ပြည်ပန်းညို- ချိုပါလျက်- ဆားစွက်လို့ငန်။ ဒို့နှစ်ကိုယ်၊ ချစ်ပါရက်၊ ကြားဖျက်တဲ့ရန်


ပုထုဇဉ် မှန်သမျှ အကောင်းကြိုက်၊ အလှကြိုက်တတ်ကြသကဲ့သို့ မိမိတို့နှင့် ထိုက်သည် မထိုက်သည်ကို မကြည့်။ ယောက်ျားလေးတိုင်းပင် အမယာ၊ ကိန္နရီ၊ ဝိသာခါအစရှိသော မိန်းမထူး မိန်းမမြတ်မျိုးကိုသာ အလိုရှိကြသကဲ့သို့ မိန်းကလေးတိုင်းလည်း မဟော်သဓါအစရှိသည့် ယောက်ျားကောင်း ကေ်ျားမြတ်မျိုးကိုသာ အလိုရှိကြပေသည်။ သို့သော် အမယာလို မိန်းမမျိုးသာ၊ မဟော်သဓါကဲ့သို့ ယောက်ျားကောင်းမျိုး ရနိုင်သကဲ့သို့ မဟော်သဓါလို ယောက်ျားမျိုးသာလျှင် အမယာကဲ့သို့သော မိန်းမမြတ်နှင့် ထိုက်တန်သည်ကို သတိမူဟန် မတူကြပေ။ ဤနေရာ၌ ဥဒုမ္ပရဒေဝီနှင့် ပိင်္ဂုတ္တုလုလင်တို့ ထုံးကို နှလုံးပြကာ ဆင်ခြင်သင့်သည်။

သို့ကြောင့် အမယာလိုမိန်းမမျိုး၊ ဝိသာခါလို မိန်းမမျိုးနှင့် ငါ၏မိန်းမ မတူလေခြင်းဟူ၍ စိတ်မကြည်သာခဲ့လျှင် မဟ်ာသဓါလို ယောက်ျားမျိုးမရလေခြင်းဟူ၍ စိတ်မကြည်သာခဲ့လျှင် ထိုမိန်းမ ထိုယောက်ျားတို့၏ အိမ်ထောင်ရေးသည် ကြည်မြေ့ချမ်းသာနိုင်တော့မည် မဟုတ်ပေ။ ရေနွေးအိုးဆူအောင် မတည်တတ်သောသူက ထမင်းအိုးတလုံးမှ မချက်တတ်ရန်ကောဟု အပြစ်တင်လျှင် ရယ်ဘွယ်သာအတိ ပြည့်တော့၏။ မိမိ အိမ်ထောက်ဘက်အား မလိမ္မာလေခြင်း၊ ဆင်းရဲလေခြင်း၊ အရုပ်ဆိုးလေခြင်းဟု ငြူစူနေပါက အိမ်တွင်းရေးလည်း ကြက်သရေမဲ့၊ မိမိခင်ပွန်း (ဝါ) ဇနီး၏ ဂုဏ်ကိုလည်း ထိခိုက်ပေသည်။

အပြစ်မရှာနဲ့
တလ ၅၀ိ စား စာရေးကလေးနှင့် အကြောင်းပါသည့်အခါ လခတရာရအောင် မရှာနိုင်လေခြင်းဟု ခင်ပွန်းသည်အား ငြူစူနေမည့်အစား မိမိအပေါ်ဝယ် အဘယ်ရွေ့အဘယ်မျှ ယုံကြည်ချစ်ခင် ယုယ ကျွေးမွေးသည်ကိုသာ စေ့ငုစစ်ဆေး၍ သူအိုးနဲ့သူဆန် တန်ပါက ထိုခင်ပွန်းသည်ကို အရာရာမတိမ်းစောင်းရအောင် ဖေးမလျက် ကျေးဇူးကိုသာ ရှေ့ရှုနေပါမူ အလွန်သာယာသော အိမ်ထောင်သည်ဘဝကို ရပေမည်။ ထို့အတူ ယောက်ျားကလည်း ငါ၏ဇနီးသည် လိမ္မာရေးချားရှိပေသည်။ မယားဝတ်ငါးပါးကြေပြွန်ရှာပေသည်။ ဆင်းရဲ ချမ်းသာပဓါန မဟုတ်သော်လည်း ငါရှာဖွေရသော ပစ္စည်းကို မဖိတ်မစင်ရအောင် စောင့်ထိန်းတတ်ပါပေသည်ဟူ၍ ကျေးဇူးကိုသာ ရှေ့ရှုနေမှ သက်သာရာရပေမည်။

          လူတိုင်းလူတိုင်းတွင် အပြစ်ရှာ အနာတွေ့ အချစ်ရှာ သကာတွေ့နိုင်သည်။ အကြင်လင်နှင့် မယားတွင် တဖက်သတ် ဆိုးသွမ်းပြီး သည်းမခံနိုင်သူဖြစ်က စွန့်ပစ်ထိုက်သည်ဟု ဆိုရစေကာမူ အနည်းငယ်သော ချို့ယွင်းချက်ကို မေတ္တာ ကရုဏာနှင့် ဖုံးလွှမ်းပြီး အနှစ်ကိုသာ ထပ်တလဲလဲ တွေးခဲ့လျှင် သားသ္မီးတကျိပ်တပိုရနေလင့်ကစား သ္မီးရည်စားချစ်သကဲ့သို့ ပျော်ရွှင်ချစ်နေနိုင်ကြမည်။ အပြစ်ကိုသာ ထပ်တလဲလဲ တွေးနေပါမူ အချစ်သည် တဖြည်းဖြည်း မှေးမှိန်ကာ တဦးနှင့်တဦး ခွဲခွါရသော အခြေသို့ ဆိုက်ရောက်တတ်ပေသည်။

          ပေါင်းသင်းရာ၌ အဖိုအမဟူသော စွဲတခုကိုသာ အစွဲပြုနေလျှင်လည်း ကြာရှည်စွာမတည်နိုင်။ ဆွေးမျိုး မိဘသွေးသား အပေါ်၌ထားသည့် ကရုဏာအမျှင်မျိုးကိုလည်း ရောယှက်ယှဉ်တွဲကာ အသုံးပြုသင့်သေး၏။ တဏှာ ကရုဏာထက် ဗြဟ္မစိုရ်ရ ကရုဏာ၏ တန်ဘိုးကား အဘိုးမဖြတ်နိုင်။ ထိုကရုဏာမျိုးထားတတ်ပါက တခြား သံယောဇဉ်မျှင်များမည်မျှပင် ပြတ်စဲစေတော့ ဗြဟ္မစိုရ်ရ ကမရုဏာ၏ တန်ခိုးကြောင့် အချစ် အခင်မပျက်ပြယ်နိုင်ပေ။

ကဲ့ရဲ့မှာ မကြောက်နဲ့
          အချို့သော အိမ်ထောင်သည်တို့သည် မိမိတို့ဇနီ (ဝါ) ခင်ပွန်းသည်တို့အား အစွမ်းကုန် ယမ်းကုန် ချစ်လိုက်ပါမူ မိမိမိဘ ဆွေးမျိုးများကလည်းကောင်း၊ အရပ်မိတ်ဆွေများကလည်းကောင်း လွန်လွန်းလှသည်ဟု ကဲ့ရဲ့သဂြိုဟ် သတင်းဆိုမည်လောဟု စိုးလန့်ကြောက်ရွံ့တတ်ကြ၏ တော်ရုံအပြစ်အနာအဆာကို ထိုသူများရှေ့တွင် ဖြစ်လျှင် အဆမတန်ကြိမ်းမောင်းရေရွတ်ကဲ့ရဲ့ခြင်းအားဖြင့် အစွမ်းမပြသင့် မဆူပူသင့်သော အရေးတော်ပုံဆိုက်တတ်ကြ၏။
          ထိုသို့ ဆူပူခြင်းအား မိမိ မိဘဆွေမျိုး မိတ်ဆွေများက “ဒါလောက်လဲ မကြိမ်းပါနဲ့၊ မဆူပါနဲ့ကွယ်၊ သနားပါတယ်” ဟူ၍ ပြောလိုက်လျှင် အလွန်သဘောကျကာ ထင်ဆင့်ပြီး “ဟာ- ဒီမိန်းမ ဒီလိုလုပ်ပေးမှ” “ဒီယောက်ျား- ဒီလိုဆူပေးမှ” ဟူသော ပါဝါကို ထုတ်တတ်၏။ ဤသို့ ပြုမူခြင်းသည် အမှားကြီးတ တခုပင် ဖြစ်၏။ မိမိ မယား၏ ဂုဏ်သရေ၊ အညွန်းအတက် (ဝါ) မိမိယောက်ျား၏ ဂုဏ်သရေ၊ အညွန်းအတက်ကို ချိုးဖျက်ခြင်း တမျိုးအပြင် ထူး၍တခြားအကျိုး မရှိနိုင်ပေ။
          အိမ်ထောင်ရှင်တို့ သင့်မြတ်ရေး မသင့်မြတ်ရေးသည် မိဘဆွေမျိုး မိတ်ဆွေများအပေါ်တွင်လည်း တည်ရှိသေး၏။ မိန်းကလေးတဦးသည် မိမိခင်ပွန်းအား ရိုသေမြတ်နိုး ဂရုတစိုက်ရှိသည်ကို အားပေးမည့်အစား အချို့မိဘ ဆွေမျိုးတို့သည် “ဒါလောက်ဘဲ အရေးပေးရသလားတော်၊ လွန်လွန်းပါတယ်၊ ဒါကြောင့် ယောက်ျားတွေက ရောင့်တက်နေတာ၊ ကျင်တို့များ ဒီလိုမဟုတ်ပါဘူး၊ ပစ်ထားလိုက်တာဘဲ။ ယောက်ျားမှ ယောက်ျားထင်ပြီး မိန်းမရေး ပျက်ပါတယ်” အစရှိသဖြင့် သက်သက်မဲ့ ဖျက်ဆီးနှောက်ယှက်တတ်ကြ၏။ ထိုအခါ မိန်းကလေးမှာ ရှက်ကြောက်သောကြောင့် ပြုနေကျ ဝတ္တရားကို မပြုဘဲနေမည်။ မနေနိုင်ကလည်း အလွန်စိတ်ဆင်းရဲခြင်း ရှိနေရှာမည်။
          ယောက်ျားများအားလည်း ထို့အတူ “မိန်းမကို ဒါလောက်ဘဲ အရေးပေးသလားတော်၊ မိန်းမဆိုတာ နှိမ်နိုင်မှ တော်ရုံကျတာ၊ ဒီအကောင်ကို နွားကျပါတယ်။ မိန်းမမမြင်ဘူးတာ ကျနေတာဘဲ” ဟူသော စကားသံဖြင့် ကလန်ကဆန် စိတ်ဗြောင်းပြန်ဖြစ်စေတတ်၏။

ကြားအစွက်မခံနဲ့
          ဤကားအကြင်လင်မယား ကြင်နာယုယချစ်ခင်ခြင်းတို့၏ ဆူးငြောင့် ခလုတ်များပေတည်း။  ယောက်ျးရော မိန်းမပါ ထိုစကားမျိုးကို လုံးဝဂရုမပြုသင့်၊ ထိုစကားမျိုး ပြောတတ်သူတို့အား ရှင်းရှင်းဖြတ်နိုင်လျှင် ကောင်း၏။ မဖြတ်နိုင်လျှင် ကိုယ်ပေါင်း၍ စိတ်ခွါသင့်လေသည်။ ကျွန်ုပ် သူငယ်ချင်းမ တဦး၏ ခင်ပွန်းသယ်သည် သူ့အား အလွန်မြတ်နိုးယုယရှာ၏။ သို့သော သူ့အား မလိုကြသောကြောင့် ထိုယောက်ျား၏ ဆွေမျိုးများက ယခုကဲ့သို့ မဲ့ကြရွဲ့ကြသည်ကို ထိုယောက်ျားခမြာ နားယောင်မိရှာ၏။ ထိုအကြောင်းကို သူသိလျှင် သိခြင်းမခံမရပ်နိုင်ဖြစ်ပြီး လင်မယား ကွဲကြရသည်မှာ မျက်မြင်လက်တွေ့ သက်သေတခုပင် ဖြစ်ပါသည်။
          ထိုကြောင့် အကြင်လင်မယားပေါင်းသင်းရာ၏ မြင်းလောင်း၊ ဖဲရိုက်၊ အပျော်လိုတဲ့ မယားငယ်ယူအစရှိသော အပြစ်များကြောင့်တွင်မဟုတ်၊ မမြင်နိုင်သော အသေးအဖွဲကိစ္စများနှင့် ကြားလေသွေးခွဲ၍ ကွဲတတ်ကြသောဓလေ့ကို အထူးရေးပြုကာ ဆင်ခြင်သင့်ပေသည်။

ပဲခူး- သိန်းသိန်း
၁၃၀၂ သီတင်းကျွတ်လဆန်း ၅ ရက်နေ့ထုတ်
နဂါးနီမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။

No comments: