ဤစာကို ရေးခြင်းမှာ စာရေးသူ၏ အသိ၊ အမြင်၊ အကြားတို့ဖြင့် တဆင့်တင်ပြခြင်း ဖြစ်သည်။ ယနေ့ ခေတ်ကာလတွင် လိုအပ်နေသော စာဟုလည်း စာရေးသူ ယူဆပါသည်။ ထိုသို့သော စာများကို ရေးဝံ့သော်လည်း ထုတ်ဝေခွင့်မရှိပါ။ ထိုသို့စာပေမျိုးကို နောက်စာပေ အမျိုးဆက် များတွင် ရေးသူများ နည်းပါးလာကြမည်မှာ ငြင်းဖွယ်မရှိ။ အကြောင်းတရား ပေါင်း သောင်း ခြောက်ထောင်ကြောင့် မရေးခြင်း ဖြစ်ပါလိမ့်မည်။ မည်သူမျှ မရေးသော စာမျိုးမဟုတ်ပါ။ အရှေး၌ ဆရာအမော် ပုဂ္ဂိုလ်ကျော်တို့ ရေးပြီးကြပြီ ဖြစ်သည်။ စာရေးသူ၏ စာကိုဖတ်ပြီး စာရေးသူကို မုန်းမည်ဆိုလျှင် သူရေးသူသည် ပြုံးလျှက်ပင် ဖြစ်ပေမည်။ ၎င်းအမုန်းတရားကို ခံယူရန် အသင့်ပင်ဖြစ်သည်။ အမုန်းတရားတို့ကို ပွားများရန် ရေးခြင်း မဟုတ်ပါ။ ပဋိပက္ခ ဖြစ်ရန်ရည်ရွယ်ခြင်းလည်း လုံးဝ မဟုတ်ပါ။ ထိုစာကြောင့် အမုန်းတရားများ ပွားများပြီး ပဋိပက္ခ မဖြစ်စေရန် မိမိကိုယ်ကိုယ် မိမိစောင့်ရှောက်ရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။ စာဖတ်သူတို့သည် စာရေးသူ၏ စာအားဖတ်ခြင်း တူသော်လည်း ခံယူချက်ခြင်း မတူ၊ အမြင် ကွဲပြားခြင်းတို့ ဖြစ်သည်ဆိုလျှင် စာဖတ်သူတို့ ခံယူချက်နှင့် သက်ဆိုင်ပါလိမ့်မည်။ ဤမှာ စကားပလ္လင်ခံခြင်းသာတည်း။
ဦးစွာ အကြောက်တရား အားကြီးပုံကြောင့် ပျက်စီးခဲ့ရသည်ကို တင်ပြပါမည်။ ယနေ့ ဗမာပြည်သူများသည် အကြောက်တရားတို့ဖြင့် လွမ်းမိုးထားခြင်းကို ခံထားကြရသည်။ အမှန်မှာ ကြောက်ရမည့်တရားကို ကြောက်ရမည်သာ ဖြစ်သည်။ သို့သော် မကြောက်သင့် ပါပဲလျက် ဒူးတတုန်တုန် ရင်တခုန်ခုန်ဖြင့် ကြောက်နေကြသည့် အဖြစ်ကို ဆိုလိုသည်။ ရန်သူမျိုး ငါးပါးဟူသည် ကြောက်စရာကောင်းသော တရားများသည်။ ထိုတရားများကို ကြောက်ကြရပေမည်။ ထိုရန်သူမျိုး ငါးပါးသူသည်မှာ (၁) ရေ၊ (၂) မီး၊ (၃) မင်း၊ (၄) ခိုးသူ၊ (၅) မချစ်မနှစ်သက်အပ် အမွေခံသားသမီးဆိုး ဟူသတည်း။
ထိုရန်သူမျိုး ငါးပါးတို့တွင် မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်အပ်သော အမွေခံသားသမီးဆိုး တို့သည် တိုက်ရိုက်ဖြင့် တနည်း၊ သွယ်ဝိုက်ကာ တဖုံ ပတ်သက်နေပါသည်။ ရန်သူမျိုး ငါးပါး ထဲမှ မင်းဟူသည်မှာ မင်းကျင့်တရားဆယ်ပါးနှင့် ပြည်စုံသော။ ပြည်သူအများမှ ရွေးချယ် တင်မြောက်ခံထားရသော အာဏာပိုင် သမ္မတ၊ ၀န်ကြီးချုပ်စသည်တို့ကို ဆိုလိုသည်။ ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ပြီး နိုင်ငံ၊ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့၊ ရွာ၊ ဇနပုဒ်ပါမကျန် နယ်ပယ်၊ ဒေသများကို ဖွံ့ဖြိုး တိုးတက်ပြီး သာယာဝပြောအောင် ဆောင်ရွက် လိုစိတ်ရှိသူ မင်းကို ဆိုလိုသည်။ ကျောသားရင်သား မခွဲခြားသူ၊ မနာလို တွန့်တိုစိတ် မရှိသူ၊ လောဘ, ဒေါသ, မောဟ မကြီးသူ၊ မာန်မာန မထောင်လွှားသူ၊ အာဃာတ မထားသူ၊ ဒုက္ခိတ သတ္တ၀ါများကို သနားတတ်သူ၊ သုခိတ သတ္တ၀ါများကို မုဒိတာပွားနိုင်သူ၊ သတ္တ၀ါများကို မေတ္တာထားသူ၊ ကာယဗလ ညာဏဗလပြည်စုံသူ၊ ရုပ်ရည် ဥပဓိတင့်တယ်သူ၊ ဘာသာတရား များကို တန်ဘိုးထားတတ်သူ၊ ယဉ်ကျေးမှု အမွေအနှစ်ကို မြတ်နိုး ထိန်းသိမ်းတတ်သူ၊ အခြားသော လူမျိုး, တိုင်းပြည်, ယဉ်ကျေးမှုကို လေးစားသမှုပြုသူ စသည်စသည်တို့နှင့် ပြည့်စုံသူ မင်း၊ သမ္မတ၊ ဝန်ကြီးချုပ် စသူတို့ကို ဆိုလိုသည်။
ထိုသို့ နာယဂုဏ်နှင့် ပြည့်စုံပြီး မင်းကျင့်တရားဖြင့် အုပ်ချုပ်သော မင်းကို ပြည်သူ များ၏ သဘောဆန္ဒအရ ရွေးချယ်တင်မြောက်ထားခြင်း ဖြစ်သောကြောင့် ပြည်သူအားလုံး တို့ကလည်း ကြောက်၊ ချစ်၊ ရိုသေ၊ လေးစား တန်ဘိုးထားရပေမည်။ ထိုသို့သော မင်းကောင်း မင်းမြတ်ကို မလေးမစား ပမာမခန့် မပြုအံ့။ ထိုမင်းကောင်းမင်းမြတ်၊ အာဏာအပ်နှင်း ခံထားရသော တာဝန် ရှိ အစိုးရအဖွဲ့မှ ထုတ်ပြန်သော စည်းမျဉ်း ဥပေဒေ၊ ကာလဒေသအရ ထုတ်ပြန်သော ကြေငြာချက် စသည်တို့ကို လိုက်နာခြင်း မရှိဘဲ ဆန့်ကျင် အံ့တုမှုမျိုးကို မလုပ်သင့်ပါ။ အဘယ်ကြောင့် ဆိုသော် ပြည်သူအားလုံး၏ သဘောဆန္ဒနှင့် ရွေးချယ် တင်မြောက်ခံထား သော မင်းကောင်းမင်းမြတ်၏ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင် ဟူသမျှသည် ရွေးချယ် ထားကြသော ပြည်သူများ၏ သဘောဆန္ဒပင် ဖြစ်သောကြောင့်တည်း။ ထိုသို့မဟုတ်ဘဲ မလေး မစား၊ ပမာမခန့်ပြုပြီး ဆန့်ကျင်အံတုသည်ဆိုလျှင် အများပြည်သူကို ဆန့်ကျင်အံတု သည်နှင့် အတူတူပင်ဖြစ်သည်။ အများပြည်သူ၏ ဆန္ဒသဘောထားကို မလေးစားရာရောက် နေသော ကြောင့်ပင်ဖြစ်သည်။ ထိုသို့ ဆန့်ကျင်၊ အံတု၊ မလေးမစားပြုနေသော အများပြည်သူ၏ ဆန္ဒကို မလေးစား သောသူကို စည်းမျဉ်း ဥပဒေအရ အရေးယူ ပြစ်ပေး ဆုံးမ ရမည်ပင်ဖြစ်သည်။ ထိုထို မင်း၊ သမ္မတ၊ ၀န်ကြီးစသည့် တာဝန်ရှိပုဂ္ဂိုလ်များသည် အဘုန်း တန်ခိုး ကြီးသူများ ဖြစ်သောကြောင့်လည်းကောင်း၊ ကုသိုလ်ကံထူးသော သူတော်ကောင်းဖြစ်သောကြောင့် လည်းကောင်း၊ ပြည်သူများ၏ ကိုယ်စားလှယ်ဖြစ်သောကြောင့်လည်း ချစ်၊ ကြောက်၊ ရိုသေ၊ လေးစားကြမည်သည်။ ဤသည်မှာ ကြောက်သင့်သည်ကို ကြောက်ခြင်းဖြစ်သည်။
အထက်ပါ အချက်အလက်တို့နှင့် ဆန့်ကျင်၍ အကျင့်၊ ဗိုလ်ကျ၊ အာဏာလုယူ ထားသော မင်းဆိုး မင်းညစ်မှာကား နိုင်ငံ၊ လူမျိုး၊ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့၊ ရွာ၊ ဇနပုဒ် စသည့် မည်သည့် နယ်ပယ်တို့ကို အကောင်ကျိုးပေးရန် မဟုတ်သောကြောင့် ကြောက်ရန် မလိုအပ်ပေ။ ဘက်လိုက်သူ၊ မနာလို တွန့်တိုသူ၊ လောဘ, ဒေါသ, မောဟ ကြီးသူ၊ မာန်မာန ထောင်လွှားသူ၊ အာဃာ ထားသူ၊ ဒုက္ခိတ သတ္တ၀ါများကို မသနားတတ်သူ၊ သုခိတ သတ္တ၀ါ များကို မုဒိတာ မပွားနိုင်သူ၊ သတ္တ၀ါများကို မေတ္တာမထားသူ၊ ကာယဗလ ညာဏဗလ မပြည်စုံသူ၊ ရုပ်ရည်ဥပဓိ မတင့်တယ် ကြမ်းတမ်းသူ၊ ဘာသာတရား များကို တန်ဘိုးမထား မလေးစားသူ၊ ယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်လိုဖျက်ဆီး မထိန်းသိမ်း မစောင့်ရှောက်သူ၊ အခြားသော လူမျိုး, တိုင်းပြည်, ယဉ်ကျေးမှုကို မလေးမစား ဆက်ဆံ သမှုပြုသူ စသည်စသည်တို့နှင့် မပြည့်စုံသူ မင်းဆိုး၊ သမ္မတဆိုး၊ ဝန်ကြီးချုပ်ဆိုး စသူတို့ကို ဆိုလိုသည်။
ထိုသို့ ဆိုးရွား ယုတ်မာ၊ သော့သွမ်းလှသော ပုဂ္ဂိုလ်မျိုးကို မည်သည့်ပြည်သူမှ ကြိုက်နှစ်သက်လိမ့်မည်မဟုတ်။ ထိုသို့ အယုတ်တမာ ပုဂ္ဂိုလ်ကို မည်သည့် ပြည်သူများကမှ ရွေးချယ်လိမ့်မည်မဟုတ်၊ တင်မြောက်လိမ့်မဟုတ်ပါ။
ထိုမင်းဆိုး မင်းယုတ်တို့သည် အာဏာတည်မြဲရန် သူတပါးတို့၏ ဘဝများစွာ ချနင်း နိုင်သည်။ လူသားတို့၏ အသက်ကိုလည်း မသနား၊ မညှာတာဘဲ လူသားတံတိုင်းပြုလုပ်ကာ အာဏာတည်မြဲရန် စတေးတတ်ကြသည်။ ပြဿနာအမျိုးမျိုးကို ဖန်တီးကာ ထိုပြဿနာအား တပါးသူများကို လက်ညှိုးထိုး လွှဲချကာ အပြစ်ပုံချပြီး အာဏာတည်မြဲရန် ဗြောင်လိမ်ဗြောင်စား အရှက်မဲ့စွာ ပြုလုပ်တတ်ကြသည်။ မင်းဆိုးမင်းယုတ်တို့၏ သဏ္ဍန်၌ အရှက်၊ အကြောက်၊ သီလ၊ သမာဓိ၊ သစ္စာစသော မင်းကျင့်တရားတို့ မရှိရကား ထိုသို့ သီလ၊ သမာဓိနှင့် ပြည့်စုံ သော သူတော်ကောင်း ပုဂ္ဂိုလ်များကို နည်းမျိုးစုံဖြင့် ညှင်းပန်း နှိပ်စက်တတ်ကြသည်။ ပြည်သူ များ ထဲမှ ပြည်သူများအချင်းချင်း အုပ်စုခွဲ၍ ရန်တိုက်ပေးသည်လည်း ရှိသည်။ ရာဇဝတ်မှု ကျူးလွန် ထားသော သူတို့ကို အပြစ်ပေး ရေးယူမှုမပြုဘဲ လူမိုက်ဂိုဏ်းဖွဲ့စေ၍ သီလ၊ သမာဓိနှင့် ပြည့်စုံသော သူတော်ကောင်းများအား နှောက်ယှက်၊ အနိုင်ကျင့်ရန် ရည်ရွယ် ချက်ဖြင့် စီမံကာ ပြည်သူအချင်းချင်း သွေးခွဲအုပ်ချုပ်တတ်ကြသည်။ လူတဦးနှင့် တဦး၊ လူမျိုး တမျိုးနှင့် တမျိုးကို ချစ်ကြည်ရင်းနှီးမှု မရှိစေဘဲ နည်းမျိုးစုံဖြင့် သွေးခွဲတတ်ကြသည်။
ထိုသို့ ရွံရှာစက်ဆုပ်ဖွယ်ဖြစ်သော မင်းဆိုးမင်းယုတ်တို့၏ အစုအဖွဲ့သည် ကြီးထွား လာသည်နှင့်အမျှ သူတော်ကောင်းတို့သည် နှောက်ယှက် ညှင်းပန်းမှု အမျိုးစုံရှိရကား ထင်ပေါ် စွာ မနေဝံ့တော့ဘဲ အစွန်းအဖျား၊ တောခြေများသို့ ဖဲခွာ ရှောင်ကြဉ် သွားကြမည်ဖြစ်သည်။ လူမိုက်တို့ ကြီးစိုးသော အချိန်သည် သူတော်ကောင်းတို့ နေရာမရ ဖဲကြဉ် ခံရကြသည်မှာ ဓမ္မပင်ဖြစ်သည်။ သူတော်ကောင်းများ နည်းပါးလာသောအချိန်တွင် လူဆိုးလူမိုက်တို့ ကြီးစိုး နေရကား အုပ်ချုပ်ခံ လက်အောက်ငယ်များသည် မျက်နှာလိုမျက်နှာရဖြင့် အကျင့်စာရိတ္တတို့ကို စွန့်ပယ်ပြီး လူမိုက်များ၏ အခိုင်းအစေဖြစ် အများအပြား ပြုလုပ်လာတတ်ကြသည်။ ထိုသူများသည် ပြည်သူလူထု အချဉ်ဖတ် ဖြစ်သွားတော့သည်သာ။ ထိုပုဂ္ဂိုလ်များသည် သခင်အားရ ကျွန်ပါးဝဆိုသည့်နည်းတူ လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေး အဓိကရုဏ်း စသည့် ကြီးမား ကျယ်ပြန့် ဖြေရှင်းရန်ခက်သည့် ပြဿနာများစွာကို ဖြစ်ပေါ်စေရန် အောက်ခြေမှ ပြည်သူ့ အချဉ်ဖတ်တို့သည် သခင်အားရစေရန် ထမင်းနပ်မှန်ရန် တနပ်စားညဏ်တို့ဖြင့် ပြဿနာ များကို ဖန်တီးကြတော့သည်။ ပြည်သူ့ အချဉ်ဖတ် အများစုသည် လောကဝတ်၊ ဓမ္မဝတ်တို့ကို သွေဖီကာ ပျင်းရိခြင်း၊ လက်ကျောမတင်း၊ ခိုး၊ ဆိုး၊ လုယက်နေကြသော အကျင့်ပျက် ပုဂ္ဂိုလ် များသာ အလုပ်မလုပ်ဘဲ အချောင်နေချင်သည့်အတွက် သခင်အားရလုပ်တတ်ကြပေသည်။ ပြည်သူလူထုမှ ထိုမင်းဆိုးမင်းယုတ်များကို အလိုမရှိသောအချိန်၊ အခြေခံပြဿနာများကို အမြန် ဖြေရှင်းရန် အပြင်းအထန် တောင်းဆိုနေသော အချိန်တို့၌ ထိုသို့ အဓကရုဏ်းစရှိသော ပြဿနာများကို ဖန်တီးကာ အခြေခံပြဿနာများကိုလည်း မရှင်း၊ အာဏာကိုလည်း လက်မ လွှတ်ဘဲ အချင်းချင်း ပြဿနာတက်စေပြီး နိုင်ငံအတွင်း တည်ငြိမ်မှုကို အကြောင်းပြကာ လက်နက်အားကိုးဖြင့် အာဏာကို သိမ်းပိုက်တော့သည်။ ဤသည်မှာ စစ်မှန်သော အေးချမ်း သာယာသည့် နိုင်ငံတော်ထူထောင်ကြမည့် ပြည်သူတို့၏ သတိထားဖွယ် တခုပင် ဖြစ်သည်။
ယနေ့ကမ္ဘာကြီးသည် အကျွန်ုပ်တို့၏ အိမ်သဖွယ်ဖြစ်ရကား မိမိတို့၏ အိမ်၌ ယုတ်ညံ့၊ ဆိုသွမ်းသူတို့ မရှိစေရန်မှာ ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်နေကြသော လူသားတိုင်းတွင် တာဝန်ရှိကြသည်။ အထူးသဖြင့် အမှန်တရားကို မြတ်နိုးသော ပုဂ္ဂိုလ်တို့သည် ပို၍ တာဝန် ရှိသည်။ နိုင်ငံတနိုင်ငံ၊ အစုအဖွဲ့တစု၊ နယ်ပယ်တခုတို့တွင် ဆိုးသွမ်း ယုတ်မာမှုများရှိလာလျှင် ထိုနယ်အသီးသီးတို့နှင့် တိုက်ရိုက်သက်ဆိုင်နေကြသည့် လူပုဂ္ဂိုလ်များကပင် ဖြေရှင်း ပို၍တာ ဝန်ရှိပေသည်။ တာဝန်ရှိသည်နှင့်အတူ မည့်သို့မည်ပုံ ဖြေရှင်းရမည်ဆိုသည့် နည်းလမ်းကို သိရန်ရှေးမဆွပင် သိရန်လိုအပ် နေပေလိမ့်မည်။ ထိုသို့နည်းလမ်းကောင်းများ ရရန်အတွက် ကြီးမားသော အထောက်အပံ့ကား အမှန်တရားကို မြတ်နိုးသောစိတ်၊ လွတ်လပ်ချင်း၏ အနှစ်သာရနှင့် လွတ်လပ်ချင်သောစိတ်တို့ မရှိမဖြစ် လိုပေသည်။ ထိုသို့ ကောင်းစွာ စိတ်ဆန္ဒ ရှိပါမှာ နည်းလမ်းတို့သည်လည်း ရရှိလာပေလိမ့်မည်။ ထိုသို့ သူတော်ကောင်းများကို နည်း ကောင်းပေးရန်၊ လမ်းကောင်းညွန်ရန် တခြား အမှန်တရား မြတ်နိုးသူ ပုဂ္ဂိုလ်များကလည်း ကူညီစောင်မရန် အသင့်ဖြစ်နေပေလိမ့်မည်။
အမှန်တရားကို မြတ်နိုးတတ်ရန်၊ လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် လွတ်လပ်ချင်သော စိတ်အစဉ်တို့ ဖြစ်ပေါ်ထွန်းကား လာစေရန်မှာ အဓိကအားဖြင့် အထက်ပါဆိုခဲ့သည့်အတိုင်း အကြောက်တရားကို တွန်းဖယ်နိုင်မှ ဖြစ်ပေလိမ့်မည်။ အကြောက်တရားကြောင့် မင်းဆိုး မင်းယုတ်တို့၏ စကားတို့ကို ကြောက်ပြီး မလုပ်သင့်သည့် အလုပ်၊ မပြုသင့်သည် အမှုတို့ကို လုပ်ကြရပေသည်။ ဤသည်မှာ ဘယာဂတိမည်၏။ ကြောက်ခြင်းကြောင့် ပို၍ ဆိုးကျိုးများစွာ ဖြစ်ကြရသည်။ ထိုကြောက်ခြင်းကြောက်ပင် လွတ်လပ်ချင်သော စိတ်တို့ ပျောက်ကွယ် သွားနိုင်သည်။ ပျောက်ကွယ်သွားလျှင် လွတ်လပ်ခြင်း၏ အရသာကိုလည်း မခံစားရတော့။ ထိုအကြောက်တရားတို့ကို ငယ်စဉ်ကပင် ခံစားရသည့်အတွက် မိမိတို့အမျိုးဆက်များကို ဆိုဆုံးမသည့်အခါ ထိုအကြောက်တရားကြောင့်ပင် “ အာဏာရှိသူတို့၏ အကြိုက်ကို လိုက်ရ တယ်။ အာဏာရှိသူတို့က လုပ်ခိုင်းသမျှကို ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်ရတယ်။ မှားမှား မှန်မှန် ပြန်မပြောနဲ့။ အထက်ကစိတ်ဆိုးရင် မင်းပဲခံရမှာ။ သူတို့ သဘောကျအောင်နေရတယ်။ ဒါမှကြီးပွားချမ်းသာမှာ” စသည့် တရားလက်လွတ် ပြောဆို ဆုံးမကြတော့၏။ ထိုသို့ ဆုံးမမှုအောက်တွင် ကြီးပျင်းလာရသော အမျိုးဆက်သည် အမျိုးကောင်း အမျိုးသန့် လုံးဝ မဖြစ်နိုင်တော့ချေ။ ဤသည်မှာ အကြောက်တရားကြောင့် ဖြစ်ပေါ်ရသော အဆိုးကျိုးများ ဖြစ်သည်။ မဟုတ်၊ မမှန်၊ မတရား၊ သဘာဝမကျ၊ ဓမ္မမဟုတ်သည်များကို ပြန်လည် ချေ ဖျက်ခြင်း၊ ပြောဆိုတင်ပြခြင်း၊ တာဆီးခြင်းတို့ကို အမှန်ပင် ပြုလုပ်ရမည်ဖြစ်သည်။ မပြုလုပ်ဘဲ ကြောက်ရွံ့နေလျှင် မကြောင့်သင့်သည်ကို ကြောက်ခြင်းပင်ဖြစ်သည်။ ဟုတ်သည်၊ မှန်သည်၊ တရားသည်၊ သဘာဝကျသည်၊ ဓမ္မဓိဋ္ဌာန်ကျသည့် အရာတို့၌ မကြောက်မရွံ့ပဲ လူတွင်ကျယ် လုပ်ကာ ပြန်လည် ချေပခြင်း၊ ကဲ့ရဲ့ ဆဲဆိုခြင်း၊ တားဆီးပိတ်ပင်ခြင်း စသည်တို့မှာ ပြုလုပ် ကောင်းသော အရာမဟုတ်ပါ။ အရာမဟုတ်သည်ကို လူတွင်ကျယ်လုပ်ပြီး အကြောက်တရား ကင်းမဲ့စွာ လုပ်လေလျှင် ကြောက်ရမည်ကို မကြောက်ခြင်းပင် ဖြစ်သည်။
ငါးသူမျိုးငါးပါးတွင် ပါဝင်သော ခိုးသူ၊ မွေခံသားသမီးဆိုတို့လည်း ထိုကြောက်ခြင်း တရားနှင့် သက်ဆိုင်နေသည်ကို တွေ့နိုင်သည်။ ထိုကြောက်ခြင်းတရားကြောင့် လမ်းညွန်မှုမ မှန်ကန်တော့ဘဲ သားသမီးများကို ကောင်းစေချင်လို့မရနိုင်ပါ။ မိမိကိုယ်တိုက်၌ ဘယာဂတိမှ လွတ်ကင်းပြီး လမ်းညွန်မှုမှန်ကန်ပါမှာ သားသမီးများမှာလည်း လမ်းမှန်ကိုလျှောက်နိုင်သော အမွေခံသားသမီးကောင်းဖြစ်နိုင် သည်။ သားသမီးများ လမ်းမှားသို့ရောက်ရှိပြီဆိုလျှ င် သူခိုးတ ဖြစ်လဲ တွေ့ရနိုင်တော့သည်။ ထို့မှာတဆင့် သူခိုးကြီးလျှင် ဓားပြအဆင့်ရောက်တော့သည်။ ဓားပြကြီးလျှင် အစိုးရ (အာဏာရှင်) အဆင့်သို့ရောက်ရှိပြီး ဘိန်း၊ ကိုကင်းစရှိသော မူးယစ် ဆေးဝါးဂိုဏ်း အဆင့်သို့ရောက်ရှိသွားလျှင် လူသားအားလုံး ဒုက္ခပေးနိုင်သည့် အဆင့်သို့ ရောက်ရှိသွားတတ်ပေသည်။ ထိုအကြောက်တရားသည် အမှန်တကယ်သည် ကြောက်ဖို့ ကောင်းလှပေသည်။
ထိုအကြောက်တရား ကင်းရှင်းစေလိုလျှင် ကိုယ်ကျင့်သီလပြည်စုံအောင် စောင့်ထိန်း နိုင်ရမည်။ ကိုယ်ကျင့်သီလပြည့်စုံသောသူသည် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိပြီး လိမ်ညာပြော ဆိုခြင်း၊ ဂတိလိုက်စားတို့ မလုပ်ချင်တော့ပါ။ ကိုယ်ကျင့်သီလပြည့်စုံသောသူသည် စိတ်ဓာတ် ကြံ့ခိုင်ပြီး ဖြစ်သောကြောင့် မည်သည့် အကြောက်တရားတို့ဖြင့် ချိန်ချောက်စေကာမူ ကြောက် ရွံ့ တုန်လှုပ်မှု မရှိတော့ပါ။ ထိုကြောင့် ငါးပါး၊ ရှစ်ပါးစသော သီလများကို ခါးဝတ်ပုဆိုးကဲ့သို့ ကျွတ်မကျအောင် စောင့်ထိန်းဖို့လိုအပ်ပေသည်။ ချွတ်၍ မရနိုင်အောင် ထိုသူ၏ စိတ်ဓာတ် မှာလည်း ခိုင်မာနေတော့သည်။ အဂတိလေးပါးမှလည်း လွတ်တော့သည်သာ။ ထိုအကြောက် တရားသည် အဂတိလေးပါးတို့တွင် ပါဝင်ကြသည်။ ဂတိငါးပါးဟူသည်ကား (၁) ဆန္ဒာဂတိ၊ (၂) ဒေါသာဂတိ၊ (၃) မောဟာဂတိ၊ (၄) ဘယာဂတိ ဟူသတည်း။ လူတို့ပြောဆိုနေကြသော အဂတိလိုက်သည်ဟူမှာ ဤအဂတိ လေးပါးတို့ ပင်တည်း။ ချစ်ခြင်းကြောင့် အဂတိလိုက်ခြင်း၊ မုန်းခြင်းကြောင့် အဂတိလိုက်ခြင်း၊ တွေဝေခြင်းကြောင့် အဂတိလိုက်ခြင်း၊ ကြောက်ခြင်း ကြောင့် အဂတိလိုက်ခြင်း ထိုအဂတိ လေးပါးတို့သည် ယ္ခုဘဝ၊ နောက်ဘဝများတွင် အရိပ်ကဲ့ သို့ လိုက်ပါ၍ ပျက်စီးဆုံးရှုံးမှုကို ပေးတတ်သောကြောင့် အမှန်ပင်မလုပ်ထိုက်ပေ။
ယနေ့ဗမာနိုင်ငံတွင် သူတော်ကောင်းများဖြစ်ကုန်သော သံဃာတော်များပင် ထိုအဂတိနှင့် မကင်းနိုင်ဖြစ်နေကြသည်ကို မြင်နိုင်ပါသည်။ ရှင်းပါဦးမည် ၂၀၀၇ ခု၊ စက်တာဘာလတွင် သံဃာတော်များ စီတန်းလမ်းလျှောက် ပရိတ်ရွတ်သည်ကို အစိုးရ အမည်ခံထားသူများ ရက် စက်စွာ ကြမ်းဖက်နှိမ်နှင်း၊ သတ်ဖြတ်၊ ရိုက်နှက်ကြသည်။ ထိုသို့ လူမဆန်စွာ ပြုလုပ် လျှက်ရှိသော လုပ်ရပ်ကို မြင်ပါလျှက် ဆရာတော်ကြီးများသည် တားဆီးခြင်း၊ ဖျောင်းဖြ ပြောဆိုခြင်း၊ အခြင်းခြင်းသင့်မြတ်ရန်အတွက် ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းပြောဆိုမှု လုံးဝ (လုံးဝ) မထွက်ပေါ်လာသည်မှာ ရဟန်းငယ်၊ ပြည်သူများနှင့် သာသနာတော်အတွင် အမှန်ပင်ရင်လေးမိပါသည်။ ဤသို့မဆိုမပြော ဆိတ်ဆိတ်နေခြင်း သည်ပင်လျှင် ဆက်လက်ကြမ်းဖက်၊ သတ်ဖြတ်နိုင်သည်ဟု တိုက်တွန်းလိုက်သည်ဟု ယူဆရ ပေလိမ့်မည်။ ရဟန်းတော်များ မဆိုထားဘိ၊ လူသား၊ တိရိစ္ဆာန်၊ အသက်ရှိသတ္တဝါများကို ညှင်းပန်းနှိက်စက်သည် မြင်လျှင်ပင် သူတော်ကောင်းပီပီ တားမြစ်ရမည်ဖြစ်သည်။ ယ္ခုမှာမူ မိမိတို့ တပည့်သာဝက ပါမှန်း သိလျှက် ပင်ဖြစ်သည်။ ရဟန်းတော်များဟူ၍လည်း သိသည်။ ပြည်သူလူထုများဟူ၍ သိသည်ဖြစ်ပါ လျှက်နှင့် တားမြစ်မှုမရှိဘဲ ဆိတ်သုဉ်းစွာနေခြင်းသည် အဂိလေးပါးမှ တပါးပါးနှင့် ညိစွန်း နေသည်ဟု စာရေးသူယူဆပါသည်။ မည်သည့်ကိစ္စရပ်မဆို ညင်သာစွာ ဖြေရှင်းရကောင်း သည်သာ။ သံဃာတော်များသည် မြို့ပြင်သို့ထွက်ပြီး အကြမ်းဖက်နေခြင်းမဟုတ်ပါ။ ပြည်သူ လူထုများ ကျန်းမာချမ်းသာစေရန် ပရိတ်ရွတ်ခြင်းသာ ဖြစ်သည်။ ထိုသို့ ပရိတ်ရွတ်သည်ကို ကြမ်းဖက်၊ နှိမ်နှင်း၊ သတ်ဖြတ်၊ ရိုက်နှက်သည်မှာ လူဆန်ပါသလော၊ သူတော်ကောင်း အလုပ်ဟုတ်သလော။ ထိုပြဿနာတွင် မြန်မာနိုင်ငံ သံဃာ့မဟာနာယက အဖွဲ့တွင် ကြီးမားစွာ တာဝန်ရှိပါသည်။ သံဃာ့မဟာ နာယက အဖွဲ့ဟူသည်မှာ သာသနာတော် တိုးတက် ပြန့်ပွားရေး၊ တည့်တံ့ခိုင်မြဲရေးတို့အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစိုးရမည်ခံသူများ၏ လက်ကိုင်တုတ်မဟုတ်၊ ထောက်တိုင် မဟုတ်ပါ။ ယနေ့အထိ ဗမာနိုင်ငံတွင် သာသနာတော် တည်တံ့နေခြင်းမှာ ထောက်ပံ့သူ ပြည်သူ (ဒါယိကာ/ ဒါယိကာမ) များ ကြောင့်ဖြစ်သည်။ ဆရာနှင့် ဒကာ၊ ဒကာနှင့် ဆရာဟူ၍ ညီညွတ် လက်တွဲပါမှ သာသနာတော်မြတ်ကြီးလည်း ဆက်လက်တည်မြဲ နိုင်မည်သာ ဖြစ်သည်။ သံဃာတော်များ ဆင်းရဲကြပ်တည်းလျှင် ဒါယိကာ၊ ဒါယိကာမများမှာ နေမထိ ထိုင်မသာဖြစ်လျှက် စိုးရိမ်ကြောင့်ကြလျှက် သာသနာတော် သဒ္ဓါပွားကာ မည်သို့ အခြေအနေ ကိုပင်ရောက်စေကာမူ စောက်ရှောက်ကြသည်သာ။ ယ္ခုမူ ဒါယိကာ၊ ဒါယိကာမ များတွင် ဒုက္ခပေါင်းများစွာဖြင့် ပင်လယ်ဝေလျှက်ရှိပါသည်။ ထိုသို့ဒုက္ခရောက်နေကြသည်ကို သံဃာတော် ဆရာတော်ကြီးများမှလည်း သိပါလိမ့်မည်။ ထိုသို့ သိပါလျှက်နှင့် ဒါယိကာ၊ ဒါယိကာမများအတွက် ရှေးရှုကာ ဆောင်ရွက်မှုများ မလုပ်ခြင်းသည် ဒါယိကာ၊ ဒါယိကာမ များအပေါ် မသိကျိုးကျွံ့ပြုနေကြသည်ဟု ကောက်ချက်ဆွဲမိပါသည်။
အကယ်၍ အမှန်တကယ်ပင် အထက်က တင်ပြသလို မသိကျိုးကျွံပြုနေသည် မှန်လျှင် အဘယ်ကြောင့် ထိုသို့ မသိကျိုးကျွံပြုနေကြပါသနည်းဟု မေးခွန်းထုတ်ရပါတော့မည်။ ရရှိပြီးသော စည်းစိမ်ဥစ္စာကို မထိုက်ခိုက် မပျက်စီးစေရန် သူရန်တို့၏ အလိုကို လိုက်ခြင်းလော။ သို့တည်းမဟုတ် တပည့်ဒကာ၊ဒကာမများမှ တိုက်ရိုက်မလျှောက်ကြား ၍လော၊ ကိုယ့်အား တိုက်ရိုက်လာ၍ မထိခိုက်သေး၍လော၊ ဘယ်သူမပြု မိမိမှုဟူ၍ ပြည်သူပြည်သားတို့အား ဥပေက္ခာပြုကာ နေသာသလို နေခြင်းပင်လော၊ လာဘ်လာဘနှင့် ရာထူဂုဏ်သိမ်ကို လိုလားတောင့်၍ ပိုင်ဆိုင်နိုင်ရန် အာဏာပိုင်ဆိုသူ (အဓမ္မဝါဒီများအား) ဖားယားနေခြင်းပင်လောဟု ရှည်လျားသော မေးခွန်းကို ထုတ်ပါ၏။
မဖြေချင်လျှင် သက်သာသလို နေနိုင်ပါသည်၊ ခါတိုင်းကဲ့သို့ ဆိတ်ဆိတ်သာ နေတော်မူကြပါ။ ဖြေလိုလျှင်လည်း အခါမဆိုင်းဘဲ အမှန်တရားတို့ကို ထုတ်ဖော်ဖွင့်ဟ ပြောဆိုကြပါ။ များပြားစွာသော ဒကာ၊ ဒကာမတို့ မျှော်လင့်တောင့်တလျှက်ရှိသော ချမ်းသာ၍ သာယာနာပျော်ဖွယ်ရှိသော သတင်းကိုသာ ကြားလိုကြပါ၏။ ကောင်းမွန်သင့်မြတ်သော လုပ်ရပ် တို့ကိုသာ မြင်လိုကြပါ၏။ မှန်ကန်ပွင့်လင်း အနောက်အကြူတို့ကင်းသော တရားတို့ကိုသာ သိလိုကြပါ၏။ ထို့သို့မဟုတ်ပါဘဲ မည်သူသေသေ ငတေမာရင်ပြီးရောဟု စိတ်နှလုံးပိုက်၍ ပဲခူးသို့ရောက်ရောက်၊ စစ်ကိုင်းသို့ရောက်ရောက် လှော်ချင်ရာလှော်၍ ကပ်ချင်ရာ ကပ်နိုင် ပါသည်။ ထို့သို့လျှင် သာသနာတော်ကြီးလည်း ကြာကဲ့သို့ မပွင့်လန်းနိုင် တော့ဘဲ ရေဖြင့်သော ဒကာ၊ ဒကာမ ပြည်သူများမှာ ရွံ့ညွန်များကဲ့သို့ ရွံရှာဖွယ်ဖြစ် ပါလိမ့်မည်။
ဗမာနိုင်ငံတွင် သမဏ ရသေ့ ရဟန်းဟူသည်မှာ တိုင်းပြည်၏ ဥသျှောင်လည်းဖြစ်၏။ အကြီးအကဲလည်း ဖြစ်၏၊ ဆရာလည်းဖြစ်၏၊ ကိုးကွယ်ရာဖြစ်၏၊ မှီခိုရာဖြစ်၏။ ထိုကြောင့် ဒကာ၊ ဒကာမများဖြစ်သော ပြည်သူတို့သည် ဆရာသခင် ကျေးဇူးရှင်တို့၏ အစွမ်းသတ္တိဖြင့် ကောင်းမြတ်မှု တိုင်းပြုပြည်ပြု လုပ်ငန်းအစုစုတို့ကို ပြုလုပ်ကြ၍ ငါတို့အား ကယ်တင်ကြလိမ့် မည်ဟု ဖူးတမော်မော်ဖြင့် စောင့်မျှော်နေကြပါတော့သည်။
ထိုကြောင့် ဒကာ၊ ဒကာမ ပြည်သူတို့၏ မျှော်လင့်တောင့်တနေကြသော ဆန္ဒများကို မဖြည့်ဆည်းဘဲ လွှဲဖယ်ရှောင်ကြဉ်နေကြမည်ဆိုလျှ င် ဒကာ၊ ဒကာမတို့သည်လည်း ထိုထိုသံဃာတော်တို့အား ငါတို့၏ အားကိုးရာမဟုတ်၊ မှီခိုရာလည်းမဟုတ်ဟု ထင်မှားကာဖြင့် တစစ သွေဖယ် ရှောင်ကြဉ်သွားကြ၍ သာသနာတော်လည်း ညှိုးနွမ်းကာဖြင့် သာသနာပြု အနည်းစုသော အရှင်မြတ်တို့မှာ ပင်ပန်းကြရရှာတော့မည်။ ဒကာ၊ ဒကာမတို့မှာလည်း လမ်းမှားသို့လိုက်ကာ ငရဲရွာသို့ တန်းတန်းကြီးရောက်ရှာရတော့မည်။ ထို့သို့အားဖြင့် ဆင်ခြင် သုံးသပ်ကာ ဒကာမ၊ ဒကာမ ပြည်သူများအား သနားကြင်နာ သားသမီးရတနာတို့ကဲ့သို့ နှလုံးသွင်းကာ ယခုမှစ၍ နောင်ချမ်းသာရာ ကာလတိုင်အောင် ဖေးမကူညီစောင်မကာ မှန်ကန်သော လမ်းကို ပြတော်မူပါဟု တောင်းပန်လိုက်ရပါတည်း။
ထိုသို့ တောင်းပန်ပြီး၍ မကြောက်သင့်၊ မကြောက်ထိုက်၊ မကြောက်အပ်သော တရားတို့ကို မကြောက်ကြစေရန် ကောင်းမြတ်စိတ်ထားဖြင့် ရည်သန်၍ တပည့် ဒကာ၊ ဒကာမ ပြည်သူအပေါင်းတို့အား ဟောဖော်ညွန်ပြ ဆိုဆုံးမတော်မူကြပါ။ ဆိုဆုံးမပြီး၍လည်း မိမိတို့ကိုယ့်တိုင် ပြည့်သူတို့၏ ရှေ့မှာ မားမားမတ်မတ် ရပ်ပြတော်မူကြပါ။ ကျရောက်လာမည့် ရန်မာန်ခပ်သိမ်းတို့အားလည်း ဖယ်ရှားတန်လျှင် ဖန်ရှား၍၊ ပိတ်ပင်တန်လျှင် ပိတ်ပင်တော် မူကြပါ။
ထိုသို့ ဆရာဒကာ ညီညာစွာ စုပေါင်းကာဖြင့် တစုတကျိပ်မျှ ထိုလူနည်းစု မိစ္ဆာဝါဒီ အစိုးရမည်သော လူပုဂ္ဂိုလ်တို့အား ဖယ်ရှားသုတ်သင်ရန် အချိန်အားဖြင့် တန်ပါပြီ။ သင့်မြတ်ပါပြီ။ ထိုအဓမ္မဝါဒများ မကြီးထွားသေခင် အချိန်မီ ဖယ်ရှား သုတ်သင်မှလည်း လွယ်ကူစွာ တိုတောင်းသော ကာလအတွင်း၌ အောင်မြင်မှု ရရှိပါလိမ့်မည်။ ထိုသို့ အောင်မြင်မှလည်း သာသနာတော်လည်း တိုးပွားစည်ပင်၍ ပြည်သူများဖြစ်သည့် ဒကာ၊ ဒကာမတို့ ရွင်တပြုံးပြုံး အေးချမ်းသာယာစွာဖြင့် ခေတ်မီသော နိုင်ငံတော်ကြီးကို အတားအဆီးပိတ်ပင်မရှိ လွယ်ကူချောမောစွာ ဆောင်ရွက်နိုင်ကြပါလိမ့်မည်တည်။
အမရပူရ (တောင်မြို့) မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးငှာ ကျူးရင့်တော်မူသည့် အတိုင်း ရဲမာန်ရဲသွေး၊ ရဲစိတ်မွေးလျက်၊ ရဲသွေးနီနိ စီရရီဖြင့်ဟု ယခုမျက်မှောက် ရှိနေကြသည့် အရိယာသံဃာ၊ သမုတိသံဃာတို့အား အများပြည်သူ ဒကာ၊ ဒကာမတို့၏ ချမ်းသာစီးပွားကို ဦးတည်ထား၍ တိုင်းပြုပြည်ပြု အရေးတို့ကို ဆောင်ရွက်မူကြ ပါကုန်လော့ဟု လက်ဆယ်ဖြာ ထိပ်မှာဖိုး၍ သုံးကြိမ်သုံးခါ ရိုသေစွာ ရှိခိုးကာဖြင့် တောင်းပန်လိုက်ရ ပါသတည်း။
မိစ္ဆာဝါဒီ၊ ခိုင်မာတည်၍
အကုသိုလ်များ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဗိုလ်လူ၊ များပြည်သူတို့
မိစ္ဆာဝါဒ၊ တသကြလည်း
မကူမကယ်၊ ချမ်းသာပယ်၍
ဆင်းရဲမြဲသာ ဖြစ်မည်တည်း။
ဓမ္မဝါဒီ၊ မြဲစွာတည်၍
အကုသိုလ်များ၊ ရန်မျိုးငါးကြောင့်
မပျက်မပြား၊ ချမ်းသာပွား၍
ကုသိုလ်တရား၊ သီလထားကာ
ဝမ်းသာကြမည် မြဲမြဲတည်း။
ချမ်းသာကြမည် မြဲမြဲတည်း။
လန်းဖြာကြမည် မြဲမြဲတည်း။
အရှင်ဓမ္မ (ဒေလီ)
No comments:
Post a Comment