ရင်ခေါင်းက တရစပ်အောင့် နေသည်။ မကြာခဏ သွေးအန်တတ်သည်။ လူက ပိန်ချုံးလာပြီး သူဧ။်ခွန်အားတို့က တစစဆုတ်ယုတ် လာနေသည်။ ရက်ပိုင်းအတွင်း သေရတော့မည် သူ့ကိုယ်သူ သိနေလေသည်။ ဒုတိယကမ္ဘာစစ် ကာလတုန်းက သူသေဘေး တစ်ကြိမ်ကြုံခဲ့ ရဖူးသည်။ သည်စဉ်က သူသည်နုပျိုသော ဂျပန်စစ်သား ငယ်တစ်ယောက် ဖြစ်သည်။ သူတို့ ဂျပန်စစ်တပ်က မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက် ထားသည်။ တစ်နေ့ မနက် သုံးနာရီလောက် သူအိပ်မော ကျနေစဉ် သေနတ်သံများ ဗြောင်းဆန်အောင် ကြားရသည်။ ရန်သူ မဟာမိတ်တပ်များ နှင့် မြန်မာ တော်လှန်ရေး သမားများ သူတို့ စခန်းကိုလစ်ဝင် တိုက်ခြင်းဖြစ်သည်။ ရန်သူက အင်အားကြီးဖြင့် သဖြင့်သူတို့ ဂျပန်တပ်သားများ အတုံးအရုံး ကျဆုံးကုန်သည်။ အများနည်းတူ သူလည်းခုခံ တိုက်ခိုက်သည်။ သို့သော် အားမတန် မာန်လျှော့ရတော့သည်။ စစ်သား ဖြစ်သော်လည်း သူသည် သေရလောက်အောင် သတ္တိ ကောင်းသူမဟုတ် ငယ်ငယ်ရွယ်ရွယ်နှင့် သူမသေချင် သေးပါ။ သို့နှင့် ခြေဦးတည့်ရာ ပြေးထွက်ခဲ့လေသည်။
ရန်သူ စစ်သားများက သူ့နောက်မှ ထက်ကြပ်မကွာ ပြေးလိုက်လာ ကြသည်။ ပြေးရင်းက သူမောဟိုက်လာသည်။ တဒိန်းဒိန်း ရင်တုန်လာပြီး ပွင့်ထွက်မတတ် လှိုက်ဖိုလာသည်။ စိတ်၏ ခေါ်ဆောင်ရာသို့ ခြေထောက်များက မလိုက်နိုင်တော့ စောစောသေ စောစောအိပ် ရသည်ဟူသော မထူးစိတ်များ ၀င်လာသည်။ သို့နှင့် မြေပြင်ပေါ်သို့ သူပစ်လှဲချလိုက်သည်။ သစ်ရွက်ခြောက်တွေ အပေါ်နင်း လိုက်လာသော ရန်သူ စစ်သားများ၏ ခြေသံကို သူကြားယောင် နေသည်။ ဟောဟဲ ထနေသော သူ၏ အသက်ရှူသံကို သူတို့မုချ ကြားသွားလိမ့်မည်။
သူ အဖမ်းခံရတော့ မည်မှန်း နေအတော်မြင့်မှ သူအိပ်ရာက ထနိုင်သည်။ မျက်နှာသစ်ပြီး သောအခါ စားပွဲဝိုင်း အပုကလေးပေါ်မှာ ဆန်ပြုတ်နှင့် ကြက်သားကြော် ပန်းကန်များကို တွေ့ရသည်။ ဆန်ပြုတ်မှာ အငွေ့ တထောင်းထောင်း ထနေသည်။ သူ့ဗိုက်က တကြုတ်ကြုတ် ဆာလောင်လာသည်။ ဘုန်းတော်ကြီးက လက်ဟန်ဖြင့် စားရန်အချက် ပြလိုက်သည်။ သူကစားပွဲဝိုင်းမှာ ၀င်ထိုင်ပြီး အငမ်းမရ စားသောက်လိုက်သည်။ ဆန်ပြုတ်မှာ ငါးဆန်ပြုတ် ဖြစ်ပြီး အလွန်အရသာ ရှိလှသည်။ ကြက်သားကြော် ကလည်း ချိုလှပါဘိ၊ စားဖူးသမျှ မနက်စာထဲတွင် ဤမနက်စာမှာ အကောင်းဆုံး ဖြစ်သည်ဟု သူထင်မိသည်။
စားသောက်ပြီး သောအခါ ဘုန်းတော်ကြီးက သူ့ကို ခေါင်းတုံးတုံးပြီး သင်္ကန်း စည်းပေးသည်။ ရန်သူများ ရုတ်တရက် ရောက်လာခဲ့သော် ဂျပန်စစ်သားမှန်း မသိအောင် ရုပ်ဖျက်ရခြင်းဟု သူသဘောပေါက် လိုက်သည်။ သို့နှင့် သူကိုရင်ဘ၀ ရောက်ခဲ့သည်။ တကယ်တော့ သူသည် ဗုဒ္ဓဘာသာ ၀င်တစ်ယောက် ဖြစ်သည်။ သို့သော် မြင့်မြတ်သောရဟန်းဘ၀ကို တစ်ခါမှ မရဘူးခဲ့။ ယခုတော့ ကံကြမ္မာက သူ့ကို ရဟန်းဖြစ်အောင် ဖန်တီးပေးလိုက်ပြီ။
သူနှင့်အတူ ဘုန်းကြီးကျောင်းမှာ သံဃာငါးပါးရှိသည်။ မနက် ဝေလီဝေလင်း တုံးခေါက်ပြီးချိန် ရွာထဲသို့သွားကာ အရုဏ်ဆွမ်းခံ ကြရသည်။ ရုဏ်ဆွမ်းစားပြီး မနက်တစ်ကြိမ်၊ တစ်နာရီခန့် တရားထိုင် ကြရသည်။ တရားထိုင်အပြီး ရေခပ် တံမြက်လှည်း သစ်ပင် ရေလောင်းစသော ကျောင်းဝေယျာဝစ္စ လုပ်ငန်းများ လုပ်ကြရသည်။ ထိုနောက် နေ့ဆွမ်းအတွက် ရွာထဲသို့ တဖန်ဆွမ်းခံ ထွက်ရသည်။ နေ့ဆွမ်းစားပြီး ဘုန်းတော်ကြီးက သူ့တပည့် သံဃာများကို ဗုဒ္ဓဘာသာ စာပေများ သင်ကြားပေးသည်။ ထိုအချိန်တွင် နာကာမူရာမှာ အလုပ်မရှိ အားလပ်နေသည်။ ဘုန်းကြီးကျောင်းသား မောင်မြက မြန်မာစကားကို ထမင်းစား ရေသောက် ပြောတတ်အောင် သူ့ကိုသင်ပေးသည်။ သို့နှင့်သူ မြန်မာစကား အတော်အတန် ပြောတတ်လာပြီး တစစ ရွာကလေးနှင့်လည်း ရင်းနှီးကျွမ်းဝင် လာလေသည်။
ရွာ၏နာမည်မှာ ကျွန်းရွှေဝါရွာ ဖြစ်သည်။ အိမ်ခြေ တစ်ထောင်ခန့် ရှိသောရွာကြီး ဖြစ်သည်။ ရွာသားအများစုမှာ တောင်သူ လယ်သမား များဖြစ်သည်။ ရိုးသားဖြူစင်ကြပြီး မိရိုးဖလာ စပါးစိုက်ခြင်း လုပ်ငန်းကို လုပ်ကိုင်ကြသည်။ တချို့က ရွာနံဘေးက ချောင်းမှာ ငါးဖမ်း၍ ရောင်းသော တံငါများဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး ဘာသာရေးကိုင်း ရှိုင်းကြသည်။ ဒီရွာမှာ စာသင်ကျောင်းမရှိ၊ ဆေးပေးခန်းမရှိ၊ ဘုန်းတော်ကြီးကျောင်းမှာ စာသင်ကျောင်း လေးဖွင့်ပြီး ဦးဇင်းများက ကလေးတွေကို စာသင်ပေးသည်။ စစ်ကြီး ဖြစ်လာတော့ စာသင်ကြားရေး လုပ်ငန်းရပ်သွားသည်။ ရွာသားများမှာ ဘုန်းကြီးကျောင်းထွက် များ ဖြစ်ကြသည်။
ဘုန်းတော်ကြီးကို ချစ်ကြောက် ရိုသေသည်။ ရွာသူကြီး ဖြစ်သူပင် ဘုန်းတော်ကြီး၏ တပည့်ရင်း ဖြစ်သည်။ ဘုန်းတော်ကြီး၏ စကားကို မလွန်ဆန်ဝံ့၊ ဂျပန် စစ်သားဖြစ်သော နာကာမူရာကို ရန်မရှာရဲချေ။ ဘုန်းတော်ကြီးမှာ ဗုဒ္ဓ၏သား ရဟန်းပီသသူ ဖြစ်သည်။ ရန်သူမိတ်ဆွေ မခွဲခြားဘဲ ရခဲလှသော လူ့အသက် တစ်ချောင်းကို ကယ်တင်ခဲ့သည်။ လူသားဆန်သော ဤမြန်မာ ဘုန်းတော်ကြီး၏ လုပ်ရပ်မှာ နေမျိုးနွယ်ဟု အမည်ခံကာ တခြား လူမျိုးတွေအပေါ် ကျူးကျော်နှိပ်စက် နေသောမိမိတို့ ဂျပန်စစ်တပ်၏ လုပ်ရပ်နှင့် စာလျှင် အလွန်မွန်မြတ်လွန်းနေသည်။ တဖန် မြန်မာလူမျိုးများမှာလည်း မေတ္တာတရား အားကြီးလှသည်။ မိမိ၏ အပြစ်များကို ချေဖျက်၍ သဒ္ဓါတရား ထက်သန်စွာ ဆွမ်းလောင်းနေသော ကျွန်းရွှေဝါရွာသူ ရွာသားများကို ကြည့်ပြီး မလုံမလဲစိတ်ဖြင့် နာကာမူရာ မျက်နှာအပူကြီး ပူနေမိသည်။
တကယ်တော့ နာကာမူရာသည် ခေတ်ပညာတတ် လူငယ်တစ်ယောက် ဖြစ်သည်။ လူမျိုးတစ်မျိုးက တခြားလူမျိုး တစ်မျိုးထက် ပိုမြင့်မြတ်သည် ဆိုသော လူမျိုးကြီး ၀ါဒကို သူရွံမုန်းသည်။ ကိုယ့်နိုင်ငံကြီးပွား ဖို့အတွက် တခြားနိုင်ငံကို စစ်တိုက်ပြီး သူများဥစ္စာ ပစ္စည်းကို လုယူရသော လုပ်ရပ်ကို သူစက်ဆုပ်သည်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်သော လူချင်း အတူတူ လူသားတိုင်း မည်သည့် လူမျိုးမဆို တန်းတူ အခွင့်အရေး ရရမည်။ လူချင်းတူလျက် လူမျိုး အသားအရောင် အဆင့်အတန်း ခွဲခြားခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းသာ ဖြစ်သည်။ လူတစ်ယောက်ပိုင် ပစ္စည်းကို လူတစ်ယောက်က လက်နက် အားကိုးဖြင့် လုယက်ခြင်းကို ဓားပြတိုက်သည် ဟုခေါ်သည်။
နိုင်ငံ တစ်နိုင်ငံကို အင်အားကြီး နိုင်ငံက စစ်ရေးအရ ကျူးကျော်သိမ်း ပိုက်ခြင်းမှာ ဓားပြတိုက်ခြင်း အကြီးစားတစ်ရပ် မဟုတ်ပါလား။ မတရားမှုကို မနှစ်ခြိုက် ပါဘဲလျက် နာကာမူရာမှာ နယ်ချဲ့စစ်သား တစ်ယောက် ဖြစ်လာခဲ့ရသည်။ မျိုးချစ်စိတ်ဓာတ် ထက်သန်လွန်းသော ဖခင်အလိုဆန္ဒကို မလွန်ဆန်နိုင်သောကြောင့် ဖြစ်လေသည်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တရား ထိုင်ရသည်။ တစ်ကြိမ်လျှင် တစ်နာရီ တရားထိုင်ခြင်း အလုပ်မှာ လုပ်ကာစ ညောင်းညာကိုက်ခဲ လှသည်။ သို့သော်ကြာတော့ နာကာမူရာ ကျင့်သား ရလာသည်။ စိတ်ကို မပျံ့လွင့်အောင် ထိန်းချုပ်တတ်လာသည်။
မြန်မာလူမျိုးတို့ လောဘ၊ ဒေါသ၊ မောဟတရား နည်းပါးပြီး စေတနာ ဖြူစင်ခြင်းမှာ ဗုဒ္ဓ၏ အဆုံးအမ ကြောင့်ဖြစ်ကြောင်း နာကာမူရာ သဘော ပေါက်လာသည်။ အရိပ်တကာ အရိပ်တွင် ဘုရားရိပ်၊ တရားရိပ်သည်သာ အအေးမြဆုံး ဖြစ်ကြောင်း သူသိလာခဲ့သည်။ ကြာတော့ ကျွန်းရွှေဝါ ရွာသားများနှင့် နာကာမူရာ မိသားစုလို ဖြစ်လာသည်။ ရွာကသူ့ကို ဂျပန်ကိုရင် ဟုခေါ်ကြသည်။
နယ်ချဲ့စစ်သား တစ်ယောက်ဖြစ်၍ ပထမရန်လို သောအကြည့်ဖြင့် ကြည့်ကြသည်။ နောက်တော့ လက်အုပ်ချီပြီး ပြုံးပြနှုတ် ဆက်တတ်သည်။ သူ မြန်မာစကားကို မတတ်တတတ် ပြောသည့် အခါတိုင်း သဘောတကျ ရယ်မောပြီး အမှားများကို ပြင်ပေးကြသည်။ "ပဲပြုတ်" ဟု အသံကျယ်ကြီးနှင့် အော်ရောင်းသော ပဲပြုတ်သည် အာပြဲစိန်ခေါ် ခင်စိန်၊ "နားယူကြဦး မလား၊ နားသည်လာပြီ" ဟု မပီကလာဖြင့် ငါးရောင်းတတ်သော ငါးသည်မ ထော်လန်ခေါ် မိထော်၊ ရေထမ်းရောင်းသော ရေထမ်းသမား လံဘားခေါ် မောင်ရွှေခေါ် မောင်ရှေ စသဖြင့် ရွာသူရွာသား များကို သူမျက်မှန်းတန်း မိလာသည်။
နာကာမူရာမှာ ကျွန်းရွှေဝါ ရွာသားတစ်ပိုင်း ဖြစ်လာလေသည်။ တစ်နေ့မနက်တွင် ဆရာတော်က သူ့ကိုခေါ်ပြီး ဟီရိုရှီးမားနှင့် နဂါစကီ ဂျပန်မြို့နှစ်မြို့ အနုမြူဗုံး အကြဲခံရကြောင်းနှင့် ဂျပန်နိုင်ငံ လက်နက်ချလိုက်ပြီ ဖြစ်ကြောင်း ပြောပြသည်။ စစ်ကြီးပြီး ဆုံးသွားခဲ့ပြီ။ ရလဒ်အဖြစ် သူ့တိုင်းပြည်ပြာပုံ ဘ၀ရောက်ခဲ့ရပြီ။ သို့နှင့် နာကာမူရာ ဂျပန်သို့ပြန် ခဲ့ရသည်။ မပြန်မီ ဘုန်းတော်ကြီးက သူ့ကို စကားတစ်ခွန်း လက်ဆောင် ပါးလိုက်သည်။ "အကုသိုလ်မလုပ်နဲ့၊ ကုသိုလ်လုပ်ပါ" ဆိုသော စကားဖြစ်သည်။
နာကာမူရာ ဂျပန်ရောက်တော့ သူ့မိဘများက ၀မ်းသာအယ်လဲ ကြိုဆိုကြသည်။ သူ မြန်မာပြည် စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပြီဟု သူတို့ ထင်နေကြသည်။ နာကာမူရာကမူ ကြာကြာ ၀မ်းမသာနိုင်။ စစ်၏အနိဌာရုံများ ကိုကြည့်ပြီး စိတ်အပျက်ကြီး ပျက်နေမိသည်။ သို့သော် ဂျပန်က တစ်ခါ လဲကျရုံနှင့် အရှုံးပေးတတ်သော လူမျိုးမဟုတ်၊ ပြာပုံထဲက နိုးထ ရှင်သန်သော ဖီးနစ်ငှက် ဖြစ်သည်။ စစ်ရေးအရ ကျဆုံးမှုကို စီးပွားရေးဖြင့် နလံထူအောင် ကြိုးစားလာသည်။ နိုင်ငံခြားမှ ကုန်ကြမ်းများ မှာပြီး ကုန်ချောဖြစ်အောင် ထုတ်လုပ်ကြသည်။ အလုပ်ကြိုးစားသော လူမျိုးများဖြစ်၍ ဂျပန်ကုန်ပစ္စည်း များမှာ နာမည်ကောင်းရလာသည်။
တိုယိုတာ၊ နစ်ဆန်း၊ တိုရှီဘာ၊ ဆိုနီစသော တံဆိပ်ကပ် ပစ္စည်းများမှာ ဒုတိယကမ္ဘာစစ်က ဂျပန်တို့ ခြေမချနိုင်ခဲ့သော ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ရောက်နိုင်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ ဓနအင်အားမှာ လက်နက်များ မဟုတ်ဘဲ နည်းပညာများ ဖြစ်ကြောင်း ဂျပန်တို့ ကောင်းကောင်းကြီး နားလည်လာခဲ့ပြီ။ နာကာမူရာ မှာလည်း အောင်မြင်သော အီလက်ထရောနစ် ကုမ္ပဏီပိုင်ရှင် မစ္စတာ နာကာမူရာ အဖြစ် ပြောင်းလဲလာခဲ့သည်။ သူ့ခေါင်းထဲမှာ အမြဲရှိနေသည်က သူ့အသက်ကို ကယ်တင်ခဲ့သော မြန်မာ ဘုန်းတော်ကြီး၏ "အကုသိုလ်မလုပ်နဲ့ ကုသိုလ်လုပ်ပါ" ဆိုသောစကား ဖြစ်သည်။
သူ့လက်ထဲမှာ ငွေတွေ အများကြီး ရှိလာခဲ့ပြီ။ ဦးစွာပထမ သူ ကျွန်းရွှေဝါ ရွာကလေးကို သတိရလာသည်။ သူ့အပေါ် ကျေးဇူးရှိခဲ့သော သည်ရွာကလေးကို သူကျးဇူးဆပ်ရတော့မည်။ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး မှတဆင့် ထိုရွာကလေးအတွက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆေးပေးခန်း ဆောက်လုပ်နိုင်ရန် ငွေလှူဒါန်း လိုက်သည်။ ဂျပန်သံရုံးမှ ပြန်ပို့သော အဆောက်အဦး သစ်များ၏ ဓာတ်ပုံကိုကြည့်ပြီး နာကာမူရာ အလွန်ပီတိ ဖြစ်ရသည်။ မိမိ၏ ဆရာတော်ဘုရား ကျောင်းအသစ်ကြီးနှင့် စံမြန်းနိုင်တော့မည်။ ရွာမှကလေးများ ကိုယ့်ရွာမှာတင် ကျောင်းတက်နိုင်တော့မည်။ နေမကောင်း ဖြစ်လျှင် ကျေးရွာဆေးပေး ခန်းမှာပင် ဆေးကုသမှု ခံယူနိုင်တော့မည်။ ဘယ်လောက်များ ၀မ်းမြောက်စရာ ကောင်းလိုက်သနည်း။ ထိုရွာကလေး၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သူအလှူငွေ အကြိမ်ကြိမ် ပေးလှူခဲ့သည်။
တစ်နေ့တွင် မြန်မာနိုင်ငံသို့ အလုပ်ကိစ္စ တစ်ခုဖြင့် သူရောက်ခဲ့သည်။ အလုပ်ပြီးသည်နှင့် ကျွန်းရွှေဝါ ရွာကလေးသို့ ကားဖြင့် သူလာခဲ့သည်။ ကားလမ်းမှာ အတော်ဆိုးလှသည်။ ကားဒရိုင်ဘာက အတော် စိတ်ရှည်ရှည် ထား၍မောင်းနေရသည်။ နေမြင့်မှရွာသို့ ရောက်လာသည်။ ဘုန်းတော်ကြီးကျောင်းသို့ သူ အရင်ဝင်သည်။ ဘုန်းတော်ကြီး၏ ကပ္ပိယဖြစ်သူ မောင်မြကို တွေ့ရသည်။ မောင်မြမှာ အတော်အိုစာ သွားခဲ့ပြီ။ ဆရာတော်ဘုရား လွန်ခဲ့သော နှစ်နှစ်လောက်က ပျံလွန်တော်မူသွားကြောင်း မောင်မြက ပြောပြသည်။ သူဆောက်လုပ် လှူဒါန်းခဲ့သော စာသင်ကျောင်းနှင့် ဆေးပေးခန်းကို ၀င်ကြည့်ဖြစ်သည်။ ၀မ်းသာဝမ်းနည်း ဖြစ်ရလေသည်။ သူ့အသိ တော်တော်များများ ကွယ်လွန်သွားကြပြီ။ ပဲပြုတ်သည် အာပြဲစိန်ခေါ် ခင်စိန်က သူ့ကိုလာ နှုတ်ဆက်သည်။ အာပြဲစိန်မှာ ပါးရေနားရေ တွန့်ကာ အိုမင်းလာသော်လည်း သူ့ဘ၀မှာမူ ထူးမခြားနားပင် ကျွန်းရွှေဝါ ရွာကလေးကဲ့သို့ ညှိုးနွမ်းမြဲ ဖြစ်သည်။
သို့နှင့် သူက အာပြဲစိန် အပါအ၀င် ရွာသားများအတွက် ငွေအချို့ကို လှူဒါန်းခဲ့သည်။ ဂျပန်ပြည် ရောက်သောအခါ နာကာမူရာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ထူးချွန်ထက်မြက်သော ကျွန်းရွှေဝါရွာသား အလယ်တန်း ကျောင်းသား ဆယ်ယောက်ကို ဂျပန်သို့ခေါ်၍ ပညာသင်ကြား ပေးရန် ဖြစ်သည်။ သူက သူ၏ကိုယ်ရေး အရာရှိကို ခေါ်ပြီး ကျောင်းသားများ ခေါ်ရန်စီစဉ် ခိုင်းလိုက်သည်။
"ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီကလေးတွေကို ဂျပန်ခေါ်ပြီး ပညာသင်ပေးရ တာလဲဆရာ"
"ဒီကလေးတွေ ဘွဲ့ရပညာ တတ်ကြီးတွေ ဖြစ်လာခဲ့ရင် ကိုယ့်ရွာ အကျိုးတော့ ကိုယ်ပြန်ကြည့်ကြ လိမ့်မယ်၊ ဗမာလူမျိုးတွေက ကိုယ့်ဇာတိကို သိပ်ချစ်ကြတယ်ကွ"
သို့နှင့် ကျွန်းရွှေဝါရွာ သားကလေး ဆယ်ယောက် ဂျပန်နိုင်ငံသို့ ရောက်လာကြသည်။ နာကာမူရာက ထိုကလေးများကို ဂျပန်နိုင်ငံ၏ အကောင်းဆုံး ကျောင်းများမှာ ထားပေးလိုက်သည် မြန်မာကလေးများ ရိုးသားကြိုးစား ကြသည်။ အတန်းတိုင်းတွင် ရလဒ်ကောင်းများ ရလာကြသည်။
"အင်း သူ့ရွာက ကလေးတွေကို ငါဒီလို ကျောင်းထားပေးတာ တမလွန်က ဆရာတော်ဘုရား သိခဲ့ရင် ဘယ်လောက်များ ၀မ်းသာလိုက်မယ်မသိဘူး"
နာကာမူရာက ကိုယ့်အတွေးနှင့် ကိုယ်ကျေနပ် နေသည်။ ထိုကလေးများက နာကာမူရာကို ချစ်ခင်ရိုကျိုးစွာ အဘဟု ခေါ်ကြသည်။ ယခုသော် ထိုကလေးများမှာ တက္ကသိုလ် ကျောင်းသား ကြီးများပင် ဖြစ်လာကြပြီ။
"ကျောင်းသားလေးတွေ ရောက်ပါပြီ ဆရာ"
သူ၏ ကိုယ်ရေးအရာရှိက နာကာမူရာကို အကြောင်းကြားလိုက်သည်။
"အေး ၀င်ခိုင်းလိုက်ပါ"
ကလေးတွေဟု သူခေါ်သော မြန်မာ ကျောင်းသားများ သူ့အခန်းထဲသို့ ၀င်လာကြသည်။ ဂျပန်အဘိုးအိုကိုကြည့်ပြီး မကြာမီ သေရွာ ကူးတော့မည်မှန်း သူတို့ ရိပ်မိလိုက်သည်။
"ထိုင်ကြ ကလေးတို့"
အဘိုးအိုက လေသံလေးနှင့် အထိုင် ခိုင်းလိုက်သည်။ ကျောင်းသားများက သူ့နံဘေးမှာ ၀ိုင်းထိုင်လိုက်ကြသည်။
"အဘ နေကောင်းရဲ့လား"
"အဘ သက်သာရဲ့လား"
"ညက ကောင်းကောင်းအိပ် ပျော်ရဲ့လား"
"အစားကော ၀င်ရဲ့လား"
ကျောင်းသားများက စိုးရိမ်တကြီး သူ့ကို မေးမြန်းကြသည်။
"နေကောင်းပါတယ် ကလေး တို့ရယ်။ ဒီကနေ့ ထူးထူးခြားခြား ကျွန်းရွှေဝါ ရွာကလေးကို သတိရနေမိတယ်။ ရွာအကြောင်း စမြုံ့ပြန်ချင်လို့ မင်းတို့ကို ခေါ်လိုက်ရတာ" "ဟုတ်တယ် အဘ။ ကျွန်တော်တို့လည်း ရွာကို သိပ်သတိရတာပဲ။ ဖြစ်နိုင်ရင် ငှက်ကလေးများလို ပျံတောင်သွား လိုက်ချင်တယ်"
"အခုလို နွေဦးရာသီဆို ရွာနံဘေးက ကျွန်းတောကြီးထဲ လျှောက်သွား ရတာလောက် ပျော်စရာကောင်းတာ မရှိဘူး။ လေရူးက ဝေ့ကနဲ တိုက်လိုက်တိုင်း ကျွန်းပင်ပေါ်က ရွက်ဝါတွေ တဖြုတ်ဖြုတ် ကြွေကျလာတယ်။ ကျွန်းရွက်ကြွေတွေကို လိုက်ဖမ်းရတာ တော်တော်ပျော်စရာ ကောင်းတယ်"
နာကာမူရာက ထိုကျောင်းသားကို ငေးမော ကြည့်ရှုနေသည်။ ပြီးမှ "အေး ဟုတ်တာပေါ့ကွယ်။ အဘ ကိုရင်ဝတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းလေးအကြောင်း ပြောပြပါဦး။ နှစ်တွေကြာ လာတော့ ခပ်မေ့မေ့ ဖြစ်နေပြီကွဲ့။ ရွာရဲ့ဘယ်ဘက်မှာရှိတာပါလိမ့်"
"ရွာရဲ့ အရှေ့ဘက်မှာလေ အဘရဲ့။ အဖေတို့ အမေတို့ ဥပုသ် စောင့်သွားရင် ကျွန်တော်တို့ လိုက်လိုက်သွားတယ်။ ကျောင်းကသစ်ပင်၊ ၀ါးပင်တွေ သိပ်ပေါတာ၊ အဲဒီသစ်ပင် ၀ါးပင်တွေကြား တူတူပုန်းတမ်း ကစားရတာ ခုထိ မမေ့သေးဘူး"
"အဘလည်း ကိုရင်ဘ၀က အဲဒီ သစ်ပင်တွေ အောက်မှာ တရားထိုင်ခဲ့ဖူးတယ်။ ရွာနံဘေးက ချောင်းလေးအကြောင်း ပြောစမ်းပါဦး။ ရွာရဲ့ဘယ်ဘက် မှာပါလိမ့်"
"ရွာရဲ့ တောင်ဘက်မှာ ရှိတာလေ။ ၀ါဆိုဝါခေါင် ရေဖောင်ဖောင်ဆို ချောင်းထဲမှာ လှေစီးရတာ သိပ်ပျော်စရာ ကောင်းတယ်။ သပြေပင် ပေါ်ကနေ ရေထဲကို ပလုံပလုံနဲ့ ကျလာတဲ့ သပြေသီးတွေ ဆယ်ပြီးစားရတာ သိပ်အရသာရှိတာပဲ"
"နောက် ချောင်းထဲမှာ ရေဆင်းချိုးရတာ ပိုက်ကွန်တွေနဲ့ ငါးဖမ်းရတာ ပျော်စရာ ကောင်းမှကောင်း အဘရေ"
"ရွာအနောက်ဘက်က ကန်ကြီးအကြောင်း ပြောပြပါဦး ကလေးတို့ရဲ့"
"ကြာပင်တွေနဲ့ ကန်ကြီးမဟုတ်လား။ အဲဒီကန်က ကြာပန်းတွေချိုးပြီး ဘုရားတင်ရတယ်။ ကြာရိုးတွေ ဆစ်ပြီး ဆွဲကြိုးလုပ်ဆွဲ ရတယ်။ သီတင်းကျွတ် လပြည့်ညဆို ဆီမီးတွေ ထွန်းပြီးကန်ထဲမှာ မျှောကြတယ်။ ကျွန်တော်တို့ ရွာကလေးက လွမ်းစရာပါ အဘရာ"
အဘိုးအို နာကာမူရာက ပြုံးပြီး ခေါင်းတညိတ်ညိတ် လုပ်နေသည်။ ပြီးမှ "ကဲ ကဲ ကလေးတို့ စာကျက် စရာတွေ ရှိသေးတယ် မဟုတ်လား။ ပြန်ကြပေတော့"
"ဟုတ်ကဲ့ အဘ။ သားတို့ သွားတော့မယ်။ အဘကို ကန်တော့ခဲ့ပါတယ်"
ကျောင်းသားများက သူ့ကို ထိုင်ကန်တော့ကြသည်။
"အေး အေး ငါ့မြေးတို့ ပညာတတ် ကြီးတွေဖြစ်ပြီး ရပ်ရွာနဲ့တိုင်းပြည် အကျိုးသယ်ပိုး နိုင်ပါစေကွယ်"
ကျောင်းသားများ ပြန်သွားကြသည်။ နာကာမူရာက သူ့ကိုယ်ရေး အရာရှိကို ခလုတ်နှိပ် ခေါ်လိုက်သည်။
"ဘာကိစ္စလဲ ဆရာ"
"မြန်မာနိုင်ငံက မင်းခေါ်လာတဲ့ ကလေးတွေလေ"
"ဟုတ်ကဲ့"
"သူတို့အားလုံး ကျွန်းရွှေဝါရွာ သားတွေ မဟုတ်ကြဘူး"
"သေချာရဲ့လား ဆရာ"
"သေချာပါတယ်ကွာ၊ ငါလည်း အစက မရိပ်မိဘူး။ ကျွန်းရွှေဝါရွာ အကြောင်းမေးကြည့်မှ သူတို့ဟာ အဲဒီရွာကို တစ်ခါမှ မရောက်ဘူးတဲ့ သူတွေဆိုတာ သိလာရတယ်"
"သူတို့က ဘာတွေပြောသွားလဲ ဆရာ"
"ကျွန်းရွှေဝါဆိုတာ နာမည်နဲ့လိုက်အောင် ကျွန်းပင်တွေ အများကြီးရှိတဲ့ ရွာလို့ သူတို့ထင်နေ ကြတယ်။ အမှန်က နာမည်ကသာ ကျွန်းရွှေဝါ၊ ကျွန်းပင်တစ်ပင်မှ မရှိဘူးကွ"
"ဟုတ်လား ဆရာ"
"အေးဟုတ်တယ်။ ငါလည်း မသင်္ကာတာနဲ့ ဘုန်းကြီးကျောင်း ဘယ်မှာရှိသလဲ ဆိုတာ မေ့ချင်ယောင်ဆောင်ပြီး မေးလိုက်တယ်။ သူတို့က ရွာအရှေ့ဘက်မှာ ရှိတယ်လို့ ပြန်ဖြေတယ်။ မြန်မာရွာတွေမှာ ဘုန်းကြီးကျောင်းတွေက ရွာရဲ့ အရှေ့ဘက်မှာ ရှိတာများတယ်။ ရမ်းတုတ် လိုက်တာပေါ့။ အမှန်က ကျွန်းရွှေဝါ ဘုန်းကြီးကျောင်းက ရွာမြောက်ဘက်မှာ ရှိတာကွ"
"မြတ်စွာဘုရား"
"ချောင်းက ရွာတောင်ဘက်မှာ ရှိတယ်လို့ သူတို့ မှန်းပြောလိုက်တာ မှန်သွားတယ်။ ရွာအနောက်ဘက် က ကန်ကြီးအကြောင်း ဝေေ၀ဆာဆာ ပြောနိုင်ကြပါရဲ့။ ဒါပေမယ့် ကျွန်းရွှေဝါရွာရဲ့ အနောက်ဘက်မှာ ဘာကန်မှာမရှိဘူး။ လယ်ကွင်းတွေပဲ ရှိတယ်ဆိုတာ သူတို့ မသိကြဘူး"
"ဒါဆို ဒီကလေးတွေက ကျွန်းရွှေဝါရွာ သားတွေမဟုတ် ကြဘူးပေါ့"
"အေးပေါ့ကွ"
သူတို့ နှစ်ဦးစလုံး အတွေးကိုယ် စီဖြင့်ငြိမ်သက် သွားကြသည်။ ထို့နောက် အဘိုးအိုက "ငါ သေသွားပြီး ငါ့ကိုယ်စား မင်း သူတို့ကို စောင့်ရှောက်လိုက်ပါ။ နောက်သူတို့ဟာ ကျွန်းရွှေဝါသားတွေ မဟုတ်ဘူးဆိုတာ ငါသိသွားတဲ့အကြောင်း သူတို့ကို ဘယ်တော့မှ မင်းမပြောပါနဲ့။ မင်းကိုယ်တိုင်လည်း မသိသလို နေလိုက်ပါ"
အဘိုးအိုက ပြောရင်း မောဟိုက်လာသည်။ သူ့နားထဲမှာ မြန်မာဆရာတော် ပြောခဲ့သော "အကုသိုလ်မလုပ်နဲ့၊ ကုသိုလ်လုပ်ပါ" ဟူသော စကားသံပဲ့တင် ထပ်လာသည်။ သူက ဆရာတော်ဘုရားကို စိတ်ဖြင့် ရည်စူး၍ ဦးခိုက်လိုက်သည်။ နောက် တစ်ပတ်အကြာတွင် နာကာမူရာ သေဆုံးသွားလေသည်။
နတ်မှူး
(ပေဖူးလွှာ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၀)
No comments:
Post a Comment