လှဝင်းရီ (အပိုင်း- ၃)

လှဝင်းရီ (အပိုင်း-၃)
(အပိုင်းလိုက်ဖေါ်ပြပါမည်)
သေလျှင် ကိစ္စ ပြီးပြီ၊ ပြဿနာ ရှင်းပြီ ဟု အချို့သူတို့ ပြောဆိုကြသည်ကို ကြားဖူးပါ၏။ မည်သို့ မည်ပုံ ပြီးပြတ် ရှင်းလင်း သွားသည်ကို ကျွန်ုပ် မသိ။ ကျွန်ုပ်သိသည်မှာ လူသေလျှင် အတော်ပင် အလုပ်ရှုပ် သည် ဟူ၍သာ ဖြစ်၏။ သေသောသူက သေပြီးပြီ။ ထို့ကြောင့် ကျန်သောသူတို့က ရပ်ကွက်လူကြီးကို သတင်းပို့ရသည်။ သေဆုံးခြင်း အတည်ပြုကြောင်း ထောက်ခံစာကို ရပ်ကွက်ရုံးမှ ရယူရမည်။ ထို့နောက် ဆေးရုံသို့ သွား၍ ဖွားသေစာရင်း တာဝန်ခံထံ အစီရင်ခံရမည်။ ဖွားသေစာရင်း တာဝန်ခံ စိတ်အလို မကျလျှင် လက်ဘက်ရည်ဖိုး ထွက်တတ်သည်။ လက်ဘက်ရည်ဘိုး မကုန်လိုပါက တနေကုန် သွားတတ်သည်။ အလိုက်သိမှ အလုပ်ဖြစ်သည့် လောက မဟုတ်လော။

သေသောသူ သင်းသင်းသည် သုသာန်သို့ သက်သက်သာသာ သွားသေသည် ဟုသည့် သ အက္ခရာ ဖြင့် စီရင်ရေးဖွဲ့ထားသည့် ကလေးကဗျာကို ကျွန်ုပ်တို့ အားလုံးလိုလို ရွတ်ဆိုဖူးကြသည်။ ယခု သေသူ မှာ သင်းသင်း မဟုတ်၊ လှဝင်းရီ ဖြစ်သောကြောင့် သုသာန်သို့ သူကိုယ်တိုင် မသွားတတ်။ ထို့ကြောင့် ကျန်ရစ်သူတို့က လိုက်လံ ပို့ဆောင်ရတော့မည်။ လိုက်ပို့သည်ဟု ဆိုရာတွင် အလောင်းကို သည်အ တိုင်း ပို့၍ မရ။ အနည်းဆုံး ဖျာလိပ်နှင့် ပတ်ချရန် သပေါ့ဖျာ လိုသည်။ တလားလိုသည်။ သုဿန်သို့ မပို့ဆောင်မီတွင် အလောင်း တင်ထားရန် ၀ါးကပ်လိုသည်။ ၀ါးကပ်လုပ်ရသည်မှာ စည်းကမ်း ထွေပြား လှပါဘိတောင်း။ ၀ါးကို ခုတ်ချင်တိုင် မခုတ်ရ။ ၀ါးရုံပင်စောင့် ရုက္ခစိုးထံတွင် ခွင့်ပန်ရသေးသည်။ ၀ါးခုတ်ရာတွင် စုံ ဂဏန်း၊ မ ဂဏန်း စသည့် စည်းမျဉ်း စည်းကမ်းတို့ ရှိသေးသည်။  ထို့ပြင် လူသေခြင်း နှင့် လပြည့် လကွယ်ခြင်း မည်သို့ ဆက်စပ်နေသည်ကို မည်သူမျှ တိတိကျကျ မဆိုနိုင်သော်လည်း ရပ်ဓလေ့ထုံးစံအတိုင်း လပြည့်ရက်တွင် သေလျှင် မည်သို့ ပြုရမည်။ လကွယ်ရက်တွင် သေလျှင် မည်သို့ ပြုရမည်။ နဂါးခေါင်း၊ နတ်နေ ရှောင်ကြဉ်ရခြင်း စသည့် ရပ်ဓလေ့စဉ်လာတို့ ထွေပြားလှချေ၏။

သို့နှင့် လိုအပ်သော သစ်ဝါးတို့ စုံလင်သော် ကျွန်ုပ်တို့ ခါတော်မီ လက်သမားတသိုက်သည် ခေါင်းစပ် ကြရလေ၏။ ရွေဘော် ထိုးသူထိုး၊ တူ ကိုင်သူကိုင်၊ ပွဲလျက် ကပ်သူကပ်၊ ပန်းစက္ကူ ညှပ်သူညှပ်၊ ပန်းစာလုံး ရေးသူရေးနှင့် အလုပ်ရှုပ် သွား၏။ ထိုသို့ အလုပ်များနေခိုက်တွင် တစ်ယောက်က “လှဝင်းရီ အသက် ဘယ်နှနှစ် ရှိပြီတုံး” ဟု မေးလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရ၏။ မည်သူမျှ ရေရေ ရာရာ မပြောနိုင်။ ထိုစဉ် “အ၀င်း က ငါအောက် သုံးနှစ်နှစ်ငယ်တယ်၊ ဒီတော့ကာ သူ သုံးဆယ့်ငါးနှစ် ကျော်ကျော်၊ သုံးဆယ့်ခြောက်နှစ်ထဲမှာပေါ့” ဟူသော ဘဲဥ၏ ခြောက်ကပ်ကပ် ဖြေသံကို ကြားရလေ၏။ “သြော် ဘဲဥ အမှတ်သညာ ကောင်းလှချေလား” ဟု ကျွန်ုပ် တီးတိုး ရေရွတ်မိသည်။

အရပ်ကောင်းသဖြင့် လှဝင်းရီ အလောင်းလှသွားသည်ဟု ဆိုသော် ဆိုရကောင်း၏။ မကောင်းခံနိုင် ရိုးလား။ စီစဉ်သူတို့မှာ ကျွန်ုပ်တို့ လူသိုက်ဖြစ်သောကြောင့် အလောင်းလှသည်မှာ မြေကြီးလက်ခတ် မလွဲပင်တည့်။ စင်စစ် တလားတွင် ကပ်ထားသည့် ပန်းစက္ကူတို့မှာ ကပ်ချင်တိုင်း ကပ်ထားသော ကြောင့် အတော်ပင် မျက်စိနောက်စရာ ကောင်းလှ၏။ အသေအချာကြည့်လျှင် ကျွန်ုပ်တို့ စိတ်တိုင်းကျ မွမ်းမံထားသည့် အသည်း နှလုံးပုံ၊ ညောင်ရွက်ပုံ၊ ကြာပန်းပုံ အစရှိသည့် အပြင်အဆင် ဒွါရယာများကို တွေ့နိုင်မည် ဖြစ်သည်။ လိုက်ကာစ တရုတ်ပိတ် ဖြူဖြဲဖြဲ ထက်တွင် ရောင်စုံ စက္ကူ နှင်းဆီပန်းတို့ စွင့်စွင့် ကားကား နေရာယူထားကြ၏။ အလို တလားပေါ်မှာ အုန်းရွက်နဲ့ လုပ်ထားတဲ့ ပျံလွှားလေး တကောင် နားလို့ ပါကလား။

မောင်ကျပ်ခိုး
ကောင်းကင် - လှဝင်းရီ

No comments: