ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲ(ဒေလီ)

၃-၃-၂၀၁၁
    (၂) ရက်ကြာ မြန်မာ့အရေးရာ ဆွေးနွေးပွဲတခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ယနေ့စတင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratization on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး BCD (Burma Centre Delhi) နှင့် ယင်းကောလိပ်တို့က ဦးစီးကျင်းပခဲ့သည်ဟု သိရသည်။ ယနေ့ ကျင်းပသည့် ပထမပိုင်း အစီစဉ်တွင် မြန်မာပြည်ဆိုင်ရာ အိန္ဒိယ သံအမတ်ဟောင်းနှင့် နိုင်ငံခြားရေးဌာန အတွင်းဝန်ဟောင်း ရှယ်မ်ဆရန် (Shyam Saran) နှင့် ဖို့ဒ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စစ် ဗီနာဆီကရီ (Amb.Veena Sikri) တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ မစ္စတာ ရှယ်မ်ဆရန်မှာ လက်ရှိ အိန္ဒိယ၏ ဗမာပြည်ဆိုင်ရာ မူဝါဒဖြစ်သည့် အလုပ်သဘောဆက်ဆံရေး (Working Relationship) ကို ဖော်ထုတ်ရာတွင်အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူတဦးဖြစ်သည်။

ဂျမီးယား မီလီယာ အစ္စလမ်မီးယား တက္ကသိုလ်မှာ မစ္စတာ ဗလာဒတ် ဂိုရှယ်လ် (Baladas Ghoshal, Academy of Third Word Studies, Jamia Milia Islamia) က မြန်မာပြည်ကို အထီးကျန်ထားရေးထက် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများအကြား လက်တွဲခေါ်ဆောင်ဖို့ လိုအပ်ကြောင်း၊ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်ကြောင်း၊ မြန်မာပြည်မှာ လူလတ်တန်းစား တိုးပွားအောင် လုပ်ဆောင်ပြီး တဖြည်းဖြည်းနှင့် ဒီမိုကရေစီကို ပြောင်းလဲ ယူသွားရမည်လို့ ပြောကြားခဲ့ပါသည်။ JNU တက္ကသိုလ်မှ အရှေ့တောင် အာရှ လေ့လာရေးဌာနမှ မစ္စစ် မိုဟီနီကောလ် (Man Mohini Kaul,Southeast Asian Studies,JNU) က လက်ရှိဗမာပြည် အစိုးရဟာ အရပ်ဖက် စစ်အစိုးရဖြစ်ကြောင်း၊ လူထုပါဝင်ပတ်သက်မှုတွေ ရှိလာပြီဖြစ်ကြောင်းနှင့် အရေးယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်ကြောင်း၊ အရေးယူ ပိတ်ဆို့မှုတွေဟာ စစ်အာဏာရှင်တွေထက် လူထုကို ပိုမိုထိခိုက်ကြောင်း ဆွေးနွေးသွားခဲ့သည်။

မဇ္ဈိမ သတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ ညစ်ပတ်မှ မတရားမှုတွေရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း။ အကြောင်းကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန်ဆိုးဝါးနေပြီး အလျှင်အမြန် အရေးယူဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

အထက်ပါ ဆွေးနွေးချက်တို့ကို မြန်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်သန်းက စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံဟာ တရားမ၀င်ရေးဆွဲ အတည်ပြုထားသလို ဒီမိုကရေစီစံတွေနဲ့ လုံးဝ မကိုက်ညီဘူး၊ လွတ်တော်ထဲမှာ စစ်တပ်က လေးပုံတပုံ ယူထားရုံမကပဲ အမျိုးသားလုံးခြုံရေးကောင်စီဆိုပြီး ဖွဲ့ထားတယ်၊ သူ့မှာ အာဏာသိမ်းခွင့်တောင် အပ်နှင်းထားတယ်၊ အဖွဲ့ဝင် (၁၁) ယောက်ရှိတာမှာ (၇) ယောက်ဟာ စစ်တပ်ကဖြစ်တယ်၊ ဒီလို အခြေနေမှာ ဒီမိုကရေစီရဖို့ အခွင့်လမ်း တံခါးပေါက်တွေရှိတယ်ဆိုတာ တကယ်ယုံကြည်သလားလို့ ဂိုရှယ်မ်နှင့် မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်ကို မေးခွန်းထုတ်ခဲ့ပါသည်။

ပြီးတော့ ဆန်ရှင်ဟာ လူထုကိုပဲ ထိတယ် စစ်တပ်ကို မထိဘူးဆိုတာ လက်မခံဘူး၊ ဆန်ရှင်ကြောင့် အလုပ်လက်မဲ့ဖြစ်တဲ့သူဟာ ၅- သောင်း ၆- သောင်းပဲရှိတယ်၊ ပြည်ပမှာ တရားမ၀င် အလုပ် လုပ်နေတဲ့ လူဦးရေက ၅- သန်းကျော်ရှိတယ်လို့ဆိုတယ်၊ ဆန်ရှင် ရုတ်သိမ်းတာနဲ့ ပြည်ပက တရားမ၀င် အလုပ်သမားတွေဘ၀ ပြေလည်သွားမည်လို့ ယုံကြည်ပါလား၊ တကယ်တော့ မြန်ပြည်လူထုဟာ စစ်အုပ်စုကိုယ်တိုင်လုပ်တဲ့ ပိတ်ဆို့မှုတွေကြောင့် ဆင်းရဲ ကြပ်တည်းနေရတာက ပိုပါတယ်၊ သွင်းကုန်ထုတ်ကုန်တွေကို ပိတ်ဆို့ထားတယ်၊ ဥပမာအားဖြင့် ဒေါ်လာ ၃၀ လောက်သာရှိတဲ့ ဖုန်းတလုံးကို ဗမာပြည်တွင်းမှာ ၁၅ သိန်းလောက် ပေးဝယ်နေရတာတွေဟာ စစ်အုပ်စုရဲ့ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပါသည်။ အခမ်းအနားတက်ရောက်လာသူများကို နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

ရာမ(ဒေလီ)

No comments: