တအိအိ အနောက်မှာ


တအိအိ အနောက်မှာ 
ညီပုလေး

ဟောဒီမြို့မှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းတို့၊ ရှင်စန်္ဒိမာလမ်း၊ အာဇာနည် လမ်းတို့ကို မြို့နေပြည်ထိုင် ပုဂ်္ဂိုလ်တိုင်း သိမီကြတယ်။ အထင်ကရ လမ်းကြီးတွေ ဟုတ်လား။ အဲဒီ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာ ဆိုင်တွေ၊ ကနားတွေ အများကြီး။ ရွှေဆိုင်တွေလည်းရှိတယ်။ ကျောက်မျက်ရတနာ အရောင်း ဆိုင်တွေလည်း ရှိကြတယ်။ ပုဂ္ဂလိက ဘဏ်တိုက်တွေရော၊ စားသောက်ဆိုင်တွေရော၊ ရုပ်ရှင်ရုံတွေရော၊ စတိုးဆိုင်တွေရော၊ ဖိနပ်ဆိုင်တွေ၊ နာရီ အရောင်းဆိုင်တွေ၊ ဘာလိုချင်သလဲ ဟောဒီ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ အကုန်ရတယ်။

ဒီတော့ စာအုပ်ဆိုင်ဆိုတာလည်း ပါတော့တာပေါ့။ စာအုပ်ဆိုင်က ရှိတော့ရှိတယ်။ အကြီးကြီးတော့ မဟုတ်ဘူး။ စာအုပ်ဆိုင်ရှင်တွေခမျာ စစချင်းတော့ နည်းနည်းနဲ့ကျဲကျဲ ၀ိုင်းကြရတယ်ထင်ပါရဲ့။ ဆိုင်ရှင်လင်မယား နှစ်ယောက်မှာ ယောက်ျားသည်က ညိုညိုပုပုပါးပါး၊ မိန်းမဖြစ်သူက ဖြူ ဖြူ ဖြောင့်ဖြောင့်။ သူတို့နှစ်ယောက်ကို မြင်ရတဲ့ စာအုပ်ဝယ်သူတွေက ရှေ့သွားနောက်လိုက် ညီပါပေတယ်လို့ ဆိုသူ ရှိသလို ဘယ်လိုကြည့်ကြည့် မအပ်မစပ်တဲ့ အတွဲပါကွာလို့ တွေးသူလည်း တွေးမိကြပေမပေါ့။ သူတို့ နာမည်တွေကလည်း ၀တ္ထုစာအုပ် မာတိကာထဲက ယူပြီးမှည့်ထားသလိုပဲ။ ခင်ပွန်းဖြစ်သူက ကိုထွန်းဆွေမင်းတဲ့။

ထွန်းတောက်ထွဋ်ဆီ က ထွန်းကိုယူ၊ ဦးဆွေ(ဒဿ နိက)ဆီက ဆွေကိုကောက်၊ မင်းခိုက်စိုးစန်ဆီက  မင်းကိုယူ မှည့်ထားရော့သလား။ ဇနီးသည်ရဲ့ နာမည်က လည်း မခေဘူး။ နှင်းခင်ရီ တဲ့လေ။ ခင်နှင်းရီ၊ ခင်နှင်းရည် ဆိုတာလို ကြားဖူးနေကျ နာမည်မျိုး မဟုတ်ဘဲ နှင်းခင်ရီတဲ့လေ။ စာရေးဆရာမတွေ  ဖြစ်ကြတဲ့ နှင်းဆီအောင်၊ ပုညခင်၊ ကေသရီတို့ကိုများသူ့မိဘကစွဲလမ်းခဲ့လေသလား။

ကိုထွန်းဆွေမင်းက မနက်စောစော ဆိုင်ခင်းလေ့ ရှိတယ်။ ဒီမောင် ဆိုင်ရှေ့မှာ တံမြက်စည်း လှည်းရင် မနှင်းခင်ရီက စင်ပေါ်က စာအုပ်တွေ ဖုန်သုတ်တယ်။ ပါးစပ် ကတော့ ဈေးရောင်းကောင်းမယ့် ဓနသိဒ်္ဓိ ဂါထာ တစ်ခုခု ရွတ်ရင်းပေါ့။ အကြောင်း မညီညွတ်လို့၊ ဒါမှမဟုတ် ကိုထွန်းဆွေမင်း ရပ်ကွက်ထဲက လူမှုရေး ကိစ္စ တစ်ခုခုရှိလို့ တံမြက်စည်း မလှည်းအားရင်မနှင်းခင်ရီလှည်းတယ်။ဖုန်လည်းသုတ်တယ်။

မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုင်လေးပါပဲ။ စစချင်း စာအုပ် သုံးလေးရာနဲ့ စဖွင့်ခဲ့တဲ့ ဆိုင်ကလေး။ ဆိုင်သက်တမ်းငါးနှစ်လောက်ရတော့ စာအုပ်ရေ တစ်ထောင့်ငါးရာ ဖြစ်လာရော။ သိပ်ပြီးထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒီလင်မယားချွေချွေတာတာ ၀တ်စားကြတယ်လေ။ ရောင်းရသမျှဆိုင်ထဲပဲပြန်မြှုပ်နှံတဲ့သဘော။ အပျော်ဖတ်စာအုပ်တွေ၊ ကျောင်းပြဋ္ဌာန်းချက်တွေ မရောင်းလေတော့ သူတို့စာအုပ်ဆိုင်လေးက “ဖြောက်ဖြောက် ဖြောက်ဖြောက်” ရောင်းရတဲ့ ဆိုင်လေး။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ သခင်မြသန်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ သိန်းဖေမြင့်၊ ခင်မျိုးချစ်၊ အောင်သင်း၊ ဦးရွှေအောင်၊ ရွှေဘိုမိမိကြီး တို့ရဲ့ စာအုပ်မျိုးတွေ ရောင်းရာကနေ စာဖတ်ပရိသတ် တောင်းဆိုတဲ့ ခင်နှင်းယု၊ ခင်ဆွေဦး၊ ကလျာ၊ တက္ကသိုလ် ဘုန်းနိုင်တို့ တင်ရောင်းလာတယ်။ စာအုပ်ဝယ်သူတွေရဲ့ အလိုကို လိုက်ရင်း ရှင်ဆန္ဒာဓိက၊ ရဝေနွယ်(အင်းမ)၊ မေတ္တာရှင်(ရွှေပြည်သာ)၊ ဆရာကြီးဦးကြည်၊ ဂျူး၊ မင်းခိုက်စိုးစန် တို့ပါ ဖြန့်ချိရပါလေရော။

စာအုပ်ဝယ် ဆိုတာက စိတ်ကူးအမျိုးမျိုးနဲ့ လာကြတာ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်း ၀ယ်မလို့လာတာ၊ ဒါပေမဲ့ ဒေါက်တာ သန်းထွန်းရဲ့ ငါ ပြောချင်သမျှ ငါ့အကြောင်း တွေ့တဲ့အခါ ကောက်ဝယ်ချင် ၀ယ်သွားတာ။ လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များဝယ်ပြီး ငွေပိုငွေလျှံလေးကျန်သေးတော့ ဘုရားရှိခိုးအမျိုးမျိုးပါ ၀ယ်သွားသူ မျိုးလည်းရှိ။ ဖြောက်ဖြောက် ပေမယ့် တချို့ဈေးဝယ်တွေက ဒိပြင် စာအုပ်ဆိုင်ကြီးတွေ မြို့အနှံ့ ရှိပေမယ့် သူတို့ဆိုင်ကိုမှ ပုံမှန်အားပေးကြတဲ့ အမာခံ ဖောက်သည်တွေလည်းရှိတယ်။

ကုန်စည်ဒိုင်က ပဲအရောင်းအ၀ယ်ဆရာကြီးကိုကြည်လွင်လိုပုဂ်္ဂိုလ်၊ ဆန်ကုန်သည်များ အသင်းက ကိုသိန်းဇော်လိုလူ၊ သမိုင်းကျူရှင်ဆရာ ဦးသိန်းဟန်၊ ပွဲကုန်းက ဒေါက်တာစံရ၊ မဟာဝိသုဒ္ဓါရုံနဲ့ မြတောင်တိုက်ကဦးပဉ္စင်းတချို့၊ စစ်ကိုင်း မြစကြာကျောင်းတိုက် ဦးပဉ္စင်းတွေ၊ သူတို့လိုချင်တဲ့စာအုပ် ဒီဆိုင်မှာမရှိရင် မှာထားခဲ့တယ်။ နောက်တစ်ခေါက်မှယူမယ်။ အဲဒီအခါ ကိုထွန်းဆွေမင်း ဆိုင်ကယ် ဖင်ကြားညှပ်ပြီး အော်ဒါပေးထားတဲ့စာအုပ် မရ ရအောင် ရှာပြီ။

ဒီလိုနဲ့ လစဉ်ဝယ်သူတွေ၊ ပုံမှန် ဖောက်သည်တွေ တစ်လပြီး တစ်လ တိုးလာတော့တယ်။ သူတို့ သင်ပေး လို့ပဲ ဗလာစာအုပ်ပါ တွဲရောင်းတော့ အထိုက်အလျောက် ရောင်းရတာပါပဲ။

စာအုပ်ချည်းလား၊ ခဲတံလေး၊ ဘောလ်ပင်လေး ပါထားလေ။ ပြန်အမ်းစရာ  အနုပ်မရှိတဲ့ အခါ ဘောလ် ပင် အမ်းနေကြတာ၊ ပေတံ မရှိဘူးလား။ ခဲဖျက်ရော၊ ခဲသား ဘောလ်ပင် တင်ဦး၊ ဒီလိုနဲ့ မနှင်းခင်ရီ ဈေးချိုထဲက စာရေး ကိရိယာဆိုင်တွေဘက် ခြေဦး လှည့်တဲ့အခါ လှည့်ရတယ်။

စာအုပ်ရောင်းတယ် ဆိုတာ လာဝယ်သူက ဘာစာအုပ် မရှိဘူးလားလို့ မေးရင် ရှိပါတယ်။ ဒီမှာပါ ခင်ဗျာ၊ ဒီမှာပါရှင် ဆိုပြီး ၀ယ်သူ့လက် အပ်လိုက်ချင်တာ။ ဒါပေမဲ့ စာအုပ်တိုက် မျိုးစုံက စာအုပ်တွေကလည်း ထွက်လိုက်တာ၊ သူတို့ ဇနီး မောင်နှံ လိုက်မမီဘူး။

ဈေးဝယ် ဖြောက် ဖြောက်ဆိုတဲ့ စကားဟာ ဘာ အလင်္ကာ မြောက်တယ်တော့ သူတို့ ဇနီးမောင်နှံ သိကြပုံ မပေါ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့မိတ်ဆွေဆိုလည်း ဟုတ်၊ သူတို့ရဲ့ စာအုပ်ဝယ်ဖောက် သည်ဆိုလည်း ဟုတ်တဲ့ ဒေါက်တာ စိုးစန်ရဲ့ ဆေးခန်းကလည်း ဖြောက်ဖြောက် ထဲမှာပါတယ်။ ဒေါက်တာ စိုးစန်ရဲ့ ဆေးခန်းက မြို့စွန်မြို့ဖျား မဟုတ်သလို လူစည်ကားတဲ့မြို့အလယ်ကောင်လောက်မှာလည်းမဟုတ်ဘူး။

ဒါပေမဲ့ သူလိုအမ်ဘီဘီအက်စ်ဘွဲ့ တစ်ခုတည်း ပိုင်ဆိုင်ထားတဲ့ ဆရာဝန်ခမျာ ရှင်စန်္ဒိမာ လမ်းပေါ်မှာ အတော် ရုန်းရရှာတယ်။ ဒေါက်တာစိုးစန်က ကိုထွန်းဆွေမင်းတို့ဆိုင်က တိုင်းမ် မဂ္ဂဇင်းအဟောင်း၊ ရီးဒါးဒိုင်ဂျက်စ်အဟောင်းလေးတွေဝယ်ပြီး ဆေးခန်းမှာလူနာတွေစောင့်ရင်း ဖတ်လေ့ရှိတယ်။

လူချင်း ခင်လေတော့၊ ဘယ့်နှယ်လဲ ဆရာ ဆေးတွေ ၀ယ်လာတာ များလှချေလား၊ လူနာတွေ ကျတယ်လို့ ထင်တယ်မေးရင်၊ ဟုတ်ပါဘူးဗျာ၊ ဒါ ယောက္ခမကြီးအတွက် အ၀ယ်ခိုင်းလို့ ၀ယ်လာတာ၊ ဆေးခန်းဖွင့်တာ အင်္ဂလိပ်စာတော့ အတော်တိုးတက်လာပြီ ဆိုတဲ့ ဖြောက်ဖြောက်ဖြောက်ဖြောက်မျိုး။

မြန်မာ့ရေနံကအင်ဂျင်နီယာ ကိုတင့်လွင်နဲ့ ကွန်ပျူတာဆရာ ကိုမျိုးတို့ ခဏခဏ မေးကြလွန်းလို့ မန္တလေးမြို့ မြေပုံ၊ မြန်မာပြည်မြေပုံ၊ ကမ္ဘာမြေပုံ၊ အေဘီစီဒီ ကားချပ်၊ ကကြီးခခွေး သင်ထောက်ကူကားချပ် ပလတ်စတစ်လောင်းပြီးသားတွေ ချိတ်ထားလိုက်တယ်။ မဟာမုနိဘုရားကြီး ပုံတော်တွေ တောင် ပါလိုက်သေး။ ရွှေတိဂုံ၊ မဟာမုနိ၊ ကျိုက်ထီးရိုး ဘုရား စေတီကြီးသုံးဆူရဲ့ရုပ်ပုံတွေပါမကျန်ဘူး။

ဒါတွေလည်း ဖြောက် ဖြောက် ဖြောက်ဖြောက်နဲ့ ရောင်းနေရတာပဲ။ စာအုပ် ဆိုင်သက်လေး အတော် ရလာတော့ ကိုထွန်းဆွေမင်းက စာအုပ်လာဝယ် သူတွေကို ခန့်မှန်းတဲ့ အကျင့် ကျင့်ကြည့် တယ်။ ဒီပုဂ်္ဂိုလ် ကြည့်ရတာ ရှေ့နေ ထင်ပါရဲ့။ ဒါဆိုရင် သူတို့ဖောက်သည် ရှေ့နေ ဦးထွန်းဝေနဲ့များ စာအုပ် အကြိုက်ချင်း တူလေမလား။ အတွေးအမြင်၊ ရွက်နုဝေ၊ အောင်ပင်လယ်၊ ရနံ့သစ် မဂ္ဂဇင်းတွေကို ရောင်းရမယ် ထင်ပေမယ့် “ရေးပေးပါ” လို သူ့မြေးအရွယ်တွေဝယ်လေ့ ရှိတဲ့စာအုပ် ရှိသလားမေးချင် မေးတာမျိုး။

ဒီကလေးမ တစ်သိုက် ကတော့ ကွန်ပျူတာ စာအုပ်တွေ လှန်လှောကြမယ် ထင်ပါရဲ့။ ဖိုတိုရှော့တွေ၊ ၀င်းဒိုးစ်တွေ၊ ကိုရယ်ဒရောတွေ ရှိရဲ့လားလို့ ကိုထွန်းဆွေမင်း မျက်လုံးနဲ့ ကြိုရှာ ထားပေမယ့် သူတို့မေးတဲ့ စာအုပ်က မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ပြုစုတဲ့ သညာသိနှင့် ပညာသိဆိုတဲ့ သုဒ္ဓ၀ိပဿနာကျင့်စဉ်စာအုပ်  ဖြစ်ချင်ဖြစ် တတ်တယ်။

ကိုထွန်းဆွေမင်းနဲ့ မနှင်းခင်ရီတို့ ခမျာလည်း စာအုပ်ဆိုင် ဖွင့်ခါမှ သူတို့နဲ့ အသက်အရွယ် မတိမ်းမယိမ်းတွေက ဦးလေး၊ ဦးကြီးတို့၊ ဒေါ်ကြီး၊ အန်တီတို့ အခေါ် ခံရလို ခံရနဲ့။ တစ်ခါတစ်ရံတော့ ကိုထွန်းဆွေမင်း မှန်းချက်နဲ့ နှမ်းထွက် ကိုက်တယ်။ ဒီချာတိတ် သုံးယောက်ကတော့ ကဗျာစာအုပ် ၀ယ်မယ့် ချာတိတ်တွေလို့ ထင်မိတာ။မောင်ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင်သာမက စောဝေ၊ နွယ်စိမ်းဝေဆိုတဲ့ ဆိုင်ကပ် နေတတ်တဲ့ ဝေနှစ်ပါး ၀ယ်သွားသလိုမျိုးကြုံရရင်အလွန်ပျော်တာပေါ့။

ဒါပေမဲ့ အဲဒီနေ့ ကိုထွန်းဆွေမင်း နာမည် ပေးခက်တဲ့ ခံစားမှု တစ်ခုခံစား လိုက်ရတယ်။ စာအုပ် လာဝယ်သူတွေရဲ့ ဒီဇိုင်းတွေက ဈေးသူ ဈေးသား ထင်ပါရဲ့။ မော်တော်ကားနဲ့ လာတာ။ သပ် သပ်ရပ်ရပ်ဝတ်စားလာကြတာ။ အချိန်ကလည်း ဈေးချိုမှာ ဆိုင်ခင်းကြ၊ မန်းမြန်မာပလာဇာမှာ ဆိုင်ထွက်ကြတဲ့အချိန်။

အဒေါ် အရွယ်နဲ့ တူမ အရွယ်နှစ်ယောက် ကားပေါ်က ဆင်းလာကြတာ။ သားအမိလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါဆရာမ ခင်နှင်းယုပရိသတ်၊ ဒါမှမဟုတ် ဆရာမကြီး လူထုဒေါ်အမာ ပရိသတ်ထင်ရဲ့။အမေ့ရှေးစကားလား၊ဇီဝဇိုးလား။

“၀သုန္ဓရေလက်ရေးဆိုတဲ့စာအုပ်ရှိသလား”

ကိုထွန်းဆွေမင်း ထိတ်ထိတ်ပျာပျာဖြစ်ပြီး ရှော့ခ်ရ သွားတယ်။
၁၉၈၇ ကာလဆီက ထွက်ခဲ့တဲ့ ၀တ္ထုတိုစုစည်းမှုစာအုပ်လေး။ မန္တလေးမြို့က ထုတ်ဝေတဲ့ လက်ခုပ်သြဘာ သံတွေညံခဲ့တဲ့ ဒီစာအုပ်လေး။ သူမှတ်မိတယ်။ သူ့ဆိုင်ကတင် အုပ်သုံးလေးဆယ် လောက် ရောင်းခဲ့ရဖူးတယ်လေ။ ဟေ့ကောင် စဉ်းစား စမ်း၊ အဟောင်းဆိုင် တစ်ခုမှာ မင်းတွေ့ခဲ့ဖူးတယ်လေ။ အဲဒီ ဆိုင်ညွှန်းရအောင် ထွန်းဆွေမင်း ပြန်စဉ်းစားစမ်း။ အမြန်စဉ်းစားပေမယ့်စဉ်းစားလို့မရဘူး။

စဉ်းစားလို့မရတာ ဒီလိုကား၊ ဒီလိုအဆင်အယင်နဲ့ ၀သုန္ဓရေလက်ရေးဆိုတဲ့စာအုပ်နဲ့ ဘယ်လိုမှ ဆက်စပ်မရတာလည်းပါတယ်။ ကိုထွန်းဆွေမင်းက အရိုးခံအတိုင်း ပြောလိုက်တယ်။

“ဒီစာအုပ်က ထွက်ခဲ့တာ ကြာသွားပြီ။ ကျွန်တော့်ဆိုင်မှာ မရှိပါဘူးခင်ဗျာ၊ အဟောင်းဆိုင် တွေမှာမှရှိလိမ့်မယ်။ကျွန်တော်ရှာထားပေးရမလားခင်ဗျာ”

ဟုတ်ကဲ့လို့ အမျိုးသမီး နှစ်ယောက်ပြိုင်တူ ဖြေကြပြီး အသက် နည်းနည်းကြီးသူက “ကျွန်မတို့ ဖုန်းနံပါတ် ပေးခဲ့မယ်၊ အဲဒီစာအုပ်ရရင်  ဖုန်း ဆက်ပေးပါလားရှင်”

ကိုထွန်းဆွေမင်း ခေါင်းလည်း ညိတ်သလို ပါးစပ်ကလည်း ဟုတ်ကဲ့လို့ ပြော လိုက်မိတယ် ထင်ပါရဲ့။
ပြည်သူချစ်သော အနုပညာသည်များ စာအုပ်နဲ့ အမေ့ ရှေးစကား ပ-ဒု-တ သုံးတွဲ စလုံး ရောင်းလိုက်ရတယ်။
သူတို့တစ်တွေ ဆိုင်က ထွက်သွားပြီး ခဏနေမှ ကိုထွန်းဆွေမင်း သတိရတော့တယ်။ ၀သုန္ဓရေလက်ရေးစာအုပ်ကို အာဇာနည်လမ်းပေါ်က ကိုခင်မောင်ရဲ့ စာအုပ်အဟောင်းဆိုင်မှာ သူတွေ့ခဲ့ဖူးတယ်။ သူလည်း ဖတ်ဖူးပြီး ကြိုက်တဲ့စာအုပ်ကို အခုလို လာမေးတော့ ကိုထွန်း ဆွေမင်း မရရအောင် ရှာပေးချင်မိတယ်။ နေနှင့်ဦး၊ ပိုက်ဆံ မရှိသေးလို့၊ ငါ့မှာများ ပိုက်ဆံ ရှိရင် ဒီစာအုပ်မျိုး ပြန်ထုတ်မယ်လို့ ကြုံးဝါးတဲ့ အထဲမှာ ၀သုန္ဓရေလက်ရေး စာအုပ်လည်း တစ်အုပ် အပါအ၀င်ပေါ့။

ဆရာဝင်းစည်သူ၊ မိုးမိုး (အင်းလျား)၊ နုနုရည် (အင်းဝ)၊ ခင်ပန်နှင်း၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ ညီပုလေးတို့ အမျိုးသားရေးတာဝန်ကျေခဲ့ကြတဲ့ လက်ရာတွေ။ ဒီစာအုပ် ပြန်ထုတ်ခွင့်ရရင် စာရေးဆရာတွေကိုလည်း ဉာဏ်ပူဇော်ခ စို့စို့ပို့ပို့ ကန်တော့လိုက်ဦးမယ်လို့ တေးထားတဲ့ စာအုပ်။

အရောင်းအ၀ယ်ပါးနေချိန်မှာ ဆိုင်ရှေ့ကို မော်တော်ဆိုင်ကယ် မပြောနဲ့ စက်ဘီးနဲ့ ဖြစ်ဖြစ်၊ ခြေကျင်ပဲဖြစ်ဖြစ် လူတစ်ယောက်ယောက်လာရပ်ပြီး ဆိုင်ဘက်ကြည့်နေရင် ကိုပဲ မျှော်လင့်တကြီးနဲ့ ပျော်ရတာ မဟုတ်လား။ ရောင်းရ ချေသေးရဲ့၊ ရောင်းချင်လွန်း လို့လေ။

ဒီတစ်ခါတော့ အမျိုးသမီးလေး တစ်ယောက် သပ်သပ်ရပ်ရပ်၊ ဣနြေ္ဒရရလေး။ အသက်တော့ အစိတ်နဲ့သုံး ဆယ်တွင်းလောက် ရှိပေ မပေါ့။ မော်တော်ဆိုင်ကယ် ပေါ်က ဆင်းတာလည်း အေးအေးဆေးဆေး။ ဒီဆိုင်မှာ ၀ယ်နေကျ ဖောက်သည် ဟန်မျိုး။ သူစီးလာတဲ့ မော်တော် ဆိုင်ကယ်ကလည်း သူဝတ် စားထားသလိုပဲ သစ်သစ် လွင်လွင် ပြောင်ပြောင်လက်လက်။ ကုမ္ပဏီဝန်ထမ်းလား၊ ဘဏ်ဝန်ထမ်းလား၊ တက္ကသိုလ် တစ်ခုခုက ဆရာမလေး လေလား။ ဒါမှ မဟုတ်အတော်အတန်ပြည့်စုံတဲ့အသိုင်းအ၀ိုင်းကလား။

စာအုပ်စင်ပေါ်က စာအုပ်တွေကို တစ်ချက် ဝေ့ကြည့်ပြီး သင်ထောက်ကူ ကားချပ်တွေ၊ မြေပုံကားချပ် တွေဆီ သူ့မျက်လုံးလေး ရောက်သွားတယ်။ က ကလေးငယ် ချစ် စဖွယ်လား၊ အေဖော် အဲရိုး ပလိန်းလား။ ဒါမှမဟုတ် ကိုး န၀င်း မိုးလင်းမှသိမယ်ဆိုတဲ့ အဆင့်ကိုးဆင့်ပါတဲ့ ပုတီးစိပ်နည်းကားချပ်လား။

စာအုပ်သည် ဆိုတာ ၀ယ်သူရဲ့ လိုအင်ကို ဖြည့် ဆည်းရင်း ဆိုင်ကလေးဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားရတာ ဟုတ်လား။ အခုလာတဲ့ အမျိုးသမီးလေးရဲ့ လိုအင်ကို သူတို့ လင်မယား ဘယ်လို ဖြည့်ဆည်းကြမလဲ။ အမျိုးသမီးလေးက “တရုတ်စာနဲ့ ရိုက်ထားတဲ့ မြန်မာပြည် မြေပုံတို့၊ မန္တလေး မြို့မြေပုံတို့ ရှိသလား”တဲ့။ သူတို့ လင်မယားနှစ် ယောက်ခမျာ ပါးစပ် အဟောင်းသားနဲ့။
ညီပုလေး
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments: