ချစ်ခြင်းငယ်ပြိုင်
မင်းဒင်
မြေကမ္ဘာတွင် သူသူငါငါ မကင်းနိုင်လေသော၊ လူ့ကမ္ဘာ လူ့ရွာကို တည်ဆောက်ထားလေသော ‘အချစ်’ ဟူ သော ဝေါဟာရနှင့် စကားချီးလိုက်သဖြင့် ထိတ်ကနဲ ရင်ဖိုကြပေလိမ့်မည်။ ဆန္ဒမစောကြပါလေနှင့်။ ခေတ္တငံ့ စေလိုပါသည်။ ကျွန်ုပ်ဆိုလတ္တံသော အချစ်အကြောင်းကား အပြာစာမျက်နှာကဲ့သို့ ညစ်ညမ်းသော တဏှာပေ မအချစ်နှင့် လားလားမျှ မဆိုင်ချေ။ ထို့အတူ အဘိုးနှင့်အဘွား၊ အဖေနှင့်အမေ၊ ကျွန်ုပ်တို့နှင့်မော်ဒယ်များအ ကြား တောင်တောင်အီအီ အချစ်တို့ကိုလည်း ဆိုလိုသည်မဟုတ်ချေ။ ကျွန်ုပ် ယခုညွှန်းဆိုမည့် အချစ်သည် ကား သကျသာကီနွယ်ဟု ဆိုအပ်သော မြန်မာပြည်သားတို့၏ တိုင်းချစ်ပြည်ချစ်၊ နိုင်ငံကိုချစ်သော အချစ်ကို ဆိုသတည်း။
ဤတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဦးဥတ္တမ၊ ဦးဝိစာရ၊ ရှင်ဂမ္ဘီရ၊ ဦးဝင်းတင် တို့ကဲ့သို့သော သမိုင်းအမူ မော်ကွန်းထူအပ်သော တိုင်းပြည်ချစ်သူများ၏ အချစ်ကိုကား အဦးအစ မူလကပင် ဝိဝါဒကွဲပြားရန် မရှိ၍ အထူးတလည် စောကြောရန်လို မည်မထင်ချေ။ မှန်ပေ၏။ သူတို့ကား ‘ဂန္ထဝင်ချစ်သူ’ များပေတည်း။
ထို့ပြင်တဝ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နီလာသိန်း၊ စုစုနွေးတို့၊ ကိုထင်ကျော် (ကုန်ဈေးနှုန်း)၊ ... ...၊ ... ...၊ ... ...၊ တို့ကဲ့သို့သော ဘဝကို ရင်းလျက် ထောင်နံရံကို ရင်မြေကတုတ်လုပ်၊ နောက်မဆုတ်တမ်း တိုက်ပွဲဝင်နေသူ များ၏ အချစ်ကိုလည်း အများလက်ခံသိရှိပြီးဖြစ်သည့်အလျောက် ထပ်မံခွဲခြမ်းစိတ်ဖြာရန် လိုမည်မဟုတ်ချေ။ ထိုသူတို့၏ ရေမရောသည့် နိုင်ငံချစ်သူတို့၏ အချစ်များကိုမူ ‘အချစ်စစ်စစ်များ’ ဟု အထင်ကရ သညာပြုလို သည်။
ထို့တမူလည်း ဆိုဖာဆုံလည်၊ ပလ္လင်ငယ်ထက်၌ စံတော်မူလျက်၊ လူတကာ သေပေ့စေ၊ ငတေမာလျှင် ပြီးစ တမ်း၊ သဗ္ဗညုတဉာဏ်ရှင် ဘုရားပင်သော်မှ မဆန်နိုင်လေသော သံဃာအားကို လက်ရုံးလူမိုက် ကြံ့ဖွံ့တ သိုက်၏ မဟာစွမ်းပကားဖြင့် အောင်တော်မူပေထသော မြန်မာစစ်မင်းများ၏ တိုင်းပြည်ချစ်နည်း နိဿရည်း သည်လည်း နောက်လာနောက်သားတို့ အတုခိုးမမှားစေခြင်းငှာ ဖော်ပြရေးသားရန် မသင့်ပြန်ချေ။ သံခိပ်အား ဖြင့် မှတ်ရန်မှာ ‘ဗာလနံ အချစ်’ ဟူလို ...။
ယခု ကျွန်ုပ် အထူးဝိဂြိုဟ်ပြုညွှန်းဆိုချင်သည်ကား အထက်ဖော်ပြပါ အာဇာနည်တို့၏ အချစ်မျိုးကို အားကျအ တုယူ နည်းမှီလေသလော၊ ကိုယ်တိုင်ပင် ဖန်တီးလေသလော၊ ဝေခွဲခြင်းငှာ မစွမ်းသာသည့် အမေနှင့်ရွာကို ခွဲ ကာ တရပ်တကျေး နယ်အဝေးသို့ရောက်နေသည့် ကျွန်ုပ်အနေဖြင့် မျက်မြင်ဒိဌ ကြုံနေရသည့် အဝေးရောက် ပုန်စားသူတို့၏ အချစ်များအကြောင်းပင်တည်း။ ချစ်ခြင်းပြိုင်ကြလေဟန်တကား ...။
ချစ်သူများသည့်နည်းတူ ချစ်ပုံချစ်နည်း ချစ်နိဿရည်းတို့သည်လည်း များလှပါဘိတောင်း။ အချို့ကား ပရိုပို ဆယ်အလို့ငှာ ချစ်ရ၏။ အချို့ကား ကိုယ့်ကိုယ်ကို မျိုးချစ်ပုဂ္ဂိုလ်စာရင်းသွင်းလျက် စိတ်အဆာပြေအောင် ချစ် ရ၏။ အချို့ကား ဒိုနာ စိတ်မငြိုငြင်စေရန် ချစ်ရ၏။ ချစ်မျိုးစုံလင်လှပေစွ။
အဦးအစ ဖော်ပြလိုသည်ကား မဲဆောက်စစ်ဌာနချုပ်မှ အတိုက်အခံတဦး၏ ချစ်ခြင်းတည်း။ အနှီပုဂ္ဂိုလ်သည် ပြည်တွင်းမှာ ဖြစ်ပွားသည့် ဗျောက်အိုး၊ ရေထမ်းပုံး၊ ကားတာယာ၊ စက်ဘီးတာယာ၊ ဆပ်ပြာပူဖောင်း၊ အားလုံး သော ပေါက်ကွဲမှုမှန်သမျှ တယောက်တည်း ဒိုင်ခံကန်ထရိုက်ဆွဲကာ “ငါလုပ်တာ” ချည်း ဆိုတတ်လေသော ကြောင့် ကျွန်ုပ်က ဗိုလ်ချုပ်ဟု ချစ်စနိုး အမည်ပေးထား၏။
ကျွန်ုပ်နှင့် ဗိုလ်ချုပ် အွန်လိုင်းတွင် ဆုံလေတိုင်း “ကျုပ်က အာဇာနည်ဗျ၊ ဒါဟာ အမှန်တရားပဲ” ဟု အတည် ပေါက်ကြီး ဆိုတတ်လေရာ ကျွန်ုပ်မှာ ငိုရခက်၊ ရယ်ရခက်ဖြစ်လျက် နောင်သော် ဒီမိုကရေစီခေတ်လွန်ကာ လ၌ အများပြည်သူ အလေးပြုနိုင်ရေးအတွက်၊ ရုပ်တု ထုရန် အလို့ငှာ လေးဘက်လေးတန်မှ ရိုက်ကူးအပ် သော ဓာတ်ပုံများကို ပို့ပေးထားပါရန် မေတ္တာရပ်ခံလိုက်ရလေသည်။ ယင်းအတိုက်အခံဗိုလ်ချုပ်၏ အချစ်ကို ‘ရမ်ဘိုအချစ်’ ဟု အမည်ပေးရသော် သင့်နိုးထင်မိ၏။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ အကျဉ်းသမားများအား “ညာလက်ရော ဘယ်လက်ဖြင့်ပါ စောင်မကြည့်ရှုပါအံ့” ဟူ၍ အဖွဲ့အမည်တပ် ကြွေးကြော်လေသော အဖွဲ့ကား မည်သည့်လုပ်ငန်းဆောင်တာများကို လုပ်လေသည် မ သိ။ မည်သို့ကူညီစောင့်ရှောက်သည် မသိရချေ။ ကုန်ဈေးနှုန်းကျဆင်းရေး အတွက် အထင်ကရ ဖြစ်ခဲ့လေ သော ကိုထင်ကျော် ဘယ်ထောင်ရောက်နေသည်ဟူသည့် အမေးပုစ္ဆာကိုပင် အတိအကျ အကြောင်းမပြန်နိုင် ချေ။ “အဲဒီအသင်းက ဘယ်အကျဉ်းသားတွေကို၊ ဘယ်လို ကူညီနေတာလဲဗျ” ဟူသော ပြည်တွင်းမှ လူငယ် တဦး၏ ခပ်ငေါ့ငေါ့ အမေးကို မည်သို့မျှ ပြန်လည်မဖြေဆိုနိုင်သည်နှင့် ကျွန်ုပ်မှာ ပဲလှော်ကြား ဆားညပ်တော့ မည်ဖြစ်ရကား ဟိုလိုလို ဒီလိုလို အရူးကွက်နင်းလိုက်ရဖူးလေသည်။ ထိုအဖွဲ့ကို ဦးစီးကြိုးကိုင်သူတို့ နိုင်ငံအ ပေါ်ထားရှိသော အချစ်ကား ‘နံရံအချစ်’ ဟု ဆိုထိုက်ပေမည်။
အပတ်စဉ် အလှည့်ကျ အမေရိကတိုက်ကြီးမှ လွှင့်ထုတ်အပ်သော အသံလွှင့်ဌာန ရေဒီယိုမှနေ၍ မောင်နှင့် အောင်များ တင်ဆက်သော ‘အများ’ အမည်ရှိ အစီအစဉ်တခုတွင် “လွယ်တာကို လွယ်လွယ်နဲ့ ခက်သွား အောင် ခပ်ခက်ခက် လုပ်သင့်သည်” ၊ “ယုံကြည်တာကို မယုံကြည်ခြင်းဟာ၊ မယုံတဝက် ယုံတဝက်ဖြစ်၍ ချင့် ယုံရန်လိုသည်” စသော လွန်စွာဆန်းပြားလှသည့် ဘာသာဗေဒတမျိုးကို ကြားရလေရာ ကျွန်ုပ်မှာ “ငါသည် မြန်မာစာ၊ မြန်မာစကားကိုပင် နားလည်တတ်ကျွမ်းခြင်းမရှိတော့ယောင်တကား” ဟု အားငယ်ခြင်းကြီးစွာ ဖြစ် မိပြန်လေသည်။ အကြောင်းကား နားထောင်လေ ပိုရှုပ်လေဖြစ်၍ ငါသည် အများမဟုတ်လေတကားဟု တွေး တောမိခြင်းကြောင့်တည်း။ ထိုသူတို့၏ချစ်ခြင်းကို အမည်နာမ ညွှန်းဆိုရလျှင် ‘ဗဟုအချစ်’ မည်ထိုက်ပေသည်။
ဆက်၍ ဆိုဦးအံ့။ လေလှိုင်းကြားတွင် အရေးမှန်သမျှ ကျွမ်းကျင်လှပေသော ကျမ်းတတ်တချို့ကလည်း “ဒါက တော့ နှစ်ပိုင်းရှိတာပေါ့နော်၊ တပိုင်းက ပထမပေါ့နော်၊ နောက်တပိုင်းက ဒုတိယပေါ့နော်” အစရှိသဖြင့် ပေါ့ နော်ချင်းထပ်နေသည့် ‘ပေါ့နော်အချစ်’ ကိုလည်း နားကြားပြင်းကပ်စွာ ကြားရပြန်ချေသည်တမုံ့။
အခြားတနည်းကား စစ်မင်းဗိုလ်ချုပ် ဖုတ်ထဲတွင် လဲ၍ ဒူးပြဲခြင်း၊ ကောက်ညှင်းစား၍ ဝမ်းချုပ်ခြင်း၊ ဦးချိန်တီ ကြောင့် တပ်ချုပ်လေလည်ခြင်းမှ အစ၊ ကြပ်ပြေးအိမ်တော်တွင် မသာရထား ဆိုက်နေပြီ၊ တပ်ချုပ်ကြီး၏ ရက် လည်အသုဘ အလွန်တရာ စည်ကား .. အစရှိသဖြင့် မဟုတ်တမ်းတရမ်း၊ လေဖမ်းဝါးတမ်းချည်၊ သတင်းမျိုး စုံကို တင်လေသည့် ဝီရိုက်၊ ဝီမိုက် ရဲဘော်ဟောင်းကြီးသည်လည်း ရှိလေသေးချေ၏။ သူ့အချစ်ကား ‘ရမ်း တုတ်အချစ်’ ဆိုနိုင်လေမည်။
နောက်တမူလည်း သတိ၊ ညာညှိ၊ သက်သာ၊ အေးစေ၊ နေမြဲ ဟူသော အခြေခံစစ်ပညာမျှကိုပင် သင်ယူခဲ့ခြင်း ရှိဟန်မတူသော စစ်ရေး ဧတဒဂ်တဦးကလည်း “ဒါက ဒီလိုရှိပါတယ်။ တပ်ချုပ်ကြီးဆိုတော့ သူက အကြီးဆုံး ပေါ့။ တိုက်ပွဲဖြစ်တဲ့အခါ တဒိုင်းဒိုင်း ပစ်ကြတာပေါ့” ဟူ၍ တည်တည်ကြီး လှိမ့်တတ်သော ‘ဒိုင်းညှောင့်အချစ်’ သည်လည်း ရှိလေသေး၏။
ထို့အတူ အနှစ် (၂၀) ကျော်ခဲ့ပြီဖြစ်သော ကိုးမီးဖဲဝိုင်းတွင် ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်အိမ်ကိုးကျ၊ ကိုယ့်မဲကိုယ် ထွင်၊ ကလိန်စေ့ငြမ်းဆင်လေသော ကမ္ဘာတည်သရွေ့ ဝန်ကြီးချုပ်အဖြစ်မှ တပြားသားမှ မလျှော့သည့် ‘ကော် ဇောအချစ်’ ဖြင့် ချစ်သူတို့သည်လည်း တမှောင့်။
သို့တပြီးကား တိုက်ပွဲဝင်ရဲဘော်ဟောင်း မောင်ငြိမ်း၏ အဆိုအရ အေဘီစီဒီ အက္ခရာမျိုးစုံ အမည်တပ်လျက် ကွန်မြူနစ်အလံကို အမြင့်ဆုံး လွှင့်ထူကာ ဘိလပ်သူ ဂါဝန်အောက် ခေါင်းလျှိုဝင်လျက် .. Arr .. yea .. ohh .. I love my country ဆိုတတ်သော ‘ဘိလပ်အချစ်’ ဟူသည် ရှိသေးပေရာ ချန်လှပ်ထား၍ မရစကောင်းဟု မှတ်သားရပြန်၏။
ဤအချစ် အနှီအချစ်တို့အကြောင်းကား ထူးထွေသည့်အံ့ရာသော်၊ သမုဒ္ဒမှင်ဖျော်၊ ရေးသော်မှတည့် ဆုံးအံ့မ ထင်ချေ။
ဘလော့တကာ စီဘောက်တကာတွင် မောင်နှင့်နှမ၊ သားနှင့်အမိ ဖတ်ရှု၍ပင် မသင့်လျော်သော ကြမ်းတမ်း ရိုင်းစိုင်းလှစွာ ရေးတတ်ကြသော ‘ဖရုဿဝါစာအချစ်’၊ ၂၀၁၀တွင် ရရာနေရာ ဝင်ထိုင်မည့် ‘ဖျာအချစ်’၊ ရေဒီ ယိုအစီအစဉ်တွင် ပဓာန၊ နာယက၊ ကမကထပြုရင်း၊ အငိုက်အလစ် ဂိုး ဝင်ဝင်သွင်းတတ်သည့် ‘ချွန်တွန်းအ ချစ်’၊ ကွန်မြူနစ်ကြီးကို စတင်မွေးဖွားရာ နိုင်ငံကြီးတွင် ဘုမသိဘမသိ ရောက်နေကြလျက် အမိန့်ဟူသမျှ နာ ခံနေကြရသည့်၊ ကိုယ်စီးသည့် မြင်း အထီးမှန်း အမမှန်း မသိရှာကြလေသော၊ အာဂရဲမက်တော်တို့၏ ကျား ကျားမီးယပ် ‘ကိုဗော့စကီးအချစ်’၊ တကြိမ်တလေမျှ နားထောင်ခဲ့ခြင်းမရှိသော်လည်း ထပ်ခါထပ်ခါ တောင်းဆို မေတ္တာရပ်ခံနေသည့် ယူအန်၏ ‘နွဲ့ဆိုးအချစ်’၊ အိုဘားမားနှင့် ရိုဟင်ဂျာစာလုံးပါလျှင် ပြီးစတမ်း ပွဲမဆူဆူ အောင် ဇွတ်သတင်းဖန်တီးနေကြသည့် သတင်းဌာနများ၏ ‘အော်လန်အချစ်”… အစရှိသည်ဖြင့် များမြောင်လှ ပေရာ စာလေးမည်ဖြစ်လေ၍ ဆက်လက် မဖော်ပြလိုတော့ပြီ။
မည်သို့ဆိုစေ ချစ်ခြင်းအတွက်ကား မည်သူကိုမျှ အပြစ်ဆိုရန် အကြောင်းမရှိချေ။ မည်သို့ပင် ချစ်ကြသည်ဖြစ် စေ ချစ်နည်းမှန်ဖို့တော့ လိုပေမည်။ အဝေးရောက်တို့အချစ်သည် အချစ်စစ် အချစ်မှန်ပေလော။ ပုံတိုပတ်စတို့ ဖြင့် ငယ်ဘဝကို ဖြတ်သန်းခဲ့လေသော ကျွန်ုပ်မှာ ဖတ်ခဲ့ဖူးသော ပူရမ်ကျမ်းတခုကို သတိရမိလေပြန်၏။ အ ဆိုပါ ပူရမ်၏ သုတ္တံတခုတွင် ဆာဒူးတပါး၏ ကျောင်းသင်္ခန်းသည် ပြည့်တန်ဆာအိမ်အနီး ရှိခဲ့သည် ဆိုလေ၏။ ဆာဒူးကား သူ၏ မူလ ကမ္မဌာန်းကိုမပြုမူဘဲ ပြည့်တန်ဆာအိမ် လူဝင်လူထွက်စာရင်းကို ကျောက်ခဲတို့ဖြင့် တာလီမှတ်သည် ဟူ၏။ သေလွန်သော် ပြည့်တန်ဆာမှာ နတ်ပြည်ရောက်၍ ဆာဒူးမှာ ငရဲသို့ ဒိုင်ဗင်ထိုးသလို ကျသွားကြောင်း ဖတ်ဖူးလေရာ မြန်မာပြည်ချစ်သူများ ချစ်ခြင်းပြိုင်နေသူများအားလုံး၏ အချစ်သည် အဆိုပါ သုတ္တံမှ ဆာဒူး၏ ‘တာလီအချစ်’ ကဲ့သို့ ဖြစ်နေသည်ကို အလန့်တကြား တွေ့ရှိရလေသည်။
ဆိုရေးရှိ၍ ဆိုရပါလျှင် မြေကြီးလက်အပ်၊ မုချဆတ်ဆတ် မှတ်ထိုက်သော အချက်မှာ ‘ဂန္ထဝင်အချစ်’၊ ‘အချစ် စစ်စစ်’ တို့မှ လွဲ၍ အခြားအခြားသော ချစ်ခြင်းတို့ကား သံသယပွားဖွယ်ရာ အတိပေတည်း။ ဤပုံဤနည်း ချစ် ခရီးဆက်ကြလျှင်ကား အချစ်ခံ မြန်မာပြည်ကြီးသည် အထက်ဘဝဂ်နှင့် ဝေးသည်ထက်ဝေးလျက် ဒုံရင်းဒုံရင်း အောက်ဘက် အဝီစိတွင်သာ သံသရာရှည်သမျှ ကာလပတ်လုံး အဖန်ဖန်တလဲလဲ ကျင်လည်ပေရော့မည်ကို အပူပင်ကြီးပူမိလေသောကြောင့် လက်ဆော့ ခြေဆော့ ကီးဘုတ်နှင့် ဆော့ကာ ဤကလော်စာ စာစုကို ရေးမိ ပြန်လေတော့သည်။
နိဂုံးအားဖြင့်မူ အထက်စာပိုဒ်တို့ကို ဖတ်ရှုမိသည့် စာရှုသူများအနက် အနာရှိသူ အချို့အချို့အနေဖြင့် အနူ ဆားပက်၊ အနာပေါ်တုတ်ကျ ဖြစ်ကြမည်ကိုလည်း ကြိုတင်သိပြီးဖြစ်သည့်အလျောက် “မင်းဒင်သည် သစ္စာ ဖောက် ဒလျှိုဒလန်စစ်စစ်ဖြစ်ပေသည်” ဟူ၍ မီဒီယာကို မီဒီယာနှင့် ပြန်ရှင်း၊ စာရင်းအသွင်းခံရမည်ကို သိသိ ကြီးနှင့် ဇွတ်တိုးမိုက်မဲစွာ ဤစာကို ရေးလေသော ကျွန်ုပ်သည် တန်ပြန်လှည့်လာမည့် မြားဦးတို့ကို တန့်စေ ခြင်းငှာ၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည်ဟူသော ဆိုရိုးနှင့်အညီ ‘အာဖျံကွီးချစ်သူ’ စာ ရင်းတွင် မိမိကိုယ်မိမိ ကြိုတင်ထည့်သွင်းထားပါကြောင်းလည်း တပြည်တည်းသား ဝေးရပ်နီးနေ များဆွေသ ဟာ သိသာရန် အလို့ငှာ မောင်းခတ်အသိပေး လက်တို့အပ်ပေသတည်း။ ။

(www.mindin.info/ မှ ...)
ဒေါက်တာလွဏ်းဆွေမှ တဆင့်ကူးယူပါသည်။
No comments:
Post a Comment