လိုအပ်ချက် တခု

ဒီနေ့ည ၈နာရီလောက်မှာ ကျမက အင်တာနက်က forward mail တွေ။ သတင်းတွေကို ဖတ်နေတုံးမှာ။ အနားမှာထိုင်ပြီး ကျောင်းအိမ်စာတွေလုပ်နေတဲ့ အသက် ၁၂ အရွယ်။ ၆တန်းကျောင်းသူ ကျမသမီးက။ စာတွေလုပ်နေရင်းက ဒီနေ့ ထူးထူးခြားခြား ကျမကို မေးခွန်းမေးလာပါတယ်။
မေမေရေ။
ဒေါ်အောင်ဆန်းစုကြည်ကလေ အခုသူ့အိမ်မှာ ဘဲနေနေတာလားတဲ့။
မေမေ သမီးကို ပြတဲ့ အိမ်မှာဘဲလားတဲ့။
သူဒီနေ့ ဘာတွေလုပ်သလဲတဲ့။
အခု သူဘာတွေ လုပ်နေလဲတဲ့။

ကျမဘယ်လို ပြန်ဖြေရမလဲဟင်။ ကျမ ပြန်ဖြေမိတာကတော့---
သမီးရေ
သူလဲသမတ အိုဘားမားတို့လို၊ တိုင်းပြည်နဲ့ ပတ်သတ်တဲ့ အကျိုးပြု လုပ်ငန်းတွေ လုပ်နေတာပေါ့။

ဒါဆိုရင် ဘာဖြစ်လို့ သူလုပ်တာတွေကို သမီးတို့က မသိရတာလဲတဲ့။
သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဘာလို့ မပါတာလဲတဲ့။

ဒီတော့ ကျမလဲ ရုတ်တရက် ကလေးနားလည်နိုင်မဲ့ အဖြေတွေ စဉ်းစားရင်းက နိုင်ငံတော်အစိုးရနဲ့ ကမပြေလည်ကြသေးတာကြောင့် လောလောဆယ် ဂျာနယ်တွေ။ သတင်းစာတွေမှာ မထည့်တာလေ။

ဒါပေမဲ့---
သူဘာတွေ လုပ်တယ်ဆိုတာကို နေ့စဉ်။ အင်တာနက်က သတင်းဂျာနယ်တွေ။ Blog တွေမှာတော့ ရေးထားပါတယ်။ မေမေတို့ အမြဲဖတ်နေရပါတယ်။ သမီးသိချင်ရင် မေမေနဲ့ လာဖတ်ကြည့်နော်လို့ဘဲ ကျမပြန်ဖြေလိုက်မိပါတော့တယ်။

ကျမသမီးက အသက်ကသာ ၁၂ နှစ်။ အိမ်က လူကြီးတွေ ပြောဆိုနေတာကို လိုက်နားထောင်ထားပုံတော့ရတယ်။ ဘာလို့လဲဆိုရင် ရွေးကောက်ပွဲ မဲပေးတုံးက ဆိုရင်လဲ။ ကျမက လုပ်ငန်းတာဝန်နဲ့ နယ်ရောက်နေတာ။ ကျမက ရန်ကုန်အိမ် အခြေအနေသိချင်လို့ ဖုံးဆက်တော့။ သူကဖုံးလာကိုင်ပြီး။ မေးလိုက်တဲ့ မေးခွန်းတွေ စုံနေတာဘဲ။ စက်သေနတ်ပစ်တဲ့ အတိုင်းဘဲ။

မေမေရေ။
မေမေကဘာလို့မဲမပေးတာလဲ။
ကျမက
မေမေက ခရီးထွက်နေရလို့ပါ ဆိုတော့။ ဒါဆိုရင်လဲ ကြိုတင်မဲ ပေးခဲ့ဘူးလားတဲ့။
ဒါနဲ့ကျမက သမီးရေ။ မေမေအိမ်က ခရီးစထွက်တာ ၈ ရက်ကျော်လောက် ရှိနေပြီ။
ကြိုတင်မဲက ရက်အများကြီး ကျော်ကြိုတင်ပေးလို့ မရဘူးလို့ နားလည်အောင် ရှင်းပြလိုက်ရတယ်လေ။
ဒါတောင် ဘာဆက်မေးသေးလဲဆိုရင် အခု မေမေရောက်နေတဲ့ နေရာမှာကော မဲပေးလို့မရဘူးလားတဲ့။
ဒါနဲ့ဘဲကျမကကျမ သန်းခေါင်စာရင်း မရှိတဲ့နေရာမှာ ကျမ ပေးချင်လဲ ပေးလို့မရဘူးလို့ ပြန်ဖြေလိုက် ရပါတယ်။

ဒီတော့ ဘာဆက်မေးသေးလဲဆိုတော့---
မေမေ အခု ရောက်နေတဲ့ မြို့မှာ မဲဆန္ဒနယ်က ဘယ်နှစ်ခု ရှိလဲ။
ကိုယ်စားလှယ်လောင်းက ဘယ်နှစ်ယောက်လဲတဲ့။ မေးသေးတယ်။
ဒါနဲ့တင်မကဘူး။ ဖော်ကောင် လုပ်လိုက်ပုံက (မေမေရေ---မေမေ--- ဘွားဘွား ကတော့လေ ဦးသုဝေတို့ ပါတီကိုမဲ ပေးလိုက်တာတဲ့) သိလား။
ဒီမိုကရက်တစ်ပါတီလေတဲ့။
ဘုရားရေ။ ကျားသားမိုးကြိုး။ ရှေ့နေခေါ်မှ ထောင်လုံးလုံးကျ ဆိုသလို။ ကလေးတွေရှေ့  အလွှတ်မဲ့ ပြောလို့တော့ မဖြစ်သေးဘူးနော်။ ကိုယ်လျှို့ဝှက်မဲပေးတာ ဘယ်သူ့ကို ဆိုတာကို ဖော်ကောင်ဘညွန်းလုပ်မဲ့ သူတွေတော့။ ကျမလဲ သူဒီနေ့ မေးတဲ့ မေးခွန်းကို စဉ်းစားမိရာက ဒီစာလေးကို ကောက်ရေးလိုက်တာပါ။

ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို အင်တာဗျုးလုပ်ပြီး၊ လွတ်မြောက်လာတဲ့ နေ့ကစလို့ ပေါ့နော် နေ့စဉ် ဘာတွေလုပ်နေတယ် ဆိုတာကို နေ့ရက် အလိုက် file တွဲသပ်သပ် စု့ဆောင်းတင်ပြနိုင်ရင်။ ကျမသမီးလိုမျိုး စိတ်ဝင်စားမဲ့ ကျမတို့ရဲ့  အနာဂတ် မျိုးဆက်သစ်တွေ အတွက် အလွန်ကောင်းမှာဘဲလို့ ယူဆလိုက်မိပါတယ်။ ကျမကတော့ သေသေချာချာ ရက်အတိအကျနဲ့ ဘာတွေ လုပ်ခဲ့တယ်။ ဘာတွေ လုပ်နေတယ်ဆိုတာ အားလုံး မမှတ်မိလို့မှတ်ထား။ သိထားသူများရှိရင် (ဒေါ်အောင်ဆန်းစုကြည်ရဲ့  လွတ်မြောက်ရေး ကာလ နောက်ပိုင်း လှုပ်ရှားမှုများ) ဆိုပြီး။ ဘယ်သူတွေနဲ့ တွေ့တာ။ ဘာတွေလုပ်တာတွေ စုဆောင်း ဖေါ်ပြပေးချင်မိပါတော့တယ်။

No comments: