(Civil Society) လွတ်လပ်သော လူ့ဘောင် အဖွဲ့အစည်းများသည် ဒီမိုကရေစီစံနစ် ကျင့်သုံးနေသော နိုင်ငံတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ကြသည်။ ထို့အပြင် ဒီမိုကရေစီစံနစ် မထွန်းကားသော နိုင်ငံတို့တွင်လည်း ဒီမိုကရေစီစံနစ်ပေါ်ပေါက်လာရန်အတွက် အဓိကတွန်းအားများ အဖြစ်တွေ့ရသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် Civil Society သည် စစ်အာဏာရှင်စံနစ်စတင်သည့် ၁၉၆၂ နောက်ပိုင်းတွင် ဆုတ်ယုတ်ကျဆင်းသွားပြီး ကျုံ့ ဝင်လာခဲ့သည်။ ထို့ကြောင့် Civil Society ဆိုသည်မှာ ဘာကို ဆိုလိုသလဲ ဆိုသည်ကို ရှင်းလင်းတင်ပြရန်လိုပါ သည်။
လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ (တနည်း) လွတ်လပ်သော လူထုလူတန်းစားကိုယ်စားပြု အဖွဲ့အစည်းများသည် အစိုးရအဖွဲ့အစည်းများနှင့် သီးခြားကင်းလွတ်သော အဖွဲ့အစည်းများကို ဆိုလိုသည်။ ရပ်ကွက် စာဖတ်အသင်းများ၊ ရေချမ်းစင်အသင်းများ၊ အလုပ်သမား၊ လယ်သမား အစည်းအရုံးများ၊ ကျောင်သားလူငယ်အဖွဲ့အစည်းများ၊ နာရေးကူညီမှုအသင်းများ။ ကျန်မာရေးအသင်းအဖွဲ့ များ၊ လူမျိုးစုအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ပေါင်းစုတို့အပြင် နိုင်ငံရေး ပါတီများနှင့် သတင်းစာသမဂ္ဂများ၊ ယဉ်ကျေးမှုအသင်းများ၊ စီးပွားရေးအသင်းများ၊ ဘာသာရပ်ဆိုင်ရာအသင်း များအဆုံး အားလုံးပါဝင်သည့်လူ့ဘောင်အဖွဲ့အစည်းများကိုဆိုလိုသည်။ ၎င်းအဖွဲ့အစည်းများသည် အစိုးရထိန်း ချုပ်မှုအောက်မှ သီးခြားလွတ်လပ်ခွင့်ရှိပြီး ချမှတ်ထားသောအခြေခံဥပဒေဘောင်အတွင်းမှ ၎င်းတို့အသင်းအဖွဲ့ များ၏ လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။
လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်း(Civil Society)သည် ဒီမိုကရေစီစံနစ် ပေါ်ပေါက်လာရန် အား ပေးသကဲ့သို့ ရှိပြီးသားဒီမိုကရေစီကိုလည်း မပျောက်ပျက်သွားရန် ထိန်းသိမ်းနိုင်၊ စောင့်ရှောက်နိုင်သည့် အင် အားရှိပေသည်။
(Civil Society) လွတ်လပ်သော လူမှုအဖွဲ့အစည်းများ ကြံ့ခိုင်တောင့်တင်းသော နိုင်ငံတွင် အစိုးရမှ ၎င်းအဖွဲ့အစည်းများကို အာဏာသုံး ဖိနှိပ်ခြင်း၊ အသင်းသားများကို ဥပဒေမဲ့ ဖမ်းဆီးခြင်းတို့ကို ပြုလုပ်လာပါက၊ ၎င်းအဖွဲ့အစည်းက မိမိအဖွဲ့အစည်း၏ရပိုင်ခွင့်များကိုအခြေပြု၍ အစိုးရအဖွဲ့အစည်းအား တရားရုံးတွင်ဦးတိုက် လျှောက်ထား၍ တရားစွဲပိုင်ခွင့်ရှိသည်။
(Rodney King) ရော့ဒနီကင်းဆိုသည့် အမေရိကန်လူမဲတဦးကို လော့စ်အိမ်ဂျလိစ်မြို့တွင် လူဖြူ ပုလိပ်များက နံ့ပါတ်တုတ်များဖြင့်ဝိုင်းဝန်းရိုက်နှက်နေခြင်းကို တစုံတယောက်က ဗီဒီယိုရိုက်ယူပြီး ရုပ်မြင်သံ ကြားမှပြသခဲ့သည့်အပေါ် လော့စ်အိမ်ဂျလိစ်မြို့ရှိ လူမဲများ၊လူဖြူများကိုရိုက်နှက်ပြီး ဆိုင်များ၊ ကားများကိုဖျက် ဆီးပစ်သည့် လူမျိုးရေးအဓိကရုဏ်းကြီးပေါ်ပေါက်လာခဲ့ပြီး အဆောက်အဦပေါင်းများစွာပျက်စီး၍ ငွေကြေး ဒေါ် လာသန်းပေါင်းများစွာဆုံးရှုံးခဲ့ရသည်။ ရော့ဒနီကင်းက ၎င်းအား လူမဆန်စွာရိုက်နှက်ခဲ့သည့်အတွက် အစိုးရကို တရားစွဲခဲ့သည့်အပေါ် အစိုးရမှ ဒေါ်လာ ၅ သန်းပေးလျှော်ခဲ့ရသည်။
ရော့ဒနီ၏ အမှုကို ကြည့်လျှင်--
(၁) သတင်းလွတ်လပ်ခွင့်ရှိခြင်းကို တွေ့ရမည်ဖြစ်သည်။ ပုလိပ်များလူမဆန်မှုကို ရုပ်မြင်သံကြားမှ လွတ်လပ်စွာ ထုတ်ဖေါ်ပြသပြီး တနိုင်ငံလုံး ပုလိပ်အကြမ်းဖက်မှုကိုဖေါ်ပြနိုင်ခဲ့သည်။ ထို့ကြောင့် ထိုပုလိပ်မျာုး ရထူးမှထုတ်ပယ်ခြင်းနှင့် အရေးယူခြင်းကိုခံကြရသည်။
(၂) တရားရုံးသည် အစိုးရအာဏာစက်မှ သီးခြားကင်းလွတ်သည့်ဋ္ဌာနဖြစ်သဖြင့် တရားသူကြီးက အထောက်အထားသက်သေခိုင်လုံးသဖြင့် ရိုက်နှက်ခံရသူအား အစိုးရမှလျှော်ကြေးပေးရန်ကို ပြတ်ပြတ်သား သား ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ အမေရိကန်ပြည်တွင် (Civil Society) သည် တောင့်တင်းမှုရှိနေ၍ ဖြစ်သည်။
လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများတိုးတက်ဖွံ့ဖြိုးလာရန်ဒီမိုကရေစီနိုင်ငံများကအာေးပးသည်။ သို့ရာတွင် အာဏာရှင်နိုင်ငံများက လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများဖြစ်ပေါ်လာမှုကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး ၎င်းအဖွဲ့အစည်းများနေရာတွင် ၎င်းတိုကြီးကြပ်မှုဖြင့်ဖွဲ့စည်းသော အဖွဲ့အစည်းများကို အစား ထိုး၍ ၎င်းတို့စံနစ်တွင် ထိုကဲ့သို့လွတ်လပ်သောအဖွဲ့အစည်းများရှိသယောင် လှည့်စားလေ့ရှိသည်။
မ.ဆ.လ လက်ထက်တွင် လမ်းစဉ်လူငယ်၊ ရှေ့ဆောင်လူငယ်တို့သည် အစိုးရလက်အောက်ခံ ဝါဒဖြန့် ချိရေးကရိယာအဖြစ်ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်သလို၊ အလုပ်သမားအစည်းအရုံး၊ တောင်သူလယ် သမားအစည်းအရုံးတို့သည်လည်း အစိုးရပေါ်လစီများ၊ ညွှန်ကြားမှုများကို သဝေမတိမ်းလိုက်လုပ်ရန် ဖွဲ့စည်း ထားသည့် ဝါဒဖြန့်ချီရေးထောက်တိုင်များသာဖြစ်သည်။
ထိုအဖွဲ့အစည်းများသည် အစိုးရကိုဆန့်ကျင်ပြီး ဆန္ဒပြခွင့်မရှိ၊ ထောက်ခံပြီးဆန္ဒပြခွင့်သာရှိသည်၊ နိုင်ငံ ခြားအစိုးရများကိုသော်လည်ကောင်း၊ အစိုးရညွန်ကြားသည့်အခါ တန်းစီလမ်းလျှောက်ဆန္ဒပြခွင့်ရှိသည်။စင်စစ် ထိုအဖွဲ့အစည်းများသည် ရုပ်သေးအဖွဲ့အစည်းများသာဖြစ်သည်။
အာဏာရှင်များ အဓိကကြောက်ရွံ့သည့်အချက်မှာ ၎င်းတို့၏ အာဏာချိန်ခွင်လျှာကို အားနည်းစေမည်၊ လွတ်လပ်သော အဖွဲ့အစည်းများ လုံးဝပေါ်ပေါက်မလာရေးပင်ဖြစ်သည်။ လွတ်လပ်သောအဖွဲ့အစည်းများ ပေါ် ပေါက်လာပါက ၎င်းတို့အာဏာကိုစိန်ခေါ်မှုများပေါ်ထွက်လာပြီး ထိုမှတဆင့် အာဏာလက်လွှတ်ဆုံးရှုံးမှုများကို ဆက်တိုက်ကြုံတွေ့လာနိုင်ဘို့ရှိပေသည်။ ထို့ကြောင့် အရာရာကို လုံးဝဥဿုံထိန်းချုပ်နိုင်ရေးသည် အာဏာရှင် များရပ်တည်ရေးနှင့် ၎င်းတို့၏ ဗိုလ်ကျစိုးမိုးထားနိုင်ရေးအတွက် အထူးအရေးကြီးလှပေသည်။
အာဏာရှင်များ သုံးနှုန်းသည့် ‘‘ပြည်သူ”ဆိုသည်မှာ ပြည်သူလူထုကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ၎င်းတို့ ”အုပ်ချုပ်သူလူတန်းစား” သက်သက်ကိုသာ ရည်ညွန်းသည်။ ထို့ကြောင့် အာဏာရှင်နိုင်ငံများတွင် ပြည်သူ ကောင်းစားရေးဆိုလျှင် ၎င်းတို့ကောင်းစားရေးဟုမှတ်ယူရမည်။ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးဆိုလျှင် ၎င်းတို့ တိုးတက်ဖွံ့ဖြိုးရေးဟုမှတ်ယူရမည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတိုးတက်ရေးအတွက်၎င်း၊ပြည်သူတိုးတက် ရေးအတွက်၎င်း၊ အာဏာရှင်များသည်စိတ်မဝင်စားကြပေ။ အာဏာရှင်များတွင် မျိုးချစ်စိတ်အပြည့်အဝရှိသည်။ အဘယ်ကြောင့်နည်း။ အာဏာရှင်တို့သည် ကိုယ့်သမီး၊ ကိုယ့်သား၊ ကိုယ့်မြေးတို့ကို တုန်မတတ်ချစ်ကြသော ကြောင့်ဖြစ်သည်။
ရုရှားအာဏာရှင် ကွန်မြူနစ်ခေါင်းဆောင်ကြီး(စတာလင်)သည် ပစ္စည်းမဲ့လူတန်းစားများအတွက် တိုက် ပွဲဝင်နေသည့်သူဖြစ်သည်။ လူလူခြင်းအဆင့်အတန်းခွဲခြားခြင်း လူမျိုးစွဲများမရှိဘဲ ကမ္ဘာ့နိုင်ငံသားစိတ်ရှိရမည်ဟု ဟောပြောခဲ့သူဖြစ်သည်။ သို့ရာတွင် သူ၏သမီးလေးနှင့်ချစ်ကြိုက်ခဲ့သော စစ်ဗိုလ်များကို တယောက်ပြီးတ ယောက်ဖျောက်ဖျက်ပစ်သည်အထိ သမီးကိုချစ်ခဲ့သည်။ သူ့သမီးနှင့်ဘယ်သူမျှမတန်ဟူသည့်သဘော၊ သဝန် တိုသည့်သဘောသည် စတာလင်၏ ပစ္စည်းမဲ့ဝါဒကိုမည်မျှယုံကြလေးစားခဲ့ကြောင်းကို မီးမောင်းထိုးပြခဲ့သည်။ စတာလင်၏ သမီးသည်ပင် နောက်ဆုံးရန်သူနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသို့ ထွက်ပြေးခိုလှုံရသည့်ဘဝသို့ ရောက်ခဲ့ရသည်မှာ သံဝေဂရစရာပင်။
ယနေ့မြန်မာပြည်တွင် သန်းရွှေက ၎င်း၏မြေးဖြစ်သူ လူရမ်းကားလေးကို အလိုလိုက်၍ ခိုးထားသော ဓါတ်ငွေ့ရောင်းရငွေ ဘီလီယံများထဲမှနေ၍ အင်္ဂလန်ဘောလုံးအသင်းကို ဝယ်ယူရန်စဉ်းစားခဲ့ခြင်းကိုကြည့်လျှင် သန်းရွှေသည် မျိုးချစ်တယောက်ဖြစ်ကြောင်း မှတ်တမ်းတင်ရတော့မည်ဖြစ်သည်။
ကိုကျော်သူ၏ နာရေးကူညီမှုအသင်း၊ မဖြူဖြူသင်း၏ AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဋ္ဌာနတို့ကို နအဖမှ သွေးတိုးစမ်းလျှက် အကြပ်ကိုင်ဘို့ကြိုးစားခဲ့ခြင်းသည် ၎င်းတို့ကိုအပြိုင်ဖြစ်လာမည်။ လူအများထောက် ခံမှုရလာသော မည်သည့်လုပ်ရပ်မျိုးကိုမဆို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အာဏာရှင်များကိုခြိမ်း ခြောက်မှုဟု ယူဆနေ၍ဖြစ်ပေသည်။ ကိုကျော်သူနှင့် မဖြူဖြူသင်းတို့၏အဖွဲ့အစည်းများသည် လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းထဲမှ တစိတ်တဒေသဖြစ်သည်။ကိုကျော်သူ၊ လမ်းပြကြယ်ဦးအေးမြင့်၊ ရှေ့နေကိုဖိုးဖြူတို့ ကဲ့သို့ လွတ်လပ်သော လူမှုအဖွဲ့အစည်းများ မြန်မာပြည်တွင်ပေါ်ပေါက်လာရေးသည်၊ အလွန်အရေးကြီးသည်။ မြန်မာပြည်တွင် လူတန်းစားပေါင်းစုံကိုကိုယ် စားပြုသော လွတ်လပ်သည့်လူ့ဘောင်အဖွဲ့အစည်းများ ပိတ်ပင်ခံ ထားရသည်မှာ ဆယ်စုနှစ်ငါးစုအတွင်းသို့ ဝင် ရောက်နေပြီဖြစ်သည်။
ဗြိတိသျှကိုလိုနီစံနစ်အောက် ကျွန်သဘောက်ဘဝတွင်ပင် နယ်ချဲ့များက ကျောင်းသားသမဂ္ဂအသင်း အဖွဲ့အစည်းများကို လွတ်လွတ်လပ်လပ်ဖွဲ့စည်းပေးခဲ့ခြင်းကို တွေ့ရမည်ဖြစ်သည်။ ဗုဒ္ဓကလျှာဏယုဝအသင်း ကြီး၊ ဒို့ဗမာအစည်းအရုံး၊ တကသ၊ ဗကသတို့သည် ဗြိတိသျှ လက်အောက်တွင် ဖွဲ့စည်းခွင့်ရှိခဲ့သည်။ ဒါကြောင့် ဗမာ့လွတ်လပ်ရေးကို ရအောင်တိုက်ယူနိုင်ခဲ့သည်။ ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်ရှိ၍ ထိုစဉ်ကပင် ကျောင်း သားများ၊ အလုပ်သမားများ၊ လယ်သမားများ၊ အသင်းအပင်းဖွဲ့စည်းခြင်း၊ အသင်းလုပ်ငန်းစဉ်များချမှတ်ခြင်း၊ အကောင်အထည်ဖေါ်ခြင်း၊ အသင်းနစ်နာချက်များကို တောင်းဆိုတိုက်ပွဲဝင်ခြင်းတို့ကို လုပ်ခွင့်ရသည့်အတွက် အတွေ့အကြုံများရရှိပြီး၊ အဖွဲ့အစည်းအသွင် ညီညွတ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ရသလို၊ အဖွဲ့အစည်းအတွင်း အရည်အချင်းရှိသူများကို ရွေးချယ်တင်မြှောက်ခွင့်လည်းရကြသဖြင့် အင်အားရှိသော အဖွဲ့အစည်းများဖြစ်လာ ကြသည်။
ယနေ့ ၂၀၀၈ အခြေခံဥပဒေတွင် လူမှုလူတန်းစားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်ရှိသည် ဆိုသည် ဟုဆိုသဖြင့် မြန်မာပြည်တွင်းရှိ လူထုလူတန်းစား အဖွဲ့အစည်းများကို ထိုလူထုလူတန်းစားများက သတ္တိရှိရှိဖြင့် ဖွဲ့စည်းကြဘို့ အချိန်ရောက်ပြီဟုတိုက်တွန်းချင်သည်။ အထက်တန်းကျောင်းသားများက အထက် တန်းကျောင်းသားများသမဂ္ဂများကို ဖွဲ့စည်းကြဖို့လိုအပ်သလို တက္ကသိုလ်ကောလိပ်ကျောင်းသားများကလည်း ၎င်းတို့ကျောင်းသားသမဂ္ဂများကို ဖွဲ့စည်းကြဖို့လိုသည်။ အလုပ်သမားနှင့်လယ်သမားများကလည်း ထိုနည်းတူ စွာဖွဲ့စည်းကြဖို့လိုသည်။ မိမိအဖွဲ့အစည်းများကို ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်သည် အုပ်ချုပ်သူအစိုးရကိုဆန့် ကျင်ဖို့ထက် မိမိလူတန်းစားများဘဝလုံခြုံရေး၊ အခွင့်အရေးများကိုကာကွယ်ရေးအတွက် ဖွဲ့စည်းခြင်းဖြစ် ကြောင်း ရှင်းလင်းပြတ်သားစွာကြေငြာရဲရမည်။ မိမိအဖွဲ့အစည်းအသီးသီးနှင့်ကိုက်ညီသည့် အခြေခံဥပဒေကို ရေးဆွဲပြီး တရားဝင်မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ခြင်းကိုလက်မခံပါက အာဏာပိုင်များကငြင်းပယ်ခြင်း၊ ခြိမ်း ခြောက်ခြင်းပြုလာပါက ယနေ့ IT ခေတ်မီစံနစ်ကို သုံး၍ ကမ္ဘာသို့ဖြန့်ဝေခြင်းဖြင့် (၂၀၀၈) အခြေခံဥပဒေပါ အချက်များကို အစိုးရမှ လေးစားလိုက်နာလာစေရန် ပြည်တွင်းပြည်အကူအညီဖြင့် ကြိုးရစားရမည်။
ဤသို့လူထုလူတန်းစားအဖွဲ့အစည်းများကို ဖွဲ့စည်းလာနိုင်ပါက ထိုအဖွဲ့အစည်းများက မိမိတို့အဖွဲ့ ၀င်များကို ၎င်းမိမိတို့အဖွဲ့အစည်းကို ၎င်းအာဏာပိုင်အဖွဲ့အစည်းများက မတရားဖမ်းဆီခြင်း၊ နှိပ်စက်ကလူပြု ခြင်းတို့ကို လူသိရှင်ကြားတရားဝင်ကန့်ကွက်ခြင်းဖြင့် အုပ်ချုပ်သူလူတန်းစားအဖွဲ့အစည်းများ၏ ဥပဒေမဲ့လုပ် ရပ်ကို တရားဝင်ဆန့်ကျင်မှုပြုလုပ်ခြင်းဖြင့် ဥပဒေမဲ့လုပ်ရပ်များကို တဖြည်းဖြည်းလျှော့နည်းအောင် ကူညီခြင်း ဖြင့် တရားဥပဒေစိုးမိုးရေးကို အားပေးကူညီခြင်းကြောင့် မင်းမဲ့စရိုက်များ၊ဥပဒေမဲ့လုပ်ရပ်များ မှေးမှိန်ပျောက် ကွယ်လာပြီး ဒီမိုကရေစီရေးအားပေးသည့်အင်အားစုများ ပေါ်ထွက်လာနိုင်မည်ဖြစ်သည်။
ဥပဒေမဲ့ အာဏာအလွန်ကျွံသုံးစွဲမှုကို ကန့်ကွက်ခြင်းအပေါ်တွင် အုပ်ချုပ်သူအစိုးရမှ လိုက်လျှော၍ အရေးယူဆောင်ရွက်လာခဲ့ပါက၊တရားဥပဒေစိုးမိုးရေးဖြစ်ပေါ်လာပြီး ပြည်သူလူထုကအစိုးရအပေါ် ယုံကြည်ကိုး စားမှုရှိလာနိုင်သလို ပြည်သူလူထု၏ခံစားချက်များ၊နစ်နာချက်များကို အကြောက်လန့်ကင်းစွာ တရားဥပဒေ ဘောင်အတွင်းမှ တောင်းဆိုတင်ပြခွင့်ရှိသဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်းကို ရရှိနိုင်ပေသည်။
ဤသို့သောနှစ်ဦးနှစ်ဖက် (ပြည်သူ+အစိုးရ) အကျိုးရှိမည့်လုပ်ရပ်ကိုကြံ့ဖွတ်ပါတီက (၂၀၀၈) အခြေခံ ဥပဒေတွင်ထည့်သွင်းထားသည့် အဖွဲ့အစည်းများလွတ်လပ်စွာဖွဲ့စည်းပိုင်ခွင့်ကို လေးစားလိုက်နာ၍ ဖွဲ့စည်းခွင့် ပြုမည်လော အမည်ခံပါတီစုံစံနစ်ဖြင့် ပြည်သူကိုဖိနှိပ်၍ အာဏာအလွဲသုံးစား ပြုလုပ်ပြီးအုပ်ချုပ်မည်လောဆို သည်ကို စောင့်ကြည့်ရပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်သည် (NLD) ခေါင်းဆောင်ထက်ပိုလွန်သော အမျိုးသားခေါင်းဆောင်နေရာသို့ ရောက်နေသော်လည်း သူမ၏် လုပ်ပိုင်ခွင့်များ၊လှုပ်ရှားခွင့်များကို အကန့်အသတ်နှင့်စောင့်ကြည့်နေသည့် အနေ အထားဖြစ်သည်။ ထိုအနေအထားမှရွေ့နိုင်အောင် အောက်ခြေထုလူထုကိုယ်စားပြု လူ့ဘောင်အဖွဲ့အစည်း များတရားဝင်တည်ရှိလာဘို့ အထူးလိုအပ်ပေသည်။ ပြည့်နားနှင့်မျက်စိဟုဆိုအပ်သော လွတ်လပ်သည့်သတင်း ဌာနများ ထွက်ပေါ်လာဘို့သည် အထူးအရေးကြီးသောအခန်းမှပါဝင်သည်၊ BBC, RFA, VOA, DVB တို့မှ ပြည်ပမှနေ၍ သတင်းမှန်များဖြန့်ချီပေးနေသဖြင့် နအဖ၏ ဝါဒဖြန့်သတင်းများကို ဟန်ချက်မတိမ်းစောင်းစေရန် ထိန်းထား နိုင်သဖြင့် တော်သေးသည်ဟုဆိုရမည်။ ယနေ့မြန်မာနိုင်ရေးအလှည့်အပြောင်းသည် ပြည်တွင်းရှိ လူငယ်လူ ရွယ်များ၏ လူထုလူတန်းစားအဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကို မည်မျှလျှင်မြန်စွာ ပြုစုပျိုးထောင်နိုင် မှုပေါ်တွင်မူတည်နေသလို နိုင်ငံရေးခေါင်းဆောင်များမှ မည်မျှ အချိန်အခါနှင့်ကိုက်၍ ဖောက်ထွက်နိုင်သည့် အပေါ်တွင်လည်း တည်မှီလျက်ရှိကြောင်း တင်ပြလိုက်ပါသည်။
ထွန်းအောင်ကျော်
{၁၂၊ ၂၇၊ ၂၀၁၀။ (၃:၄၅) မီးနစ်}
No comments:
Post a Comment