ရွှေဥဩ


ရွှေဥဩ
ဗန်းမော်တင်အောင်

လယာဉ်သာကို စီးကာရယ်
“ဆုံးအံ့နိုင်ဘွယ်ရာ မထင်ရသော အာအာသ တခွင်ဝယ် အနတက္ကမျှ မကသော ကြယ်တို့သည် ပြန့်ကြဲလျက် တလက်လက် တဖိတ်ဖိတ် တောက်ပနေကြပေသည်။ ဝါဂွမ်းဆိုင်ကြီးများလို ဆွတ်ဖြူ အိစက်လျက် ရှိပေသော တိမ်တိုက်ကြီးများသည်လည်း တအိအိရွေ့လျားလျက် ရှိနေကြပေသည်။ လယာဉ်သာမူကား တိမ်တိုက်နှင့် တိမ်တောင်များ အကြားတွင် ဖြတ်ကာသန်းကာနှင့် မည်သည့်ကပ်ကမ္ဘာကြတော့မှပင် ဆုံးလိမ့်မည် မသိရသော ၎င်း၏ခရီးကို အိနြေ္ဒမျပက် ခုတ်မောင်းလျက် ရှိလေသည်…”

ထိုမျှအထိသာ အစချီနိုင်လျက် ရှေ့သို့မူကား သူသည်ဆက်၍ မရတော့ချေ။ သူ၏ ဦးခေါင်းအတွင်း၌ နောက်ကျိကာ အတွေ့အခေါ်နှင့် စိတ်ကူးစိတ်သန်းများသည် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာလေသည်။
သူသည် လက်ဝယ်မှ ကလောင်တန်ကိုကား မချချေ။ မြဲမြဲမြံမြံ ဆုပ်ကိုင်၍ ထားသည်။ ဦးခေါင်းသည် ပြန်လည်တည်ငြိမ်၍ စိတ်ကူးစိတ်သန်းများလည်း ကြည်လင်လာသည်နှင့် တပြိုင်နက် အလစ်မပေးဘဲ ဆက်၍ တွန်းရန် အားခဲ့စောင့်ဆိုင်းလျက် ရှိပေသည်။
“ဆုံးအံ့နိုင်ဘွယ် မထင်ရသော” ဟူ၍ အစချီထားသော ရေးပြီးသား စာတပိုဒ်ကို သူသည် တခေါက်ပြန်၍ ဘတ်လေသည်။ အတွေးပြတ်သွားသောကြောင့် အရေးပြတ်သွားသဖြင့် သူသည် အရေးကို ပြန်၍ ဆက်နိုင်စေရန်အတွက် အတွေးကို ပြန်လည် ဆက်မိစေရန် စမ်သပ်အားထုတ်ကြည့်ခြင်းမျှသာ ဖြစ်လေသည်။ ရေးသားပြီးဖြစ်သော စာပိုဒ်၏ အဆုံးဖြစ်သည့် “အိနြေ္ဒမပျက် ခုတ်မောင်းလျက်ရှိပေသည်…” ဆိုသော စာကြောင်းသည်သာလျှင် ပြန်လည်ဘတ်ရှု၍ ဆုံးသွားခဲ့လေပြီ။ ပြတ်သွားသော အတွေးသည် ပြန်၍ကား မဆက်မိချေ။
အတွေးသည် အဘယ်သို့ ထွက်ပြေးသွားပြီနည်း။ စကြ်ာဝဠာတံတိုင်းအပြင်ဘက်သို့ပင် ရောက်ရှိသွားလေးပြီလော။ သူသည် အဘယ်သို့ လိုက်၍ ရှာဖွေဘမ်းဆီးခြင်း ပြုရမည်နည်း။
စွဲစွဲမြဲမြဲ ကိုင်ထားသော လက်ဝယ်မှ ကလောင်တန်ကို သူသည် ပြန်၍ ချထားလိုက်ရလေသည်။ သူသည် စီးကရက်တလိပ်ကို မီးညှိလေသည်။ အားရပါးရ ဖွာလေသည်။
သူ၏ စာရေးစားပွဲဝန်းကျင်တွင် စီးကရက် မီးခိုးများဖြင့် မှောင်၍သွားလေသည်။ သူသည် စာရေးစားပွဲမှ ပင်ပင်ပန်းပန်းထလိုက်သည်။ ထို့နောက် စာရေးစားပွဲနှင့် ကပ်နေသော ပြူတင်းပေါက်ဆီသို့ ထသွားပြီးလျှင် အပြင်ဘက်သို့ လှမ်း၍ ကြည့်နေလိုက်သည်။
အပြင်ဘက်တွင်မူကား ဆုံးအံ့နိုင်ဘွယ်ရာ မထင်ရသော အကာသတခွင်ဝယ် အနတက္ကမမျှမကသော ကြယ်တို့သည် ပြန့်ကြဲလျက် တလက်လက် တဖိတ်ဖိတ် တောက်ပနေကြပေသည်။ ဝါဂွမ်းဆိုင်ကြီးများလို ဖြူဖွေးအိစက်နေသော တိမ်တိုက်ကြီးများသည်လည်း တအိအိရွေ့လျားလျက် ရှိနေကြပေသည်။ လယာဉ်သာမူကား တိမ်တိုက်နှင့် တိမ်တောင်များအကြားတွင်  ဖြတ်ကားသန်းကာနှင့် မည်သည့်ကပ်ကမ္ဘာကြတော့မှပင် ဆုံးလိမ့်မည်မသိရသော ၎င်း၏ ခရီးကို အိနြေ္ဒမပျက် ခုတ်မောင်းလျက်ရှိလေသည်။

(၂)
တညသ၌ ဝါဂွမ်းဆိုင်ကြီးများလို ဆွတ်ဆွတ်ဖြူလျက် ရှိသော တိမ်တိုက်များအကြားဝယ် အမျိုးအမည်ပင် မသိလိုက်ရသော ဒေဝစ္ဆရာကလေးတပါးနှင့် လယာဉ်သာကို နှစ်ယောက်သား အတူစီးခဲ့ရသော အိပ်မက်ဆန်လှသည့် အဖြစ်အပျက်ကလေးကို တခုကို စာတပုဒ်ဖြစ်လာအောင် ဖွဲ့နွဲ့ရေးသားခြင်း ပြုနိုင်ရန် နိုင်ငံကျော် စာရေးဆရာကြီး “ရွှေဥဩ” သည် ၎င်း၏ စာရေးစားပွဲတွင် နားရီပေါင်းများစွာ ကုန်လွန်ခဲ့ပေသည်။ သူသည် အချီကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားစပြုစဉ်မှာပင် ဆက်၍ ရေးရမည့် အတွေးပျောက်သွားလိုက်၊ ရေးပြီးသား စာရွက်များကို ဆုတ်ပစ်လိုက်နှင့်လည်း ရက်ပေါင်းများစွာတို့သည် ကုန်လွန်ခဲ့လေသည်။ သို့ရာတွင် ရွှေဥဩသည် သူရေးချင်လှသော စာတပုဒ် သို့မဟုတ် ဝတ္ထုတိုတပုဒ်ကို စရုံမျှသာ စနိုင်လျက် အလယ်နှင့် အဆုံးတို့ကိုကား ပြီးစီးအောင် မရေးစွမ်းနိုင်ခဲ့ချေ။
အဘယ်နည်း။
ရွှေဥဩသည် နာမည်ကျော် လူကြိုက်များလှသော စာရေးဆရာကြီးတဦး ဖြစ်လေသည်။ စာရေးသားခြင်၊ သို့မဟုတ် ဝတ္ထုရေးသားခြင်း အတတ်ပညာများနှင့် ပတ်သက်၍ ရွှေဥဩသည် ၎င်း၏ကိုယ်ကို ဘာမျှသံသယအကြောင်းမရှိတော့ချေ။
သို့ရာတွင် စာရေးဆရာကိုယ်တိုင် အလွန်တရာ ရေးသားလိုလှသော ဝတ္ထိုတိုတပုဒ်ကို မည်ကဲ့သို့ အားထုတ်ရေးသားခြင်းပြု၍ မအောင်မြင်ခဲ့သည်ကား ရွှေဥဩအတွက် အမှန်ပင်ဖြစ်ပေသည်။
အဘယ်နည်း။
မိမိကိုယ်တိုင် ခံစားတွေကြုံလာခဲ့ရသော အဖြစ်အပျက်တခုကို ကာယကံရှင်ကိုယ်တိုင် ဖြစ်နေသော စာရေးဆရာသည် ပြီးဆုံးအောင် ရေးသားခြင်း မပြုနိုင်သည်မှာ အကြောင်းတော့ ရှိစမြဲ ဖြစ်ပေသည်။ ထိုအကြောင်းမှာ အခြားတော့ကားမဟုတ်ချေ။ ရေး၍ ဖြစ်ပါ့မလားဟူသော သံသယက စာရေးဆရာ အရင့်အမာကြီး တယောက်ဖြစ်သော ရွှေဥဩကို ချောက်လှန့်လျက် ရှိသောကြောင့်ပင် ဖြစ်လေသည်။ ထိုသံသယကပင် ဝတ္ထို တို-ရှည်များကို စက်နှင့် လှည့်ထုတ်သလို ရေးနိုင်စွမ်းပကား ရှိခဲ့သော ရွှေဥဩအား ဘမ်းစားထားသောကြောင့်လည်း ဖြစ်လေသည်။
ဝတ္ထုဆိုသည်မှာ တစုံတခုသော အကြောင်းအရာ၊ သို့မဟုတ် တစုံတရာသော အဖြစ်အပျက်ကို အစမှ အဆုံးတိုင် စံနစ်တကျ ရေးသားဘော်ပြထားခြင်း ဖြစ်လေသည်။ ဝတ္ထုဘတ်ရှုသူများသည် ထိုကဲ့သို့ နားလည်ထားကြလေသည်။ ၎င်းတို့၏ စာရေးဆရာများ ထံမှာလည်း ထိုအတိုင်း မျှော်လင့်ထားတတ်ကြလေသည်။
သို့ရာတွင် စာရေးဆရာ ရွှေဥဩသည် ၎င်းရေးချင်လှသော ဝတ္ထုတိုကို အစမှ အဆုံးတိုင် သေသေချာချာ မသိချေ။ ကုန်ကုန်သာ ပြောရလျှင် သူ၏ ဝတ္ထုထဲမှ အရေးကြီးလှသော ဇာတ်ကောင်တကောင်၏ အမျိုးအမည်ကိုမျှပင် သူသညမသိချေ။ ထိုသို့ မိမိရေးသားရမည့် ဝတ္ထုတပုဒ်၏ အစနှင့် အဆုံးကိုလည်းကောင်း၊ အရေးကြီးလှသော ဇာတ်ကောင်တကောင်၏ အမျိုးအမည်မျှကိုပင်လည်းကောင်း၊ မသိရှိဘဲနှင့် အကြင်စာရေးဆရာသည် ထိုဝတ္ထုကို အဘယ်သို့ ရေးသားနိုင်ပါမည်နည်း။ ထိုသို့ အစနှင့် အဆုံးမရှိသော ဝတ္ထုတပုဒ်ကိုသော်လည်းကောင်း၊ စာဖတ်သူများကကော လက်ခံကြပါမည်လား။ ဤမည်သော လားနှစ်လားသည် စာရေးဆရာ ရွှေဥဩ၏ သံသယပင် ဖြစ်လေသည်။ ဤသံသယက ၎င်းအလွန်တရာ ရေးချင်လှသော ဝတ္ထုတပုဒ်ကို ဟန့်တားလျက် ရှိနေခြင်းမျှသာ ဖြစ်လေသည်။

(၃)
ဝါဂွမ်းဆိုင်ကြီများလို ဆွတ်ဖြူ အိစက်နေသော တိမ်တောင်တိမ်တိုက်ကြီးများ အကြားတွင် တအိအိ ခုတ်မောင်း ရွေ့လျားနေသော  လယာဉ်သာကို သူသည် အတန်ကြာမျှ ငြိမ်သက်စွာ ငေးမော ကြည့်ရှုနေရာမှ သက်ပြင်းကို ခပ်လေးလေး ခပ်ပင်ပင် ချလိုက်လေသည်။ သူ၏ ကိုယ်ကိုလည်း တော်တော်ကြီး မကျေမချမ်း ဖြစ်နေပုံပေါ်လေသည်။

တကယ်ဆိုတော့ သူသည် နာမည်ကျော် စာရေးဆရာကြီး တဦးပင် ဖြစ်သည် မဟုတ်သလော၊ ထိုသို့ စင်စစ်ဖြစ်လျက်နှင့် သူသည် မိမိ အလွန်တရာ ရေးသားလိုလှသော  ဝတ္ထုတိုတပုဒ်ကို အဘယ့်အတွက် မရေးသားနိုင်ဘဲ ရှိနေရသနည်း။ ထိုဝတ္ထုတပုဒ်ကို ပြီးဆုံးအောင် ရေးသားခြင်း ပြုရန်အတွက် နာရီပေါင်းများစွာကို စာရေးစားပွဲတွင် ထိုင်ရင်း ကုန်လွန်ခဲ့ရပြီးလေပြီ။ တနေ့ရေးနိုင်လိမ့်နိုးနိုးနှင့် ရက်ပေါင်းများစွာကိုလည် ကုန်လွန်ခဲ့ရပြီးလေပြီ။ သို့ရာတွင် သူသည် စရုံမျှသာ စနိုင်လျက် အလယ်သို့ ရောက်အောင်လည်းကောင်း၊ အဆုံးသို့ တိုင်အောင်လည်းကောင်း ရေးစွမ်းနိုင်ခြင်း မရှိခဲ့ချေ။

ရွှေဥဩသည် ယခင်က စစ်သားတဦး ဖြစ်လေသည်။ သူ့တွင် စစ်သားတို့ ဇွဲရှိလေသည်။
ရေးချင်သော အကြောင်းအရာ တခုကို ဝတ္ထု တပုဒ်အဖြစ်ဖြင့် မရေးနိုင်လျှင်၊ ကဗျာတပုဒ်အဖြစ်ဖြင့် ရေးစပ်ဖွဲ့နွှဲ့ ကြည့်ရလျှင် မကောင်းသလော။ မြန်မာ့ သေနတ်ကိုင် တပ်ရင်း တရင်းတွင် တပ်ခွဲမှူးတာဝန်ကို ထမ်းဆောင်ခဲ့ဘူးသော စာရေးဆရာသည် ထိုသို့ စဉ်းစားကြည့်ပြန်သည်။
စစ်သားတို့သည် မိမိတို့၏ ရန်သူကို ဤနည်းပရိယာယ်ဖြင့် တိုက်ခိုက်ခြင်း ပြု၍ မရလျှင်၊ အခြားနည်းပရိယာယ် တခုကို ပြောင်းလွှဲစမ်းသပ်တတ်ကြလေသည်။ ထိုကြောင့် ဗိုလ်ကြီးဟောင်း စာရေးဆရာသည် ဝတ္ထုတပုဒ်အစား၊ ကဗျာတပုဒ် ဖွဲ့နွဲ့ရေးစပ်ရန် တိုက်ပွဲပုံစံ ပြောင်းလွှဲခြင်း ဖြစ်တန်ရာသည်။

ဖြစ်လိုလှသော်လည်း ဗိုလ်ကြီးဟောင်းသည် ကဗျာဆရာတယောက်တော့ကား မဖြစ်ခဲ့ချေ။ စာေ၇းဆရာ တယောက်မျှသာ ဖြစ်ခဲ့ရပေသည်။ ကဗျာစာဆိုတယောက်၏ ဉာဏ်နှင့် စိတ်ကူးစိတ်သန်းများသည် သူနှင့် တစိမ်းတရံဆံကဲ့သို့ ဖြစ်နေကြသည်။ အကြောင်းအရာ လုံလုံလောက်လောက်နှင့်ပင် ထိုအကြောင်းအရာကို မြန်းဆင်ရန်အတွက် ကာရံကို သူသည် မရှာဖွေတတ်ချေ။ ခဲခဲယဉ်းယဉ်းနှင့် ပင်ပင်ပန်းပန်း ရှာဖွေတွေ့ရှိပြန်သော ကာရံကလေးများကိုလည်း သူသည် ကဗျာ၏ စည်းမျဉ်းနှင့် ညီညွတ်အောင် မသီကုံးတတ်ပြန်ချေ။ နဝဒေးကြီးသည် သားစစ်သားကောင်းနှင့် ကဗျာဆရာကောင်းတဦး ဖြစ်လာခဲ့သော်ငြားလည်း ဗိုလ်ကြီးဟောင်း ရွှေဥဩသည် စာရေးဆရာ တဦးမျှသာ ဖြစ်ခဲ့ပေသည်။ ကဗျာဆရာတဦးတော့ကား ဖြစ်မလာချေ။

တလက်လက် တဖိတ်ဖိတ် တောက်ပနေကြသော ကြယ်များကို ပြူတင်းပေါက်ဝတွင် ရပ်ခါ မော့၍ ကြည့်ရှုနေရာမှ၊ သူ၏ အကြောင်းအရာကို ကဗျာတပုဒ်ဖွဲ့နွဲ့ ရေးစပ်ကြည့်ရန် စိတ်ကူးအား ရွှေဥသြသည် မကျေမချမ်းနှင့်ပင် စွန့်လွှတ်ခြင်း ပြုလိုက်ရပြန်လေသည်။

ဝတ္ထုတပုဒ်လုံးပြီးအောင် ပတ်စဉ်ဖော်ပြသွားပါမည်။

No comments: