 comments:

min zaw said...
This comment has been removed by the author.
Socretes said...

ဒီနေ့ သတင်းတပုဒ်ထဲက မဇိုရမ်ပြည်နယ်ထဲမှာ အိန္ဒိယအစိုးရက လိုက်ဖမ်းနေတယ်ဆိုတာလည်း ဒီ ရခိုင်၊ ဗမာ အနွယ်ဝင်တွေလားမသိ။ တလောက ဘင်္ဂလားဒေ့ရှ်မှာ အဓိကရုဏ်းအတွင်း အသတ်ခံရတာလည်း ဒီအနွယ်တွေလားမသိဘူး။
ကြားရတာ အရမ်းစိတ်မကောင်းဖြစ်မိတယ်...။
ဘာပဲပြောပြော ကိုယ့်သွေးသားတွေပါပဲ..။