အတ္တသမား ငါ

ဒီပေးစာလေးက ပြည်တွင်း ဆရာဝန် လူငယ်လေး တယောက် FB မှာ တင်ထားတာလေးပါ။ သူမ (၁၉၈၈) မှာ (၃) နှစ်ပဲရှိပါသေးတယ်။ သူဘာမြင်လည်း ဘာပြောချင်သလဲ။ (၂၀) ကျော် မျိုးဆက်သစ် လူငယ်လေးရဲ့ ခံစားချက်လေးကို မျှဝေ ပေးလိုက်ပါတယ်။ ပြည်တွင်းက သူတွေ ဘာမှ မသိဘူးလို့ ထင်နေသူများ သတိထား ဖတ်စေချင်ပါတယ်။

လေးစားစွာဖြင့်
ဖိုးဇီဝ
အတ္တသမား ငါ
ရေးသူ--သဲစုစံ (၇. ၁.၂၀၁၁)
ဒုတိယ အကြိမ် ကျရှုံးခြင်းလို့ ဆိုရမလား၊ မျှော်လင့်ချက်တွေ ထပ်ပြီး ရိုက်ချိုး ခံရတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် အတ္တတွေရဲ့ ဝါးမြို ခံရခြင်းပဲလား။ သွားမပတ်သတ်သင့်တဲ့ မြန်မာ့နိုင်ငံရေးလို့ အများက ပြောကြတာကို အခုမှ သဘော ပေါက်သွားတာပါ။ ဘာလို့လဲဆိုတော့ မြန်မာ့နိုင်ငံရေးကို လုပ်ကြသူတွေက မိမိအတ္တကို ရှေ့တန်းတင်ကြလို့ ပါပဲ။ “ငါလုပ်မှ နိုင်ငံကောင်းမယ်၊ ငါတို့ နည်းလမ်းကပဲ နိုင်ငံကို ကယ်တင်နိုင်မယ်” ဆိုတဲ့ အိုင်ဒီယာကိုပဲ အားလုံး လက်ကိုင် ထားကြပါတယ်။ ဘယ်လောက်ပဲ မတည့်ဘူး ပြောပြော ဒီအချက်က အားလုံးတူကြပါတယ်။ အရင်းစစ်လိုက်တော့ အကျင့်မကောင်းတာပဲပေါ့။

မျိုးရိုးဗီဇကိုက မကောင်းတာပါပဲ။ ကိုယ့်ထီးနန်းရဖို့ အရေး ကျေးဇူးရှင်ကို ကျေးစွပ်၊ ဖခင်ကိုသတ်၊ ညီအစ်ကိုတွေကို လုပ်ကြံခဲ့တဲ့ သမိုင်းကို ကိုင်ဆုပ်ထားတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာ အခု ဒီလိုတွေ ဖြစ်နေတာ မဆန်းပါဘူးလို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို လူတစ်ယောက်ပဲ ပေါ်ခဲ့တဲ့ သမိုင်းနဲ့ ဗိုလ်ချုပ် သက်ဆိုး မရှည်ခဲ့တာတွေက မြန်မာလူမျိုးတွေရဲ့ အလွန်တရာ အတ္တကြီးတဲ့ စိတ်ဓါတ်ကြောင့်လို့ပဲလို့ သေချာပါတယ်။ အခု မြန်မာနိုင်ငံအကြောင်းရေးနေတဲ့ အချိန်မှာ တခြားနိုင်ငံတွေလည်း ဒီလိုရှိတာပဲ ဆိုပြီး မြန်မာတို့ ထုံးစံ ကိုယ့်ထိရင် မခံတဲ့စိတ် (မျိုးချစ်စိတ်တော့ မဟုတ်တာ သေချာ) နဲ့ ကျွန်မကို ကက်ကက်လန်အောင် ပြန်ရန်တွေ့ချင်နေပြီဆိုတာ သိပါတယ်။ အဲဒီစိတ်ကို ခဏတော့ ဘေးဖယ်ထားပါဦး။ ကျွန်မတို့ နိုင်ငံကို ကယ်တင်ဖို့ ဒုတိယ ပင်လုံတဲ့။ ပြည်ခိုင်ဖြိုးကလည်း သူတို့ပဲ အုပ်ချုပ်မယ်တဲ့။ exile တွေကတော့ အခုကပ်စရာ issue မရှိသေးဘူး။ သူများကို တိုက်ခိုက်မှ ပိုက်ဆံရမှာမို့ နိုင်ငံ့အရေးကို ဘေးဖယ်ပြီး သတင်းဖြစ်ရင် ပြီးရော
အတ္တကို ရှေ့တန်းတင်ပြီး သူများ လျှို့ဝှက်ချက်ကို ဖောက်ချတဲ့ အလုပ်၊ သူများ အတင်းလိုက်ပြောတဲ့ အလုပ်ပဲ လုပ်နေကြတယ်။ နိုင်ငံ ကောင်းစားဖို့လား။
လူတွေ ဘာဖြစ်ချင် နေကြတာလဲ။ ရှင်းပါတယ်။ “ငါလိုချင်တာ ရအောင် လုပ်နေကြတာပဲလေ”။ လူတွေ နိုင်ငံရေးကို ဘာကြောင့်စိတ်မဝင်စားတာလဲ။ “ကြောက်လို့” လို့ ဖြေရင် အော်-တော်တော် ဖိနှိပ်တဲ့ အစိုးရလို့ ပြောကြမယ်။ ဘာကို ကြောက်တာလဲ။ ငါ ထောင်ထဲရောက်မှာ ကြောက်လို့၊ ငါထမင်းငတ်မှာ ကြောက်လို့၊ ငါ ဘာဖြစ်မှာကြောက်လို့ စသည်ဖြင့် အသံတွေ ထွက်လာတယ်လေ။ ငါ ပြီးရင် ငါပဲ ဖြစ်နေတော့လဲ ရတဲ့သူတွေကလည်း ငါရပြီးပြီ၊ ထပ်ပြီး ငါပဲယူမယ် ငါပြီးရင်သူ့ အလှည့်မရှိတော့ဘူး။ အလှည့် မရောက်သေး သူတွေကလည်း ငါတို့သာ ဆိုရင် ဒီလိုမလုပ်ဘူးလို့ ပြောကြတာပဲ။ တကယ်ကြတော့ အိမ်လေးရအောင် ယူလိုက်ဦးမယ်၊ ကားလေးရအောင် ယူလိုက်ဦးမယ်နဲ့ နောက် ဒီလမ်းအတိုင်း လျှောက်ကြတာပါပဲ။ ထောင်ထဲရောက်လို့များ နိုင်ငံရေးလုပ်လို့ ဆိုပြီး စွတ်အထင်မကြီးလိုက်နဲ့။ သူတို့ ထဲမှာလည်း ငါ့နာမည် သမိုင်း တွင်စေသတည်း ဆိုပြီး လုပ်နေကြတာ အများကြီးပါပဲ။ exile တွေထက်တော့ သာသေးတာပေါ့။ အတ္တတွေ သိပ်များလွန်းလို့ ထင်တယ်။ (ချွင်းချက်။ ဒေါ်အောင်ဆန်းစုကြည်မပါ- သူ့သမိုင်း သူရေးခဲ့တာပါ။ အားလုံးနဲ့ ပြေလည်အောင် ညှိမယ်ဆိုတဲ့ စိတ်ဓါတ် အမှန်ရှိတယ်) လျှောက်ရေးနေတယ် မထင်နဲ့နော်။ အားလုံးသိပြီး လျစ်လျူရှုထားလို့ ပြောနေရတာ။

ဘုန်းကြီးတရားလည်း မဟုတ်ဘူး။ နိဗ္ဗာန်ရောက်ရေးလဲ ပြောနေတာမဟုတ်ဘူး။ ကျွန်မလည်း အတ္တကြီးသူပါပဲ။ ကိုယ်လုပ်ချင်တာ လုပ်မရလို့ ငါဖြစ်ချင်တာတွေကို ဘာဖြစ်လို့ လိုက်နှောင့်ယှက်နေတာလဲ၊ ဒီလူတွေ အကျင့်မကောင်းဘူး ဆိုပြီး ရေးနေတာပါ။ အတ္တကြီးသူတွေ ဦးဆောင်နေတဲ့မြန်မာ့နိုင်ငံရေး ဘာဖြစ်ဦးမှာလဲ။ အတ္တလေးတွေ သိမ်းထုတ်ပြီး ပန်းတိုင်တစ်ခု ထားသင့်ပါပြီ။ ရွှေဉာဏ်တော် စူးရောက်သူများ ဝိုင်းပြီး စဉ်းစားနိုင်ကြပါစေ။

သဲစုစံ
၇၊ ၁၊၂၀၁၁။
မှတ်ချက်။  အတ္တဝါဒီ exile- irrawaddy၊ ဒေါက်တာဇာနည်နှင့် မြန်မာဝီကီလိခ်သို့ အထူးရည်ရွယ်ပါသည်။

No comments: