ကျွန်တော် ဖိနပ်သစ်တရန် လိုချင်နေသည်မှာ ကြာပြီ။ တနေ့လုံး ထိုဖိနပ် အကြောင်းကို စိတ်ကူးနေမိသည်။ ကျွန်တော်နေသည့် အခန်းမှာ မြေတိုက်ခန်း ဖြစ်သည်။ အထိုအခန်းကလေးထဲက ခုတင်တလုံးကို တလလျှင် လိုင်ယာငွေ တရာဖြင့် အစောင့်ထံက ကျွန်တော် ငှားနေခြင်းဖြစ်သည်။ ကျွန်တော့်တွင် ဖိနပ်စီးစရာ လုံးဝမရှိ၍တော့ မဟုတ်။ ကျွန်တော့်တွင် အမေရိကန် ခရီးသည်တွေက ပေးထားသည့် ဖိနပ်တရံတော့ ရှိသေးသည်။ သို့ရာတွင် ထိုဖိနပ်က ပေါ့သည်။ သားရေပါးသည်။ ယခုအချိန်တွင် ခွာမရှိတော့။ ထိုအထဲတွင် တဖက်က ပေါက်ပြဲကာ ခြေသန်းထွက်နေပြီ။ တဖက်က ကျယ်ထွက်ကာ၊ ကွင်းထိုးဖိနပ် စီးရသလို ဘတ်လတ်ကြီး ဖြစ်နေပြီ။ ကျွန်တော်သည် မှောင်ခိုဈေးထဲတွင် တိုလီမိုလီ ပစ္စည်းကလေးတွေ ရောင်းသည်။ မှောင်ခိုဈေးတန်းတွင် သူများ၏ အထုပ်အပိုးကလေးများ သယ်ပေးသည်။ သည်ကပစ္စည်း ဟိုယူရောင်း၊ ဟိုကပစ္စည်း သယ်ယူရောင်း စသည့် ကော်မရှင်စားလုပ်သည်။ သည်နည်းဖြင့် ကျွန်တော် အငတ်ပြဿနာကို ဖြေရှင်းသည်။ သို့ရာတွင် ဖိနပ်ဝလောက်အောင် စုမိ ဆောင်းမိ မရှိ။ ဖိနပ်ဝယ်ဖို့ဆိုလျှင် လိုင်ယာ ထောင်နှင့်ချီ၍ စုရမည်။ ဖိနပ်တရန်သည် ကျွန်တော့်ကို တစ္ဆေခြောက်သလို ခြောက်နေသည်။ မျက်စိထဲတွင် ဖိနပ်ကလေးတရန်ကို အမြဲတမ် မြင်ယောင်နေသည်။ ဖိနပ်သစ်တရံ လောက်ကိုမျှ မရလျှင် သေရတော့ မလောက်ပင် ထင်သေးမိသည်။ တခါတရံ ဖိနပ်သစ်ကလေး တရန်မျှ မစီးနိုင်ရကောင်းလောဟု စိတ်ပျက်ကာ ကိုယ့်ကိုယ်ကို သတ်သေချင်လောက်သည် အထိ ဖြစ်ရသည်။ လမ်းထွက်လျှင်လည်း လူတကာ့ ခြေထောက်များကိုသာ ဂရုတစိုက် ကြည့်မိသည်။ သို့မဟုတ်လျင်လည်း ဖိနပ်ဆိုင် တဆိုင်ရှေ့သို့ သွားငေးတတ်သည်။ အလှပြထားသော ဖိနပ်များ၊ ဖိနပ်ရှည်ကြီးများကို တအံ့တသြ ငေးကြည့်မိသည်။ ၎င်းတို့၏ ပုံပန်းသဏ္ဍာန် အရောင်အသွေးနှင့် ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မိသည်။ ကိုယ့်စိတ်ကြိုက် ဖိနပ်ကို ရွေးထုတ်နေမိသည်။ မြေတိုက်ခန်းထဲတွင် လိုရူဆို ဆိုသည့် လူတယောက်နှင့် အသိအကျွမ်း ဖြစ်ခဲ့ကြသည်။ သူလည်း ကျွန်တော့်လို လူလေ လူလွင့်ဖြစ်၍ ကျွန်တော့်လို ခုတင်ငှားအိပ်သူဖြစ်သည်။ သူ့ဆံပင်များက ထူထပ်၍ လှိုင်းတွန့်လို ကောက်ကွေ့နေကြသည်။ ကိုယ်လုံးတောင့်သည်။ ကျွန်တော့်လောက်တော့ အရပ်မရှည်။ သူ့တွင် အောက်က ခွာနှစ်ထပ်ခံ သံခွာရိုက်၍ှဇာတတ်သည့် အကောင်းစား သားရေးဖိနပ်ရှည် တရန်ရှိသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ် စစ်ဗိုလ်များ စီးလေ့ရှိသည့် ဖိနပ်မျိုးဖြစ်သည်။ သည် ဖိနပ်ကြောင့် သူ့ကို ကျွန်တော် မနာလို တိုရှည် ဖြစ်ရသည်။ စင်စစ် သည်ဖိနပ်မှာ သူ့နှင့်မကိုက်။ ဖိနပ်ကကြီးနေသည်။ မနက်လင်းလျှင် ဖိနပ်ဦးထဲကို သတင်းစာစက္ကူတွေ သွတ်ပြီးမှ သည်ဖိနပ်ကို စီးရသည်။ ကျွန်တော်နှင့်မူ ဖိနပ်က အတော်ဖြစ်နေသည်။ သူ့ထက် အရပ်ဖြင့်၍ သူထက် ခြောက်ထောက်ကြီးသဖြင့် ကျွန်တော်စီးလိုက်လျှင် လက်စွပ်အိတ် စွပ်ထားသလို ချပ်ချပ်ရပ်ရပ် ဖြစ်နေသည်။ လာရူဆိုကလည်း ပစ္စည်းတခု လိုချင်နေသည်။ သူလိုချင်သည်က သိုးကျောင်းသားမှုတ်သည့် ပလွေတခုဖြစ်သည်။ သူက ကောင်းကောင်း ပလွေမှုတ်တတ်သည်။ မြို့တော်ရောမသို့ မလာမီ သူသည် တောင်ရိုးပေါ်တွင် သိုးကျောင်းသားများနှင့် အတူနေခဲ့ဖူးသည်။ သူက ကိုယ်လုံးကိုယ်ထည်ကျစ်သည်။ ဆံပင်ကောင်းသည်။ မျက်လုံးပြာသည်။ မဟာမိတ် စစ်ဖိနပ် ရှည်ကြီးထဲသို့ သွင်း၍ ဝတ်ထားသော မဟာမိတ် စစ်ဘောင်းဘီရှည်ကြီးဝတ်၍ အပေါ်အင်္ကျီ လက်ပြတ်ကို ဝတ်ပြီး ပလွေတစင်းကိုင်ကာ ပျော်ပွဲစားရုံများသို့ သွား၍ သိုးကျောင်းသား သီချင်းများဆိုမည်။ သည်လိုဆိုလျှင် ဝင်ငွေကောင်းနိုင်သည်ဟု စိတ်ကူးသည်။ သိုးကျောင်းသားများနှင့် နေခဲ့တုန်းကလည်း သီချင်းများရခဲ့သည်။ အမေရိကန်စစ်သားများ၏ ဆက်သားအဖြစ် လုပ်ခဲ့စဉ်ကလည်း သိုးကျောင်းသား သီချင်းများ ရခဲ့သေးသည်။ သို့ရာတွင် ခက်သည်က သိုးကျောင်းသား ပလွေက ဈေးကြီးသည်။ ဖိနပ်တရန်လောက် ဈေးရှိသည်။ ဖိနပ်တရန် ဈေးထက်ပင် ပိုသည့်အခါ ပိုတတ်သေးသည်။ လာရူဆိုသည် ကျွန်တော့်လို ကျပန်းအလုပ်လုပ်သူ ဖြစ်၍ ပိုက်ဆံပိုသည်ဟု မရှိ။ ရရစားစားဖြစ်သည်။ သူက ပလွေရူးရူး၍ ကျွန်တော်က ဖိပ်ရူး ရူးနေကြသည်။ ကျွန်တော်တို့နှစ်ဦးသည် ကြို၍ မညှိရဘဲ စာချုပ်တခုကို ချုပ်မိလျက်သား ဖြစ်နေကြသည်။ အခြားမဟုတ်။ ကျွန်တော်က ဖိနပ်ကြောင်း ပြော၍၊ သူက ပလွေအကြောင်း ပြောခြင်းဖြစ်သည်။ သို့ရာတွင် စကားအဖြစ်သာရှိသည်။ စင်စစ်၌ ကျွန်တော်လည်း ဖိနပ်ရအောင် မတတ်နိုင်။ သူလည်း မလွေမရ။
နောက်ဆုံးတွင် နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တခုကို ချကြသည်။ တိတိကျကျပြောရလျှင် ကျွန်တော်က စ၍ အဆိုသွင်းခြင်းဖြစ်၍ လာရူဆိုက ထောက်ခံခြင်းဖြစ်သည်။ သမီးရည်းစားများ ချိန်းတွေ့လေ့ ရှိကြသော ဘော်ဂီပန်းခြံ စသည် နေရာများသို့ သွားကြသည်။ နှစ်ယောက် ချစ်တင်း နှီးနှောရန် ချောင်ကောင်းကောင်း ရှာနေကြသော စုံတွဲတတွဲလောက်ကို ချောင်းဖမ်းမည်။
သို့ရာတွင် လာရူဆိုက သွေးဆိုးသူ ဖြစ်သည်။ ပုံပန်းက ရိုးအအ သိုးကျောင်းသားပုံ ထွက်နေသော်လည်း သွေးဆူတတ်သူ ဖြစ်သဖြင့် ကျွန်တော် အများကြီး စိတ်ပျက်သွားသည်။ ကျွန်တော်က ကျွန်တော့အဆိုကို တင်သွင်းလိုက်ကာ ရှိသေး၊ သူက အားတက်သရော ထောက်ခံကာ သမီးရည်းစား စုံတွဲကို “ဆော်လဘန်တေ” ပစ် မည်ဟု အားပါးတရ ပြောည်။ သို့ ပြောရင်း တချီတွင်မူ စိတ်ပါလာကာ ကျွန်တော့်ကို ခုန်အုပ်လိုက်သည်။ ကျွန်တော့ ကော်လာကို ဆွဲပြီး သူ့စပန်နာကြီးဖြင့် ကျွန်တော့်ခေါင်းကို ရိုက်ဟန် လုပ်ပြသည်။
“ငနဲရော ငနဲမရော ဟောဒီလို၊ ဟောဒီလို၊ ဟောဒီလို ဆော်လဘန်တေပစ်လိုက်မယ်”
လာရူဆိုက ဟန်အမူအရာလုပ်ပြသည်။ ထိုစဉ်က ကျွန်တော်စိတ်လက် မကြည်မလင် ဖြစ်နေသည်။ စစ်အတွင်းက ကျွန်တော်တို့ရွာကို ဗုံးကြဲသည်။ ထိုစဉ်က ဗုံးဒဏ်ထိထားသော ကျွန်တော့် အိမ်အောက်က မြေတိုက်ထဲတွင် တနေ့နှင့် တညလုံး ပုန်းနေခဲ့ရသည်။ ထိုစဉ်ကတည်းက ကျွန်တော်သည် အမြဲတမ်းလိုလို ပါးတခြမ်းရွဲ့ရွဲ့ သွားတတ်သည်။ စိတ်ထိခိုက်လွယ်သည်။ တခုခုဖြစ်လျှင် စိတ်မထိန်းနိုင် ဖြစ်တတ်သည်။ ထို့ကြောင့် ကျွန်တော်က လာရူဆိုက ဆောင့်တွန်းပစ်လိုက်သည်။ လာရူဆိုသည် အခန်းနံရံဘေးသို့ ဒယီးဒယိုင် ရောက်သွားသည်။
“ဟေ့ကောင် ငါ့မထိနဲ့ကွ။ ဒီတခါလုပ်ရင်တော့ မင်းလက်ထဲက စပန်နာကြီးနဲ့အပြီး ဆော်လဘန်လန်တေလိုက်မှာ”
ကျွန်တော်က ပြောသည်။
“အလကားကောင် ဘာမှ နားမလည်ဘူ။ နွားသာသာပဲ ရှိတယ်။ သမီးရည်းစား ချိန်းတွေ့တယ်ဆိုတာ လူမသိ သူမသိ ချိန်းတွေ့တာကွ။ လူသိခံရဲရင် အိမ်မှာချိန်းပြီး တွေ့မှာပေါ့။ သူတို့ကို ချောင်းဖမ်းတာ ဆောဘလန်တေဖို့ မဟုတ်ဘူးကွ။ ငွေညှစ်ရအောင် လုပ်တာ။ လူသိမှာစိုးလို့ ဘယ်သူ့ကိုမှလည် တိုင်ရဲမှာ မဟုတ်ဘူး။ အပျိုဆိုရင်လည်း အမေကို မတိုင်ရဲဘူး။ အအိုဆိုရင်လည်း လင်ကို ပြန်မတိုင်ရဲဘူး။ တို့က ဆော်လဘန်တေရင် သတင်းစားတွေထဲပါကုန်ပြီး လူတွေသိကုန်မှာပေါ့။ နောက်ဆုံး ကိုယ်ပဲ အဖမ်းခံရမှာပေါ့။ ခုတို့ လုပ်ရမှာက အရပ်ဝတ် အရပ်စားနဲ့ စုံထောက်ဟန် ဆောင်ရမယ်။ စုံထောက်ဟန်ဆောင်ပြီး အများပြည်သူဆိုင်ရာ ပန်းခြံထဲမှာ ဖက်ယမ်းနမ်းရှုပ်နေတယ်၊ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဝင်ဖမ်းပြီးတော့ ငွေးတောင်းပြီး ပြန်လွှတ်လိုက်ရုံပဲ”
လာရူဆိုသည် ထုံထိုင်းသူဖြစ်သည်။ ကျွန်တော့ အကြံအစည်ကို ကြားရသည့် အခါ၌ လာရူဆိုသည် ပါးစပ်ဟောင်းသားဖြင့် ကြည့်နေသည်။ မျက်လုံးပေါ် ဝဲကျနေသော ဆံပင်များကြားမှ ပြာလဲ့ဝိုင်းစက်သော မျက်လုံးများဖြင့် ကျွန်တော့်ကို ကြည့်နေသည်။
“အို ဒီအတိုင်း ပြန်လွှတ်လိုက်ရင် တနေ့ ပေါ်ချင် ပေါ်နေဦးမယ်။ တခါတည်း ကိစ္စတုန်းလိုက်တော့ မပေါ်တော့ဘူးပေါ့။ သေသောသူ စကားမပြောတဲ့”
လာရူဆိုသည် သည်စကားများကို အေးစက်စက်ဖြင့် ပြောသည်။ ကြည်တူရွေးတကောင်ကို သင်ပေးထားသလို ပြောသည်။ သည်စကားပုံကို သူဘယ်က ကြားဖူးလာသည် မသိ။
“အသာနေစမ်းပါကွာ။ ငါပြောတဲ့အတိုင်း လုပ်စမ်းပါ။ ပါးစပ်ပိတ်ထား”
လာရူဆိုက နောက်ထပ် ဘာမျှမပြောတော့။ သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက် စီမံကိန်းကို အတည်ပြုလိုက်သည်။
ချိန်းသည့်နေ့ ညနေတွင် ဘော်ဂီပန်းခြံသို့ ကျွန်တော်တို့ သွားကြသည်။ လာရူဆိုက သူ့စပန်နာကြီးကို အင်္ကျီအိတ်ထဲတွင် ထည့်လာသည်။ ကျွန်တော့်အိတ်ထဲတွင် ဂျာမန်ပစ္စတိုကြီးတလက် ပါလာသည်။ သည်ပစ္စတိုက သူများက ရောင်းဖို့ အပ်ထားသည့် ပစ္စတိုဖြစ်သည်။ သို့ရာတွင် ယခုထိ ရောင်းမစွံသေး။ ကျွန်တော်တို့ အကြံအစည်လွယ်လွယ်နှင့် အောင်နိုင်သည်။ ထို့ကြောင့် ပစ္စတိုထဲက ကျည်ဆန်တွေကို ထုတ်လာခဲ့သည်။ အကယ်၍ ပစ်လားခတ်လားလုပ်ရန် လိုအပ်လျှင်လည်း ပစ္စတိုကြီးကို တခါတည်း ပစ်ခဲ့တော့မည်ဟု စိတ်ကူးထားသည်။
ကျွန်တော်တို့ နှစ်ယောက် စက်ဘီးစီးသော လမ်းဘေးက ရပိသာလမ်းမကြီးအတိုင်း လျှောက်ခဲ့ကြသည်။ ထိုင်ခုံများတွင် စုံတွဲတွေ အပြည့်၊ လမ်းမကြီးပေါ်မှာလို ဓာတ်မီးတိုင်မီးရောင်တွေက ထိန်နေသည်။ လူတွေက ဥဒဟို ဖြတ်နေကြသည်။ ထိုရပ်သာလမ်းမကြီးမှ ဖဲ့ထွက်ကာ ဘော်ဂီပန်းခြံထဲတွင် အမှောင်ဆုံး၊ အချောင်ကျဆုံး နေရာတခုသို့ ကျွန်တော်တို့ လာခဲ့ကြသည်။ သမီးရည်းစား စုံတွဲတွေက ထိုနေရာကလေးကို သဘောကျကြသည်။ ထိုနေရာကလေးက ပီယာဇာဒဲ ပိုပိုလိုခေါ်သည့် ရပ်ကွက်နှင့်လည်း နီးသည်။
ထိုနေရာကလေးက မှောင်သည်။ သစ်ပင်များက အုပ်ဆိုင်း နေကြသည်။ လမ်းဓာတ်မီးတိုင်ကလည်း ခပ်ကျဲကျဲ။ ခုံတန်းလျားများပေါ်တွင် သမီးရည်းစား စုံတွဲတွေ ပြည့်နေသည်။ ရေပင် မရေနိုင်။ တခါတရံ ခုံတန်းကလေး တခုတည်း ပေါ်မှာပင် သမီးရည်းစား တွဲနှစ်တွဲ ကတ်သီးကတ်သတ် ထိုင်နေကြသည်။ ကိုယ့်အတွဲနှင့်ကိုယ် အလုပ်ရှုပ်နေကြသည်။ ဘေးက အတွဲကိုလည်း မရှက်။ ဘေးက အတွဲကလည်း ကိုယ်လို ဘဝတူချင်း မဟုတ်လော။
သည်စုံတွဲတွေ မြင်တော့ လာရူဆို လာရင်းကိစ္စကို မေ့သွားပြီ။ လာရူဆိုက စိတ်ပြောင်းလွယ်သည်။ ခုတမျိုး တော်ကြာတမျိုးဆိုသည့် အစားထဲက ဖြစ်သည်။ သမီးရည်းစားစုံတွဲတွေ ပွေ့ဖက်နမ်းရှုပ်နေသည်ကို မြင်သည်၌ သူက သက်ပြင်းကြီးချသည်။ သူ့မျက်လုံးများသည် တောက်ပြောင်လာကာ မျက်နှာတွင် အားကျသည့် အသွင်ကို ဆောင်နေသည်။
“ဟေ့ ငါလည်း လူငယ်ရှိသေးတာပဲကွ။ စုံတွဲတွေ နမ်းနေတာ မြင်ရတော့ တမျိုးကြီးပဲကွာ။ တော် ရောမမှာ မဟုတ်ဘဲ တောမှာသာဆိုရင် ငနဲကိုရိုက်ပြီး ငနဲမကို ဝင်ဆွဲမှာပဲ”
လာရူဆိုက ကျွန်တော်နှင့် ခပ်ဝေးဝေး လမ်းလယ်ကောင်က လျှောက်လျှောက်လာသည်။ သူ့မျက်လုံးများဖြင့် ဘေးက အတွဲတွေကို “ခေါ်တော” ကြည့် ကြည့်လာသည်။ နွားကြီးတကောင်လို နီရဲကြီးမားသည့် လျှာကြီးဖြင့် နှုတ်ခမ်းများကို တပျပ်ပျပ်မြည်အောင် လျက်လာသည်။
လာရူဆိုက သူတဦးတည်း ကြည့်ရုံမျှမက ကျွန်တော့်ကိုလည်း ကြည့်စေချင်သည်။
“ဟေ့ကောင် သိပ်ငန်းမနေနဲ့၊ ကိုယ့်ကိစ္စကို ကိုယ်စဉ်းစား၊ ပလွေတစင်း ဝယ်ရအောင် လာတာမဟုတ်လား”
ကျွန်တော်က မေးသည်။ သူက စုံတွဲ တတွဲကို သမင်လည်ပြန် လှည့်ကြည့်ရင်း-
“ပလွေမလိုချင်တော့ဘူး။ ငနဲမတယောက်ပဲ လိုချင်တယ်။ အို ဘယ်ကောင်မ ဖြစ်ဖြစ်ကွာ။ ဟိုငနဲမမျိုးဆိုရင် ဇိမ်ပဲ”
“ဒါဖြင့်ရင် ဘာဖြစ်လို့ ငါ့ခေါ်လာသေးလဲကွ။ မင်းစပန်နာကြီးလ်ညး ဘာလို့ ယူလာရသေးလဲ”
ကျွန်တော်က ပြောသည်။
“အစက ဒီလိုမှန်း မသိလို့ပေါ့ကွ။ ဒီလိုမှန်းသိရင် ဘယ်ယူခဲ့ပါ့မလဲ”
လာရူဆိုက သည်လို လွယ်လွယ်ပြောတတ်သည်။ မိနစ်နှင့်အမျှ စိတ်ပြောင်းတတ်သည်။
ပန်းခြံထောင့်နားက အမှောင်ထဲတွင် ဖြူဖွေးနေသော မိန်းမခြေထောက် တစုံကို လှမ်းမြင်လိုက်ရသည်။ ခလှမ်းလှမ်းတွင် နမ်းနေသော စုံတွဲများလည်း ရှိသည်။ သည်လောက် မြင်ရသည် ဆိုလျှင်ပင် လာရူဆို မရိုးမရွဖြစ်နေပြီ။ ကျွန်တော်က သူ့လိုမဟုတ်။ ပစ္စည်းတခုကို လိုချင်ပြီဆိုလျှင် သည်ပစ္စည်းမရမချင်း၊ အခြားဘာကိုမျှ စိတ်မဝင်စား။ ယခု ကျွန်တော် ဖိနပ်သစ်တရန် လိုချင်သည်။ ယနေ့ညတွင် ထိုဖိနပ်သစ်ကို မရရအောင် ယူမည်ဟု ကျွန်တော် ဆုံးဖြတ်ပြီး ဖြစ်သည်။
ကျွန်တော်တို့ နှစ်ယောက် ပန်းခြံထောင့်က ချောင်းကလေးထဲတွင် တညနေလုံး အချိန်ဖြုန်းကြသည်။ ပန်းခြံထဲက လမ်းကလေးတွေ တလျှောက် အနှံ့သွားကြသည်။ ထိုင်ခုံတခုံပြီးတခုံ ရွှေ့ထိုင်ကြသည်။ သစ်ပင်ရိပ်များအောက်က ကျောက်ဖြူသား ကိုယ်တပိုင်းရုပ်တုများကို တရုပ်ပြီး တရုပ် လျှောက်ကြည့်ရင်း အခြေအနေကို အကဲခတ်ကြသည်။ သို့ရာတွင် အခွင့်မသာ။ အနားတွင် သမီးရည်းစား စုံတွဲတွေ ရှိနေသဖြင့် အလုပ်လုပ်ဖို့ အခြေအနေမပေး။ တတွဲကို ဖမ်းချင်လျှင် အနီးရှိ အခြားအတွဲများက မြင်ကုန်မည်။
ခဏကြာလာတော့ လာရူဆိုသည် သူ့ထုံးစံအတိုင်း လာရင်းကိစ္စကို မေ့သွားကာ အခြားသို့ အာရုံပြောင်းသွားပြန်သည်။ စောစောက သမီးရည်းစား စုံတွဲတွေကို အားကျကာ ကောင်မလေး တယောက်ယောက်ကို တောင့်တသည်။ ယခု မဟုတ်တော့။ ကျောက်ဖြူသား ကိုယ်တပိုင်း ရုပ်တုကို အားကျနေပြန်ပြီ။
“ဒီကျောက်ရုပ်တုတွေက ဘယ်သူ့ ကျောက်ရုပ်တွေလဲ”
လာရူဆိုက မေးသည်။
“မင်း တော်တော်တုန်းတဲ့ကောင်၊ မှတ်ထား။ အဲဒီကျောက်ရုပ်တွေက ပုဂ္ဂိုလ်ကျော်ကြီးတွေရဲ့ ကျောက်ရုပ်တွေ။ အဲဒီပုဂ္ဂိုလ်ကျောက်ကြီးတွေကို အမှတ်တရ သဘောနဲ့ ကျောက်ရုပ်တွေ ထုထားတာ”
လာရူဆိုက ကျောက်ရုပ်ကြီး တရုပ်နား ကပ်သွားသည်။
“ဟေ့ ဒီကျောက်ရုပ်က မိန်းမရုပ်ပါလား”
“အဲဒီမိန်းမက ထင်ရှားတဲ့ မိန်မ ဖြစ်မှာပေါ့”
ကျွန်တော်က ဖြေသည်။ လာရူဆို သဘောပေါက်ပုံမရ။ ထို့ကြောင့် ထမ်မေးပြန်သည်။
“ငါလည်း သူတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်ကျော်ကြီးဖြစ်ရင် ငါ့ကိုလည်း ကျောက်ရုပ်ထုထားမှာပေါ့”
“ဒါပေါ့။ သူတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်ကျော်ကြီးဖြစ်ရင် မင်းကိုလည်း ကျောက်ရုပ်ထုထားမှာပေါ့။ ဒါပေမဲ့ မင်းနဲ့ ဘာဆိုင်လို့တုန်း။ မင်းလိုကောင်လား ပုဂ္ဂိုလ်ကျော်ဖြစ်မှာ”
“ဒါတော့ ဘယ်ပြောနိုင်မလဲကွ။ ဥပမာ ငါဟာ ရောမမြို့က လူသတ်သမားကြီး ဆိုပါတော့။ ငါက လူတွေကို လိုက်သတ်မယ်။ သတင်းစာတွေက အကျယ်တဝင်းရေးကြမယ်။ ငါ့ကို ပုလိပ်လည်း လိုက်ဖမ်းလို့ မမိဘူးဆိုပါတော့။ အဲဒီအခါမျိုးကျရင် ငါ့ကျောက်ရုပ်ကို ထုထားကြမှာပေါ့”
သည်ကောင် ရူးပုံကို ကြည့်၍ ကျွန်တော် မရယ်ချင့် ရယ်ချင် ရယ်သည်။ သူ့ကိုယ်သူ “ရောမမြို့က လူသတ်သမားကြီး” ဖြစ်အောင် လုပ်မည်ဟူသော စိတ်ကူးဘယ်က ရခဲ့ကြောင်းကို ကျွန်တော်သိသည်။ တလောကတွင် ကျွန်တော်တို့နှစ်ယောက် “ချီကာဂိုမြို့ လူသတ်သမားကြီး” ဆိုသည့် ဇာတ်ကားကို ကြည့်ခဲ့ကြသည် မဟုတ်လော။
‘ဟကောင်၊ လူသတ်လို့ ပုဂ္ဂိုလ်ကျော်ဖြစ်တာ မဟုတ်ဘူးကွ ငတုံးရ။ ပုဂ္ဂိုလ်ကျော်ဆိုတာ လူတွေကို သတ်တာမဟုတ်ဘူး’
“ဒါဖြင့် သူတို့က ဘာလုပ်တဲ့ လူတွေလဲ”
“စာပေတွေ ဘာတွေကို ရေးတဲ့လူတွေ”
ကျွန်တော့ စကားများကို လာရူဆို ကြိုက်ပုံမရ။ သူက စာဆို၍ သေစာရှင်စာလောက်ကှိုမျှ ရေးတတ်သူ မဟုတ်။ သို့ရာတွင် သူက အားမလျှော့သေး။
“အို ဒါတွေ ငါ နားမလည်ဘူးဟေ့။ ငါ့ကျောက်ရုပ်တရုပ် ရှိအောင် လုပ်ချင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ့ကျောက်ရုပ် တရုပ်ရှိအောင် လုပ်ရမယ်။ ငါ့ကျောက်ရုပ်သာရှိရင် လူတွေက ငါ့ကို အမြဲ သတိရနေကြမှာပဲ”
“ဟေ့ကောင် မတန်မရာတွေ မပြောစမ်းနဲ့ကွာ။ တိတ်စမ်း။ မင်းအစား ငါရှက်တယ်။ မင်းကို ငါ ရှင်းပြမနေနိုင်ဘူး။ အချိန်ကုန်တယ်”
ကျွန်တော်တို့ နှစ်ယောက် ပန်းခြံထဲ အနှံ့လျှောက်သွားကြသည်။ ထိုနောက် ပင်စီယို ကျောက်ကမ်းပါးကြီးထိပ်သို့ သွားကြသည်။ ကျောက်ကမ်းပါးထိပ်တွင် မော်တော်ကား သုံးလေးစီး ရပ်ထားသည်။ မော်တော်ကားပေါ်မှ လူအချို့ အောက်သို့ဆင်းကာ ကျောက်ကမ်းပါးထိပ်မှ နေ၍ ရောမမြို့ကြီး၏ ရှုခင်းကို ငေးမော ကြည့်နေကြသည်။ ကျွန်တော်တို့ နှစ်ယောက်လည်း ကျောက်ကမ်းပါးထိပ်သို့ လျှောက်လာခဲ့ကြသည်။
ကျောက်ကမ်းပါးထိပ်မှ ရပ်ကြည့်လျှင် ရောမမြို့ကြီး တမြို့လုံးကို စီး၍ မြင်ရသည်။ ကျောက်ကမ်းထိပ် မိုး၍ ကြည့်ရလျှင် ရောမမြို့ကြီးသည် မေးပေးများသွားသော သစ်သီးမုန့်ဝိုင်းကြီးနှင့် တူသည်။ သစ်သီး မုန့်ဝိုင်းကြီး ဖုတ်၍ မီးပေးများသွားသည့်အခါ၌ မုန့်သည် ကွဲအက်သွားသည်။ အက်ကြောင်းထဲတွင် မီးတောက်လိုက်၍လာသည်။ မြို့တော်ရောမက လင်းထိန်နေသော လမ်းကြားများသည် သစ်သီးမုန့်ဝိုင်းက အက်ကြောင်းများနှင့် တူသည်။
ထိုနေ့ညက လမသာ။ သို့ရာတွင် ကောင်းကင်က ကြည်လင်နေသည်။ ကြယ်ရောင်ပြက်နေသော ကောင်းကင်နောက်ခံသည် အထင်းသားပေါ်နေသည့် စိန့်ပီတာ ဘုရားရှိခိုးကြောင်းကို ကျွန်တော် လက်ညှိုးထိုးပြ၏။
“မင်း စဉ်းစားကြည့်စမ်း။ ငါသာ ရောမမြို့က လူသတ်သမားကြီးဖြစ်ရင် ဟောဒီအိမ်တွေထဲ လူတွေဟာ ငါ့အကြောင်းကိုပဲ စဉ်းစားနေကြမှာပဲ။ ငါ့ကို အမြဲတမ်းတွေးပြီး ငါ့ကို ကြောက်နေမှာပဲ။ ပြီးတော့”
လာရူဆိုက ရောမမြို့ကြီး တမြို့လုံးကို ခြိမ်းခြောက်လိုသည့်နှယ် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
“ပြီးတော့ ညဆိုရင် ထွက်ပြီး လူသတ်မယ်။ ဘယ်သူမှ ရှာလို့မတွေ့အောင် ပုန်းနေမယ်”
“တော်တော် တုံးလှချည်လား။ မင်းကို နောက် အမေရိကန်ရုပ်ရှင်တွေ ပြလို့ မဖြစ်တော့ဘူး။ အမေရိကန် လူဆိုးတွေက စက်သေနတ်တွေ မော်တော်ကားတွေရှိတယ်။ ဂိုဏ်းကြီးတွေ ဖွဲ့ထားတာ။ သူတို့ ဆိုးတယ်ဆိုတာ တကယ်ဆိုးတာ။ မင်းက ဘယ်လိုကောင်တုန်း၊ ဒိန်ချဉ်စားပြီး ကြီးလာရတဲ့ သိုးကျောင်းသား။ မင်းအိတ်ထဲမှာ သေနတ် မရှိဘူး။ စပန်နာပဲ ရှိတယ်”
လာရူဆို ငြိမ်ကျသွားသည်။ သူ့အခြေအနေကို သဘောပေါက်သွားဟန် တူသည်။
“ကြည့်စမ်းကွာ ဒီပေါ်ကနေကြည့်ရင် ရောမမြို့ကြီးက သိပ်လှတာ၊ မင်းပြောတာ ငါနားလည်ပါပြီ။ ဒီနေ့ည အလုပ်မလုပ်တော့ဘူးကွာ။ အိမ်ပြန်ပြီး အိပ်ကြမယ်”
“ဘာကွ”
“အိမ်ပြန်မယ်လေ။ မင်းက အခု သွေးအေးသွားပြီ။ ကြောက်လည်း ကြောက်သွားပြီ မဟုတ်လား”
လာရူဆို ဒီလိုလုပ်ပေါင်းများပြီ။ သူ့စိတ်က အပြောင်းအလဲ မြန်သည်။ အစတုန်းက ကောင်းပြီကောင်းရဲ့ပြောပြီး၊ နောက်ဆုံးကျတော့ အဖျားရှူးသွားတတ်သည်။ ထိုမျှမက အလုပ်မဖြစ်ရကောင်းလားဟု ကျွန်တော့်ကို အဖြစ်တင်တတ်သည်။ သူရဲဘောနည်းသည်ဟု ဆိုတတ်သည်။
“အေးကွာ ကြောက် မကြောက် သိရအောင် အကြောင်းပြရဦးမှာပေါ့”
ကျွန်တော်တို့နှစ်ယောက် ကျောက်ဖြူသား ခင်းထားသည့် စင်္ကြံအတိုင်း လျှောက်လာခဲ့ကြသည်။ စင်္ကြံအတိုင်း လျှောက်လာခဲ့ကြသည်။ စင်္ကြံတလျှောက်က မှောင်နေသည်။ မူရိုတော်တိုလမ်းကို ဆီးမြင်နေရသည်။ သည်နားတဝိုက် ထိုင်ခုံများတွင်လည်း သမီးရည်းစား စုံတွဲတွေ ပြည့်နေသည်။ သည်နေရာတွင် အလုပ်လုပ်၍ မဖြစ်။ ထိုကြောင့် ဆက်လျှောက်လာရင် လာရူဆိုကို ကျွန်တော်က မျက်ရိပ်ပြသည်။ တနေရာ အရောက်တွင် စုံတွဲတတွဲကို ကျွန်တော်တို့ တွေ့လိုက်ရသည်။ ထိုနေရာက တကယ်မှန်သည်။ လူသူမရှိ။ အလုပ်လုပ်ရန် အကောင်းဆုံးနေရာဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုစဉ် မြင်းစီးပုလိပ်နှစ်ယောက် လာသဖြင့် သမီးရည်းစား စုံတွဲ တနေရာတွင် ပုန်းနေကြသည်။ သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက် စင်္ကြံအတိုင်း လျှောက်လာသည့် အခါတွင် မူရိုတော်တိုတံတားကို ဆီးမြင်ရသည့် ပန်းခြံထောင့်သို့ ရောက်လာသည်။ သည်နေရာတွင် ပန်းပေါင်းကူး မုခ်ဦးလေး တခုရှိ၏။ ပန်းရုံများရှိ၍ ဘေးပတ်ပတ်လည်တွင် သံဆူးကြိုးများ ကာထားသည်။ တဖက်တွင် အမြဲတမ်း ဖွင့်ထားသည့် သစ်သားတံခါးလေးတခု ရှိ၏။ သည်နေရာကို ကျွန်တော် ကောင်းကောင်းသိသည်။ မသိဘဲ ရှိပါ့မလား။ သူများအခန်းတွင် ခုတင်ငှား၍ အိပ်စရာ ပိုက်ဆံမရှိလျှင် သည်ပန်းပေါင်းကူးအောက်တွင် မကြခဏ ကျွန်တော် လာအိပ်ခဲ့ဖူးသည်။ ပန်းပေါင်းကူးအောက်တွင် သစ်ပင်စိုက်ရန် မှန်တွေကာထားသည်။ အထဲတွင် ပန်းခြံသုံးပစ္စည်းများ၊ ပန်းအိုးများ၊ ကလေးတွေ ဆော့သဖြင့် ခြေကျိုး လက်ကျိုး နှာခေါင်းကျိုးဖြစ်နေသော ကျောက်ရုပ်များ သိမ်းထားတတ်သည်။ ကျွန်တော်တို့ နှစ်ယောက် ကမ်းပါးအစွန်းတွင်း ထိုင်ကြသည်။ လာရူဆိုက ကျောက်ကမ်းပါးထိပ် စင်္ကြံလက်ရန်းတွင် ထိုင်၍ စီးကရက်တလိပ်ကို ဂိုက်ပေး၍ သောက်သည်။ သည်တုန်း ကျွန်တော့် စိတ်ထဲတွင် အကြံတခုပေါ်လာသည်။ သည်ကောင်ကို ကျွန်တော် ချဉ်နေသည်မှာ ကြာပြီ။ လက်ရန်းပေါ်က အောက်သို့ တွန်းချလိုက်ရမည်လောဟု စိတ်ကူးမိသည်။ ကျွန်တော် တွန်းချလိုက်လျှင် သည်ကောင် မသက်သာ။ ပေတရာ့ငါးဆယ်လောက် မြင့်သည့် ကျောက်ကမ်းပါးမှ အောက်ကမိုရို တော်တိုလမ်းပေါ်သို့ ကျသွားမည်။ လမ်းပေါ်က ပလက်ဖောင်းပေါ်တွင် ကြက်ဥကလေးတလုံး ရိုက်ခွဲလိုက်သလို စိစိညက်ညက် ကြေသွားရတော့မည်။ သည်လို တွန်ချးပြီးနောက် အိမ်ပြန်ပြေးကာ ကျွန်တော် သွားရည်ကျနေသော သူ့ဖိနပ်အစ်ကို ယူမည်။
စောစောတုန်းက ကျွန်တော်သူ့ကို မုန်း၍ သတ်ချင်စိတ် ပေါ်သည်ဟု ကျွန်တော့်ကိုယ် ကျွန်တော်ထင်သည်။ သို့ရာတွင် တကယ့်အကြောင်းအရင်းက မုန်း၍မဟုတ်။ သူ့ဖိနပ်များကို လိုချင်၍ ဖြစ်သည်။ သည်ဖိနပ်သစ် တရန်ကိုသာ ရမည်ဆိုလျှင် လာရူဆိုသာမက မည်သူ့ကိုမဆို ကျွန်တော် သတ်မည်သာ ဖြစ်သည်။
ပန်းခြံထဲတွင် အလုပ်လုပ်ရန် အကွက်ကောင်းကို လိုက်ရှာရသည်မှာလည်း မောပြီ။ သည်ကောင်ကလည်း စိတ်တည်ငြိမ်သည် မဟုတ်။ ခုတမျိုး ခုတမျိုး လုပ်ချင်သည်။ ထို့ကြောင့် ကျွန်တော် စိတ်တိုနေသည်။ ကျွန်တော် တကယ်တွန်းချမည် အပြု ကျွန်တော်တို့ နောက်က ဖြတ်သွားသော အရိပ် နှစ်ခုကို ကျွန်တော် လှမ်းမြင်လိုက်ရသည်။ အရိပ်နှစ်ခုက ပူးကပ်နေသည်။ သမီးရည်းစား စုံတွဲတတွဲဖြစ်သည်။ သူတို့နှစ်ယောက် ကျွန်တော့်ရှေ့က ဖြတ်လျှောက်သွားကြသည်။ ယောက်ျားက မိန်းမထက် အရပ်ပုသည်။ မှောင်နေသဖြင့် သူတို့မျက်နှာများကို မသည်းကွဲ။ ခြံပေါက်ဝ အရောက်တွင် အမျိုးသမီးက ငြင်းသည်။ အမျိုးသာက ခပ်တိုးတိုးပြောသည်။
“အထဲကို သွားမယ်လေ”
“ဟင့်အင်း မှောင်တယ်”
“မှောင်တော့ ဘာဖြစ်လဲ”
နောက်ဆုံးတော့ အမျိုးသမီးက သဘောတူလိုက်သည်။ သူတို့နှစ်ယောက် တံခါးကိုဖွင့်ကာ ပန်းပင်များပျိုးသည့် မှန်ကာ ပန်းရုံထဲသို့ ဝင်သွားကြသည်။
ကျွန်တော်က လာရူဆိုကို လှည့်ကြည့်သည်။
“ဟေ့ကောင် ဘယ့်နှယ်လဲ။ အကွက်တော့ပေါ်ပြီ၊ ငနဲနဲ့ ငနဲမ ပန်းရုံထဲ ဝင်သွားကြပြီ။ တို့က ပုလိပ်ယောင်ဆောင်မယ်။ ပန်းခြံထဲမှာ ချိန်းတွေ့တဲ့အတွက် ငွေညှစ်မယ်၊ ဘယ့်နှယ်လဲ”
လာရူဆိုက စီးကရက်ကို လွှင့်ပစ်လိုက်ပြီး လက်ရန်းပေါ် ထိုင်နေရာက ခုန်ချလိုက်သည်။
“လုပ်လေ သဘောပဲ။ ငါကတော့ ငနဲမကိုပဲ လိုချင်တယ်”
ကျွန်တော်က အံ့အားသင့်သွားသည်။
“ဘာကွ”
“မင်းက ငနဲဆီ ငွေညှစ်လေ။ ငါက ငနဲမကို ဝင်ဆွဲပြီး ခေါ်သွားမှာပဲ၊ ငါက ပိုက်ဆံလည်း မလိုချင်ဘူး”
သည်ကောင့်အကြံကို ကျွန်တော် နားလည်ပြီ။
“ဟေ့ကောင်၊ မင်းရူးသလား။ တို့က ပုလိပ်ဟန်ဆောင်ရမှာကွ။ ပုလိပ်က ဒီလိုလုပ်လို့ ဖြစ်မလား”
“အို ဒါတွေ နားမလည်ဘူးကွ။ ငါကတော့ ဆွဲမှာပဲ”
လာရူဆိုက ထူးဆန်းသော အသံအစ်အစ်ဖြင့် ပြောသည်။ သူ့မျက်နှာကို ကျွန်တော် မမြင်ရသော်လည်း သူတကယ် ပြောနေကြောင်း သူ့အသံကို ထောက်၍ သိနိုင်သည်။
“တော်ပြီကွာ၊ ဒီလိုဆိုလည်း ဘာမှ မလုပ်တော့ဘူး”
“ဘာဖြစ်လို့ မလုပ်ရမှာလဲ”
“အို မလုပ်ဘူးဆို မလုပ်ဘူးကွာ။ အမျိုးသမီးတယောက်ကို ဒီလို အနိုင်ကျင့်တာတော့ ငါ သဘောမတူဘူး”
“တကယ်လို့ ငါ့ဘာသာ ငါလုပ်ရင်ကော”
“လုပ်ရင် မင်းခေါင်းကို ရိုက်ခွဲပစ်မှာပေါ့၊ လုပ်ရဲ လုပ်ကြည့်ပေါ့”
ကျွန်တော်တို့ နှစ်ယောက် ကျောက်ဖြူသား လက်ရန်းနားတွင် ရပ်၍ ကျိတ်ရန်ဖြစ်နေသည်။
“မင်းက လူကြောက်ပဲ”
“မင်းက လူ့ငနွား”
ကျွန်တော်က သူ့အကြံအစည်ကို အကြောက်အကန် တားမြစ်သည့် အခါ၌ လာရူဆိုက စိတ်တိုပေသည်။
“ကောင်းပြီ။ ဒါဖြင့် ငါ အမျိုးသမီးကို ဘာမှမလုပ်ဘူး၊ ဒါပေမဲ့ အမျိုးသားကိုတော့ တချီတည်း အသေဆော်လိုက်မယ်”
“ဘာဖြစ်လို့ လုပ်ရမှာလဲကွ”
“တယောက်ယောက်တော့ လုပ်ရမှာပေါ့၊ ကောင်မလေးကို ဆွဲချင်ဆွဲ ဒါမှမဟုတ် အမျိုးသားကို အသေဆော်ရမှာပဲ”
ကျွန်တော်တို့ နှစ်ယောက် အငြင်းပွားနေသည်နှင့် အချိန်အတော်နှောင်းသွားသည်။ သည်လို အခွင့်ကောင်းကို ရဖို့ဆိုသည်မှာ မလွယ်။ သည်တကြိမ်မှ မလုပ်လျှင် နောင် ရတော့မည် မဟုတ်။
“ကောင်းပြီ။ ဒါဖြင့်ရင် လိုအပ်မှလုပ်၊ တကယ်လို့ လိုအပ်တယ်ထင်ရင် ဒီလို အချက်ပြလိုက်မယ်၊ အဲဒီတော့ မင်းက ဝင်ချ”
ကျွန်တော်က နဖူးကို လက်ဖြင့် သပ်ပြလိုက်သည်။
လာရူဆိုသည် စဉ်းစားဉာဏ်မရှိ၍လော မပြောတတ်။ ကျွန်တော့် အဆိုကို အလွယ်တကူ လက်ခံလိုက်သည်။ ကျွန်တော်က အချက်မပြမချင်း ဘာမျှမလုပ်ရဟု သူ့ထံ ကတိတောင်းလိုက်သည်။ သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက် တံခါးကို ဖွင့်ကာ မှန်ကာ ပန်းရုံထဲသို့ ဝင်လာခဲ့ကြသည်။
စင်္ကြံလက်ရန်းနားတွင် ကလေးစီး ဓာတ်ရထားငယ်ကလေးတခု ရှိ၏။ နေ့လယ်တွင် မြင်းတကောင်ဖြင့် ဆွဲကာ ကလေးများကို ပန်းခြံပတ်၍ မောင်းပို့သည်။ လက်ရန်းနှင့် ပန်းရုံတံခါးအနီးတွင် ဓာတ်မီးတိုင် တတိုင်ရှိသည်။ ဓာတ်တိုင်က မီးရောင်သည် မှန်သားကို ဖောက်ထွင်းကာ ပန်းရုံထဲသို့ မှုန်ရီမှုန်ဝါးဖြာ ကျနေသည်။ ပန်းရုံထဲတွင် အရွယ်အစားကို လိုက်၍ ပန်းအိုးများ သေသပ်စွာ စီထားသည်။ ပန်းအိုးများနောက်တွင် ကျိုးပဲ့နေသဖြင့် ပြင်ဆင်ရန် သိမ်းထားသော ကိုယ်တပိုင်း ကျောက်ရုပ်တုများရှိသည်။ ဖြူဖွေး၍ မလှုပ်မယှက် ရပ်နေသော ကိုယ်တပိုင်းရုပ်တုများသည် မြေကြီးထဲမှ ကိုယ်တပိုင်းထွက်နေသော လူများသဖွယ် အကြည့်ရ ဆိုးနေသည်။ အထဲသို့ ကျွန်တော်တို့ ရောက်သွားသည့်အခါ၌ စောစောက ဝင်သွားသည့် အတွဲကို ရှာမတွေ့။ ခဏကြာတော့မှ မှန်ကာပန်းရုံထောင့် မိုးမိုးမှောင်မှောင်ထဲတွင် သူတို့ကို သွားတွေ့ရသည်။ သူတို့နှစ်ယောက်က အမှောင်ထဲ ရောက်နေကြ၏။ အမျိုးသမီးက မတ်တတ်ရပ်နေ၏။ တယောက်ကိုတယောက် ပွေ့ဖက်နမ်းရှုပ်နေကြသည်။
ကျွန်တော်က တံခါးကို တွန်းဖွင့်လိုက်ကာ အသံကျယ်ကျယ်ဖြင့်
“ဟေ့၊ အထဲက ဘယ်သူတွေလဲ၊ ဘာလုပ်နေကြတာလဲ”
အမျိုးသားက ချက်ချင်း ခပ်တည်တည်ဖြင့် ထွက်လာသည်၊ အမျိုးသမီးက ကျွန်တော့်ကို မြင်မည်စိုးသဖြင့် ချောင်ထဲတွင် ရပ်နေ၏
အမျိုးသားက အရပ်ပုပု အသက်သိပ်မကြီးသေး။ ခေါင်းကြီးကြီး၊ ကုပ်တိုတို၊ မျက်နှာက ဖောသွပ်သွပ် မျက်လုံးပြူးပြူး၊ နှုတ်ခမ်းထော်ထော်။
ကြည့်ရသည်မှာ သတ္တိရှိပုံရသည်။ ရုပ်ကတော့ မဖြောင့်။ ကျွန်တော့် မျက်စိများသည် သူ့ခြေထောက်ဆီသို့ ရောက်သွားကာ သူ့ဖိနပ်များကို လှမ်းကြည့်လိုက်သည်။ ဖိနပ်ကအသစ်၊ ကျွန်တော်ကြိုက်သည့် အမေရိကန်ပုံစံ၊ အောက်က ရာဘာခုံတပ်၍ ချုပ်ရိုးပျောက် ချုပ်ထားသော ဖိနပ်မျိုးဖြစ်သည်။ သူက ထိတ်လန့်ပုံမပေါ် ထို့ကြောင့် ကျွန်တော်စိတ်ပျက်သွားသည်။ မျက်နှာကို ခါတိုင်းထက် ရှုံ့မဲ့ထားလိုက်သည်။
“ဘာလဲ ဘယ်သူလဲ”
“ကျုပ်တို့ ပုလိပ်တွေပဲ၊ အများပြည်သူဆိုင်ရာ ပန်းခြံထဲမှာ ပွေ့ဖက်နမ်းရှုပ်ခြင်း မပြုရဘူးဆိုတာ ခင်ဗျား မသိဘူးလား။ ဥပဒေအရ အရေးယူရလိမ့်မယ်။ ကဲ အမျိုးသမီး ခဏလိုက်ခဲ့ပါ။ ပုန်းမနေပါနဲ့”
အမျိုးသမီးက ထွက်လာကာ အမျိုးသားဘေးတွင် ရပ်သည်။ ပြောခဲ့သည့်အတိုင်း အမျိုးသမီးက အမျိုးသားထက် အရပ်မြင့်သည်။ သူ့အတွင်းခံ အင်္ကျီကခပ်ကျယ်ကျယ်ဖြစ်၍ ခေါင်းလောင်းဝပုံ အင်္ကျီက ခြေကျင်းဝတ်ပေါ်အထိ ဝဲနေသည်။ အမျိုးသမီးက မက်ဒိုနာရုပ်တု၏ မျက်နှာမျိုး။ ရှည်လျား နက်မှောင်သော ဆံပင်၊ ကြီးမားနက်မှောင်သော မျက်လုံးကြီးများဖြင့် ကြည့်၍လှသည်။ သူ့မျက်နှာက လိမ်းချယ်ထားခြင်း မရှိ။ တည်ကြည်သည်။ ကိုယ်တိုင်သာ မမြင်ရလျှင် သည်ရုပ်မျိုးနှင့် မိန်းကလေးကို သည်လိုနေရာမျိုးတွင် ချိန်းတွေ့လိမ့်မည့်အစားဟု မည်သူကမျှ ထင်မည်မဟုတ်။
“အများပြည်သူဆိုင်ရာ ပန်းခြံတွေထဲမှာ ပွေ့ဖက် နမ်းရှုပ်တာမျိုး မလုပ်ရဘူးဆိုတာ မမသိတယ်မဟုတ်လား”
ကျွန်တော်က ပုလိပ်ဟန်ပါပါဖြင့် အမျိုးသမီးဘက်လှည့်၍ ပြောလိုက်သည်။
“အစ်မလို မိကောင်းဖခင် သားသမီးမျိုးက မကောင်းတဲ့ မိန်းမတွေလို ပန်းခြံထဲလာပြီး ချိန်းတွေ့နေတာ မကောင်းပါဘူး”
အမျိုးသမီးက တစုံတရာ ပြောမည်မပြုတွင် အမျိုးသားက မျက်ရိပ်ပြ၍ တားလိုက်သည်။ ပြီးမှ ကျွန်တော့်ဘက်သို့ လှည့်၍ ပမာမခန့်အသံမျိုးဖြင့် မေးလိုက်သည်။
“သြော် ကျုပ်တို့က ဥပဒေကို ချိုးဖောက်နေတယ် ဆိုပါတော့။ ကဲ ဒါဖြင့် ကိုယ်လူတို့ အထောက်အထားလေး ပြစမ်းပါဦး”
“ဘာအထောက်အထားလဲ”
“ပုလိပ်ဖြစ်တယ်ဆိုတဲ့ အထောက်အထားပေါ့”
သည်ငနဲသည် ပုလိပ်ဘက်ကလောဟု ကျွန်တော် သံသယရှိချင်လာသည်။ ကျွန်တော်သည် ကံဆိုးသူဖြစ်သည့်အလျောက် ယခုလည်း ဂျောက်ပေါက်တိုးနေပြန်ပြီ။
ကျွန်တော်က ခပ်တည်တည်ဖြင့်
“ဒီမှာ ကိုယ့်လူ သိပ်စကားများမနေနဲ့။ ဥပဒေအရ ဒဏ်ရိုက်ရလိမ့်မယ်။ ဒါပဲ”
“ဘာ ဒဏ်ရိုက်မယ် ဟုတ်လား”
သူက ရှေ့နေမေးခွန်းထုတ်သလို ဖျတ်ကနဲ မေးလိုက်သည်။ ကျွန်တော်တို့ကို နည်းနည်းကလေးမှာ ကြောက်ပုံမရ။
”ဒါလားကွ ပုလိပ်ရုပ်၊ တယောက်က အင်္ကျီစုတ်နဲ့၊ တယောက်က ဖိနပ်စုတ်နဲ့၊ ဘယ်လိုကောင်စားများ အောက်မေ့လို့လဲ”
သူကျွန်တော့် ဖိနပ်ကို ကြည့်၍ ပြောသည်။ ကျွန်တော့် ဖိနပ်ကလည်း သူပြောမည်ဆိုလျှင် ပြောစရာ၊ စုတ်ပြတ်နေပြီ။ ပုံပျက်နေပြီ။ သည်ဂိုက်ကြီးမျိုးကို ကြည့်၍ ပုလိပ်ဟုပြောလျှင် ဘယ်သူမျှ ယုံကြည်မည်မဟုတ်။ သည်တော့ ကျွန်တော်ကလည်း စိတ်တိုလာသည်။
ကျွန်တော်က မိုးကာအင်္ကျီအိတ်ထဲက ပစ္စတိုကိုထုတ်၍ အမျိုးသား၏ ဗိုက်ကိုထောက်လိုက်သည်။
“ကဲ ကိုယ့်လူ ပုလိပ်ဟုတ်သလား မဟုတ်ဘူးလား သိပ်စကားရှည်မနေနဲ့။ ပါတဲ့ပစ္စည်း အကုန်ထုတ်။ သိပ်အာချောင်မနေနဲ့”
သည်ချိန်တွင် လာရူဆိုက ကျွန်တော့်အနီးတွင် ရပ်နေသည်။ စကားတခွန်းမျှ မဟ။ သူ့ထုံးစံအတိုင်း ပါးစပ်ကြီး အဟောင်းသားဖြင့် ငေးကြည့်နေသည်။ ကျွန်တော် တကယ်လုပ်ပြီဆိုသောအခါ သူလည်း သတိရလာဟန် တူသည်။
“ဟေ့လူ သိပ်စကားများမနေနဲ့။ ပါတာပေး။ ခေါင်းကို ရိုက်ခွဲပစ်လိုက်မယ် ဘာမှတ်လို့လဲ”
သူက သူ့စပန်နာကြီးကို အမျိုးသား၏ မျက်နှာရှေ့တွင် တဝဲဝဲလုပ်ရင်း ပြောသည်။ ကျွန်တော် သူလုပ်ပုံကို မြင်ရသည့်အခါတွင် သာ၍ စိတ်ပျက်သွားသည်။
အမျိုးသမီးက စပန်နာကြီးကို မြင်သည့်အခါတွင် ရုတ်တရက် လန့်အော်လိုက်သည်။
“အစ်မ သိပ်မကြောက်ပါနဲ့။ ဒီကောင်က အလကားကောင်ပါ။ အစ်မ ဟိုထောင့်ထဲမှာ သွားပြီး ထိုင်နေပါ။ ကျွန်တော်တို့ ဘာသာ ကိစ္စပြီးအောင် လုပ်ပါ့မယ်။ ဟေ့ကောင် မင်းစပန်နာကြီး အသာထားလိုက်စမ်းကွာ။ ကိုယ့်လူ လုပ်ဗျာ။ အချိန် သိပ်မရှိဘူး”
ကျွန်တော်က အမျိုးသားဘက်သို့လှည့်၍ ပြောလိုက်သည်။
အမျိုးသားက “ပုံမလာ” သော်လည်း သတ္တိတော့ ကောင်းသည်။ ကျွန်တော်က သူ့ရင်ဝကို သေနတ်ဖြင့် ထောက်ထားသည့်တိုင် ကြောက်ဟန်မပြ။ ကုတ်အင်္ကျီအိတ်ထဲက သားရေအိတ်ကို ဣနြေ္ဒရရ ဆွဲထုတ်နေသည်။
“ရော့”
ကျွန်တော်က သားရေအိတ်ကို ဖျတ်ခနဲ ဆွဲယူပြီး၊ ကျွန်တော့်အင်္ကျီအိတ်ထဲသို့ ထိုးထည့်လိုက်သည်။ လက်ဖြင့် စမ်းကြည့်မိသလောက်ဆိုလျှင်၊ ပိုက်ဆံများများစားစား ပါဟန်မတူ။
”ကဲ နာရီရော ချွတ်လိုက်ဦး”
ူသူက နာရီကို ချွတ်ပြီး ကျွန်တော့်ကို လှမ်းပေးသည်။
”ရော့”
နာရီက သံမဏိအိမ်ဖြင့် လုပ်ထားသည်။ အဖိုးတန်ကြီးမဟုတ်။
”ဖောင်တိန်ရော ပေး”
ဖောင်တိန်က အမျိုးကောင်းသား၊ အမေရိကန်လုပ် ဖောင်တိန်ဖြစ်သည်။ လက်ကိုင်သည့် နေရာအောက်တွင် ကလောင်သွားမြှုပ်ထားသည့် ဖောင်တိန်မျိုး။ သူ့ထံတွင် နောက်ထပ် ပေးစရာမရှိတော့။ ကျွန်တော် ပထမဦးဆုံး မျက်စိကျထားသည့် ဖိနပ်သာ ကျန်တော့သည်။
”ကဲ ဘာပေးရဦးမလဲ”
သူက ခပ်လှောင်လှောင်ပြောသည်။ ကျွန်တော်ကလည်း မဆိုင်းမတွ အဖြေပေးလိုက်သည်။
”ဖိနပ်ပေးဦး”
သည်တကြိမ်တော့ ငနဲက ရှောရှောရှူရှူမဟုတ်၊ အကြောက်အကန်ငြင်းသည်။
”ဖိနပ်တော့ မပေးနိုင်ဘူး”
ကျွန်တော်ကလည်း မအောင့်နိုင်တော့။ ”ပုံမလာ” သော သူ့မျက်နှာကြီး မြင်စကတည်းက ထိုးချင်နေပြီ။ ကျွန်တော်ထိုးလိုက်လျှင် သူမည်သို့ တုံ့ပြန်မည်နည်း၊ ကျွန်တော် မည်သို့ ခံစားရမည်နည်း၊ သည်အတွက်ကို ကျွန်တော် သိချင်နေသည်။
”ကိုယ့်လူ သိပ်စကားများမနေနဲ့ ချွတ်မှာချွတ်စမ်း”
ကျွန်တော်က အားနေသည့် လက်တဖက်ဖြင့် သူ့မျက်နှာကို တချက်ထိုးလိုက်သည်။ သူက ကျွန်တော့်ကို ပြန်ထိုးလိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။
”ဂျီနို သူတို့တောင်းသမျှ ပေးလိုက်စမ်းပါ”
ခပ်လှမ်းလှမ်းမှ အမျိုးသမီးက လှမ်းပြောသည်။ အမျိုးသာူးက နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထားရင်း-
”ကောင်းပြီ လိုချင်ရင် ပေးမယ်”
သူက ကုန်း၍ ဖိနပ်ချွတ်သည်။ ဖိနပ်ကို တဖက်စီချွတ်ရင်း သူ့ပစ္စည်းကိုသူ နှမြောနေပုံရသည်။ သူ့ဖိနပ်သူ စုံမက်ပုံရသည်။ ဖိနပ်ချွတ်မှ ငနဲသားက ပို၍ ပုသွားသည်။ လာရူဆိုလောက်ပင် မရှည်ချင်။ အရပ်ထွက်လာအောင် ခွာထူထူနှင့် ဖိနပ်ကို ဝယ်စီးခြင်း ဖြစ်ဟန်တူသည်။
သည်တုန်းတွင် ကျွန်တော်တို့ ပြဿနာပေါ်ခြင်း ဖြစ်သည်။ ငနဲက ဖိနပ်မပါ၊ ခြေအိတ်အတိုင်းသာ စွပ်လျက်ရပ်ရင်း။
”ကဲ- ဘာလိုချင်သေးသလဲ။ အင်္ကျီကော ချွတ်ပေးရဦးမှာလား”
သည်တုန်းက ကျွန်တော့်လက်တဖက်တွင် ပစ္စတိုကို ကိုင်ထားပြီး အခြားတဖက်တွင် သူချွတ်ပေးသော ဖိနပ်ကို ကိုင်ထားသည်။ ကျွန်တော် နောက်ထပ် မလိုတော့ဟု ပြောမည်အပြု ကိစ္စတခု ပေါ်လာသည်။
ကိစ္စက ကျွန်တော့်နဖူးက ယားကျိကျိဖြစ်လာသည့်ကိစ္စ။ ကျွန်တော့်နဖူးသည် တခုခုနှင့် ပွတ်နေသည့်နှယ် ယားလာသည်။
အခြားမဟုတ်။ မှန်ကာပန်းရုံအမိုးတွင် အိမ်ဖွဲနေသည့် ပင့်ကူ သေးသေးကလေးတကောင် လျှောဆင်းလာကာ ကျွန်တော့်နဖူးပေါ် လျှောက်နေသည်ကို ကျွန်တော်မြင်လိုက်သည်။ သည်တွင် ကျွန်တော်က လက်တဖက်ဖြင့် နဖူးကို ပွတ်လိုက်မိသည်။ ဤတွင် ခပ်ထုံထုံ လာရူဆိုက ကျွန်တော် အချက်ပေးပြီ အထင်ဖြင့် ငနဲ၏ နောက်စေ့ကို စပန်နာကြီးဖြင့် ရိုက်ခွဲလိုက်သည်။ အုတ်ခဲတခဲကို ရိုက်ခွဲလိုက်သလို ဖြောင်းခနဲ အသံကြီးနှင့်အတူ အမျိုးသားသည် ဒယီးဒယိုင်ဖြင့် ကျွန်တော့်ကို လှမ်းဆွဲကာ လဲကျသွားသည်။ မြေကြီးပေါ်ရောက်တော့ ဆန့်ငင် ဆန့်ငင်နှင့် မျက်ဖြူလန်နေပြီ။
အမျိုးသမီးက အလန့်တကြားအော်ကာ ပန်းရုံအောက်မှ ထပြေးလာကာ အမျိုးသားကို ကိုင်လှုပ်၍ ခေါ်နေသည်။
လာရူဆို မည်မျှထုံသည်ကို ကျွန်တော် မပြောချင်တော့ပြီ။ လာရူဆိုသည် သည်မျှနှင့် အားရသေးဟန်မတူ။ အမျိုးသားဘေးတွင် ဒူးထောက်၍ ကိုင်လှုပ်နေသော အမျိုးသမီးကိုပါ စပန်နာကြီးနှင့် ရွယ်ထားကာ ရိုက်ရတော့မည်လောဟု ကျွန်တော့်ကို မျက်ရိပ်ပြမေးနေသည်။
”ဟေ့ကောင် ရူးသလား။ လာ မြန်မြန်”
ကျွန်တော်က အော်ခေါ်တော့မှ လိုက်လာကာ ကျွန်တော်တို့ နှစ်ယောက် ထွက်ပြေးလားခဲ့ကြသည်။
ရိပ်သာ လမ်းကြီးပေါ်သို့ ရောက်သည်နှင့် ကျွန်တော်က-
”ဟေ့ကောင် ခပ်တည်တည်သွား။ မပြေးနဲ့။ လမ်းလျှောက်ထွက်လာတဲ့ပုံမျိုး၊ မင်းလုပ်လိုက်ရင် သောက်ရမ်းချည်းပဲ”
လာရူဆိုက ခြေလှမ်းကို နှေးလိုက်သည်။ ကျွန်တော်က လမ်းသွားရင်း လက်ထဲတွင် ကိုင်လာသည့် ဖိနပ်ကို မိုးကာ အင်္ကျီထဲသို့ ထိုးထည့်သည်။
”မင်း တော်တော်တုံးတဲ့ကောင်။ ဘာဖြစ်လို့ ငနဲကို စပန်နာကြီးနဲ့ ရိုက်လိုက်တာလဲ”
သူက ကျွန်တော့်ကို ကြည့်သည်။
”မင်းက အချက်ပြတာကိုး”
”ဘယ်မှာ အချက်ပြရမှာလဲကွ။ နဖူးပေါ်ကို ပင့်ကူဆင်းလာလို့ နဖူးပွတ်လိုက်တာ”
”ဘယ်သိပါ့မလဲကွ။ နဖူးကို လက်နဲ့ပွတ်လိက်တော့ အချက်ပေးတာပဲ ဆိုပြီး ငါလည်း ရိုက်ချလိုက်တာပေါ့”
ကျွန်တော် သည်ကောင့်ကို စိတ်ဆိုးလိုက်ပုံမှာ ပြောစရာမရှိတော့၊ လည်စေ့ကိုသာ ဖျစ်ညှစ်ပစ်လိုက်ချင်သည်။
”အလကားကောင် ငတုံး။ သောက်ရမ်းချည်းပဲ၊ သေများသေနေရစ်ခဲ့မလား မသိဘူး”
လာရူဆိုက သူ့သိက္ခာကို စော်ကားသည်ဟု ထင်သလော မပြောတတ်။ ကျွန်တော့်ကို ဖြေရှင်းချက် ပြန်ပေးသည်။
”သေမှာ မဟုတ်ပါဘူးကွ။ စပန်နာ လက်ကိုင်ဘက်က ရိုက်တာပါ။ အသေသတ်ချင်ရင် အဖျားနဲ့ ရိုက်ပစ်ခဲ့မှာပေါ့”
သည်ကောင့်ကို ကျွန်တော် ဘာမျှမပြောလိုတော့။ စိတ်ဆိုးလွန်းသဖြင့် ကျွန်တော့်မျက်နှာသည် တဇတ်ဇတ် ရွဲ့နေပြီ။ ထို့ကြောင့် ငြိမ်ကျသွားရန် ကျွန်တော့်ပါးနှစ်ဖက်ကို လက်ဝါးဖြင့် အုပ်ထားရသည်။
”ငနဲမက အဖြောင့်ဆရာ။ ငါဝင်ဆွဲမလို့တောင် စိတ်ကူးသေးတယ်။ ဝင်ဆွဲရင်လည်း ကောင်မကတော့ လိုက်လာမှာပဲ။ မဆွဲခဲ့မိတာ နာသကွာတောက်”
လာရူဆို မြိန်ရေရှက်ရေ ပြောလာသည်။ အမျိုးသမီးကို ဝင်ဆွဲပြီး ဘယ်လိုဘယ်ညာစဖြင့် အားပါးတရပြောသည်။
”ဟေ့ကောင် တော်ကွာ။ ပါးစပ်ပုပ်ကြီးနဲ့ ပြောမနေစမ်းနဲ့”
ကျွန်တော်က ဟန့်လိုက်တော့မှ လာရူဆို အပြောရပ်သွားသည်။
ကျွန်တော်တို့နှစ်ယောက် ဖလန်ပင်နီယို ရပ်ကွက်ထဲသို့ ဝင်လာခဲ့ကြသည်။ မြစ်ကမ်းအတိုင်းလျှောက် တံတားကို ဖြတ်ပြီး လစ်ဘာတေ ကျောက်ရုပ်ဘေးတွင် နားကြသည်။
သည်နေရာတဝိုက်က သစ်ပင်အုပ်များအောက်၌ ထိုင်ခုံတန်းများ ရှိသည်။ အနီးတွင် မည်သူမျှမရှိ။ နှင်းတို့ တဝေဝေကျစပြုပြီ။
”ဒီနား ခဏထိုင်မယ်ဟေ့။ ဘယ်လောက်ဖိုးလောက် ရခဲ့သလဲ မသိဘူး။ ငါလည်း ဖိနပ်ကို စမ်းစီးကြည့်ရဦးမယ်”
ကျွန်တော်တို့ နှစ်ယောက် ထိုင်ခုံတခုတွင် ဝင်ထိုင်ကြသည်။ သားရေအိတ်ကို ဖွင့်ကြည့်သောအခါ လိုင်ယာ နှစ်ထောင်သာ တွေ့ရသည်။ ထိုငွေကို ကျွန်တော်တို့ တယောက်တဝက် ခွဲယူကြသည်။
”တကယ်က မင်းကို ဘာမှတောင် ဝေစုပေးဖို့ကောင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ မတရား မလုပ်ချင်ဘူး။ ဒီတော့ မင်းက သားရေအိတ်နဲ့ နာရီကိုယူ။ ငါက ဖိနပ်နဲ့ ဖောင်တိန်ကို ယူမယ် ဟုတ်ပလား။”
လာရူဆိုက ချက်ချင်း ကန့်ကွက်သည်။
”ဘယ်ဖြစ်မလဲ ဒီလိုတော့ မတရားမလုပ်နဲ့မောင်။ အားလုံးတဝက်စီပဲ”
“ဟ မင်းလုပ်ပုံကိုလည်းကြည့်ဦး။ တကယ်က တပြားမှတောင် မရသင့်ဘူး”
သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက် အငြင်းအခုံ ဖြစ်ကြသည်။ နောက်ဆုံးတွင် သဘောတူညီချက်တခု ရသည်။ ကျွန်တော်က ဖိနပ်ကို ယူမည်။ သားရေအိတ် ဖောင်တိန်နှင့် လက်ပတ်နာရီကို သူယူမည်။
”နေပါဦး မင်းက ဒီ ဖောင်တိန်နဲ့ ဘာလုပ်မှာတုန်း။ စာတလုံးမှ မရေးတတ်တာ”
”အံမယ် ငါ ဖွင့်ပြောလိုက်မယ်၊ ငါလည်း မူလတန်းကျောင်းလောက်တော့ နေဖူးပါသေးတယ်ကွ။ ဒီဖောင်တိန်ကို ငါမသုံးတော့ကော ကိုလိုနာရပ်ကွက် သွားရောင်းရင် ရတာပဲ”
နောက်ဆုံးတွင် ကျွန်တော် လက်လျော့လိုက်သည်။ ကျွန်တော် ဖိနပ်စုတ်ကို လွှင့်ပစ်ပြီး ဖိနပ်သစ်ကို စီးချင်လှပြီ။ ထိုမျှမက ငြင်းရ ခုံရလွန်းသဖြင့် ငြီးငွေ့နေပြီ။ အာရုံကျောတွေ အလုပ်လုပ်ရလွန်းသဖြင့် ဗိုက်နာလာပြီ။
ကျွန်တော်က ဖိနပ်ဟောင်းကို ချွတ်ကာ ရလာသည့် ဖိနပ်သစ်ကို စီးကြည့်သည်။ သို့ရာတွင် ကျွန်တော် အကြီးအကျယ် စိတ်ဓာတ်ကျသွားသည်။ ဖိနပ်က ကျွန်တော်နှင့် မကိုက်။ ငယ်နေပြီ။ လောကကြီးတွင် ပြင်၍ မရသော အရာဟူ၍ မရှိ။ ပျက်လျှင် ပြင်၍ ရသည်ချည်း ဖြစ်သည်။ သို့ရာတွင် ဖိနပ်သေးသေးကလေးကို ကြီးအောင်လုပ်ဖို့ ကိစ္စကတော့ ရနိုင်ကောင်းသည့် အရာမဟုတ်။
”ဟေ့ကောင် ဖိနပ်က ငါနဲ့ ငယ်နေတယ်ကွ မင်းနဲ့တော့ ကိုက်မှာပဲ၊ ဖိနပ်ချင်းလဲမလား၊ မင်း ဖိနပ်ရှည်ကြီးက မင်းနဲ့ ကြီးနေတယ်၊ ငါ့ဖိနပ်က အကောင်းစား အသစ်ကြီး ရှိသေးတယ်”
သည်တကြိမ်တော့ လာရူဆိုက အသာစီးရပြီဆိုသည့် သဘောဖြင့် လေတချက် ချွန်လိုက်သည်။
”တော်တော်တုံးတဲ့ကောင်ပဲ။ ငါတုံးတယ်ဆိုပေမဲ့ မင်းလောက်တော့ မတုံးသေးဘူးကွ၊ မှတ်ထား”
သူက ကျွန်တော့်ကို နှိမ်သည်။
”ငါက ဘာတုံးလို့လဲ”
”အိမ်ပြန် အိပ်မယ်၊ ညဥ့်နက်လှပြီ”
သူက သူ့ဝေစုရသည့် လက်ပတ်နာရီကို ခပ်ကြွားကြွား မြှောက်သည့်ကာ-
”ငါ့နာရီက ၁၁ နာရီခွဲနေပြီ။ မင်းနာရီကော”
ကျွန်တော် ဘာမျှ မပြောတော့။ ဖိနပ်ကို မိုးကာအင်္ကျီထဲ ထည့်၍ သူ့နောက်သို့ လိုက်လာခဲ့သည်။
ကျွန်တော်တို့ နှစ်ယောက် ဓာတ်ရထားစီး၍ ပြန်ခဲ့ကြသည်။ တလမ်းလုံး ကံဆိုးသော ကျွန်တော့အဖြစ်ကို တွေးလာခဲ့သည်။ ယခုအတိုင်းဆိုလျှင် လာရူဆိုဆီက ဖိနပ်ကို ရအောင်လုပ်မှ ဖြစ်တော့မည်။ သို့ရာတွင် မည်သို့ လုပ်ရမည်နည်း။
ဓာတ်ရထားက ဆင်း၍ တန်းလျား အိပ်ခန်း ပြန်ရောက်လာကြသည့်အခါ၌ ဖိနပ်ချင်းလဲဖို့ ကိစ္စကို ထပ်၍ဆွေးနွေးကြည့်သည်။ မရနိုင်သည့်အဆုံး သူ့ကို အောက်ကျို့ရသည်။
”လုပ်ပါကွာ ငါ့အဖို့ အသုံးလိုလို့ပါ။ မင်းနဲ့လည်း ကိုက်တာ မဟုတ်ဘူး၊ ကိုယ်ချင်းစာဖို့ ကောင်းပါတယ်”
ကျွန်တော်တို့ ခန့်ဂျီယိုဗန်ဒို ရပ်ကွက်ဘက်သို့ လျှောက်လာကြသည်။ လမ်းတွင် လူရှင်းနေပြီ။ သူက ဓာတ်တိုင်တတိုင်အောက် ရပ်ကာ ခြေထောက်ကို ကွေးချည်ဆန့်ချည်လုပ်ကာ သူ့ဖိနပ်ကို ရှိုးပြနေသည်။ ကျွန်တော် ခံပြင်းအောင် ဆွပေးနေသလော မပြောတတ်။
”တော်တော် စီးလို့ ကောင်းတဲ့ ဖိနပ်ပဲ။ ဟေ့ကောင် တကယ်လိုချင်သလားကွ။ ဒါပေမဲ့ ဆောရီးကွာ။ စိတ်တော့ မရှိနဲ့။ ဖိနပ်ကလေးက စီးလို့ကောင်းတော့ နှမြောလွန်းလို့”
သူက ကျွန်တော်ခံပြင်းအောင် သီချင်းတပုဒ်ကို လည်ချောင်းသံဖြင့် ညည်းနေသည်။ စင်စင် သည်ကောင် ကျွန်တော့်ကို လှောင်နေခြင်း ဖြစ်သည်။ ကျွန်တော် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ ကျွန်တော့်ပစ္စတိုထဲတွင် ကျည်ဆန်သာရှိလျှင် သည်ကောင့်ကို ပစ်ထည့်လိုက်မိမည်ဟု ထင်သည်။ ဖိနပ်ကြောင့် မဟုတ်။ သည်ကောင် လုပ်ပုံကို ခံပြင်းလွန်းသောကြောင့် ဖြစ်သည်။
သို့ဖြင့် ကျွန်တော်တို့ အိပ်သည့် မြေတိုက်ခန်းသို့ ပြန်ရောက်ကြသည်။ ပြတင်းပေါက်ကို ခေါက်လိုက်သည့် အခါ၌ ဒရဝမ်က ထုံးစံအတိုင်း ဗျစ်တောက် ဗျစ်တောက်လုပ်၍ တံခါးဖွင့်ပေးသည်။ ကျွန်တော်တို့လည်း မြေတိုက်အိပ်ခန်းထဲသို့ ဆင်းခဲ့ကြသည်။
မြေတိုက်ထဲတွင် အိပ်စင်ငါလုံးရှိသည်။ ထိပ်ဆုံးသုံးလုံးတွင် ဒရဝမ်နှင့် သူ့သားနှစ်ယောက် အိပ်သည်။ သူ့သားတွေက ကျွန်တော်တို့နှင့် ရွယ်တူလောက် ရှိသေးသည်။ ကျန်အိပ်စင် နှစ်လုံးတွင် လာရူဆိုနှင့် ကျွန်တော်တို့ အိပ်ကြသည်။ ဒရဝမ်က အိပ်စင်နေရာခတောင်းပြီး မီးမှိတ်ကာ ပြန်အိမ်သွားသည်။
ကျွန်တော်တို့ နှစ်ယောက် မှောင်ကြီးထဲတွင် စမ်းကာ ကိုယ့်အိပ်စင်ဆီ လာခဲ့ကြသည်။
အိပ်စင်ပေါ်ရောက်၍ လှဲပြီး စောင်ခြုံလိုက်သည်နှင့် ဖိနပ်ကိစ္စ ကျွန်တော့်ခေါင်းထဲတွင် ပြန်ပေါ်လာသည်။ နောက်ဆုံးတွင် ကျွန်တော် ဆုံးဖြတ်ချက် တခုကို ချလိုက်သည်။
လာရူဆိုသည် အဝတ်အစားတွေကို မချွတ်ဘဲ အိပ်သော်လည်း ဖိနပ်ကို ချွတ်ထားတတ်သည်။ အိပ်စင်နှစ်ခုကြားက ကြမ်းပြင်ပေါ်တွင် သူ့ဖိနပ် ချွတ်ထားတတ်သည်ကို ကျွန်တော်သိသည်။
အမှောင်ထဲတွင် တိတ်တဆိတ်ထကာ၊ သူ့ဖိနပ်များကို ကောက်စွပ်မည်။ ကျွန်တော့် ဖိနပ်နှင့် လဲယူမည်။ ထိုနောက် အိမ်သာသွားချင်ယောင်ဆောင်ကာ အပြင်သို့ထွက်မည်။ အိမ်သာက အပြင်မှာရှိသည်။
သည်အကြံသည် ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်သည်။ လာရူဆိုနှင့် ကျွန်တော် ရှေ့ဆက်နေ၍ မဖြစ်တော့။ လာရူဆိုသည် လူတယောက်ကို သတ်ခဲ့ပြီ မဟုတ်လော။ သူနှင့် လမ်းခွဲမှ ဖြစ်မည်။ သို့မဟုတ် ကျွန်တော်ပါ အမှုပတ်တော့မည်။
လာရူဆိုက ကျွန်တော်၏ နာမည်အရင်းကို မသိ။ ပထမနာမည်ကိုသာ သိသည်။ သူအဖမ်းခံရလျှင် ကျွန်တော့်နာမည်ကို ဖော်နိုင်မည် မဟုတ်။
ကျွန်တော်သည် အိပ်စင်ပေါ်မှာ ငေါက်ခနဲ ထထိုင်သည်။ ထို့နောက် အသာငုံ့၍ သူ့ဖိနပ်ရှည်ကြီးကို ကောက်စွပ်သည်။ ဖိနပ်ကြိုးတပ်နေတုန်း ကျွန်တော့်ကို တစုံတယောက်က နောက်မှ တအားရိုက်လိုက်သည်ကို ကျွန်တော် ခံစားလိုက်ရသည်။ ကံအားလျှော်စွာ ကိုယ်ကိုတိမ်းလိုက်သဖြင့် ရိုက်ချက်က အခေါင်းကို မထိ။ နားရွက်ကို ပွတ်၍ထိကာ ပခုံးပေါ်သို့ ကျလာသည်။
ကျွန်တော့်ကို ရိုက်သူမှာ အခြားသူမဟုတ် လာရူဆိုဖြစ်သည်။ မှောင်ထဲတွင် ချောင်းကာ သူ့စပန်နာကြီးနှင့် ရိုက်လိုက်ခြင်းဖြစ်သည်။ ကျွန်တော် အလိုက်သည်မှာ ဆိုဖွယ်မရှိ။ ထို့ကြောင့် ကျွန်တော်သည် မှောင်ထဲတွင် မမြင်မစမ်းဖြင့် သူ့ကို ခုန်အုပ်လိုက်သည်။ သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက်သား ကြမ်းပေါ်သို့ လိမ့်သွားကြသည်။
ကျွန်တော်တို့ နှစ်ယောက်လုံး လုံးထွေး သတ်ပုတ်သံများကြောင့် အစောင့် ဒရဝမ်နှင့် သူ့သားနှစ်ယောက် နိုးလာကာ မီးကို ဖွင့်လိုက်သည်။
ကျွန်တော်က ”လူသတ်နေပါတယ်ဗျို့၊ လူသတ်နေပါတယ်” ဟု သံကုန်ဟစ်သည်။ လာရူဆိုက ”သူခိုး၊ သခိုး” ဟု အော်သည်။ သူတို့ကလည်း ဆူညံစွာအော်ကာ ကျွန်တော်တို့နှစ်ယောက်ကို လူချင်းခွဲရန် ကြိုးစားကြသည်။
သည်တွင် လာရူဆိုက ဒရဝမ်ကို စပန်နာဖြင့် ရိုက်ချလိုက်သည်။ စိတ်ဆတ်သည့် ဒရဝမ်က ကုလားထိုင်တလုံးကို ကောက်၍ လာရူဆိုကို ရိုက်သည်။ လာရူဆို ခန်းထောင့် တနေရာသို့ ရောက်သွားကာ စပန်နာကြီး တရမ်းရမ်းဖြင့် ”သတ္တိရှိရင် လာခဲ့လေ။ အကုန်လုံးကို သတ်မယ်။ လာကြလေ။ ဘာမှတ်နေသလဲ။ ရောမလူသတ်သမားကွ။ ဘာမှတ်သလဲ” ဟု အော်လျက်ရှိသည်။
လာရူဆိုသည် အရူးလိုဖြစ်နေသည်။ မျက်နှာက နီရဲ၍ မျက်လုံးကြီးများက ပြူးထွက်နေသည်။ သည်အချိန်တွင် ကျွန်တော်ကလည်း ဒေါသသိပ်ထွက်နေပြီ တည်တည်ငြိမ်ငြိမ် မစဉ်းစားနိုင်တော့။
”ဒီကောင်ဟာ လူသတ်သမားဗျ။ စောစောတုန်းက လူတယောက်ကို သတ်လာခဲ့တဲ့ လူသတ်သမား”
ကျွန်တော်က အော်သည်။
အတိုချုံးရလျှင် ကျွန်တော်တို့က ရုန်းကန်အော်ဟစ်နေသော လာရူဆိုကို ဝိုင်းချုပ်ထားကြပြီး ဒရဝမ်သားတယောက်က ပုလိပ်ကို သွားခေါ်သည်။ ကျွန်တော့်ဆီက တစွန်းတစ၊ သူ့ဆီက တစွန်းတ ပေါ်လာသဖြင့် ပန်းခြံထဲတွင် ဖြစ်ခဲ့သည့် ကိစ္စ ဘူးပေါ်သလို ပေါ်လာကာ ပုလိပ်က နှစ်ယောက်စလုံးကို ဖမ်းသည်။
ကျွန်တော်တို့ နှစ်ယောက် ပုလိပ်ဌာနသို့ ပါသွားပြီး ပုလိပ်က တနေရာသို့ တယ်လီဖုန်း ကောက်ဆက်ပြီးနောက်၊ ဘောဂီပန်းခြံထဲက ကိစ္စကို တိုင်ချက်ဖွင့်သည်။ ကျွန်တော်က ထိုကိစ္စတွင် ကျွန်တော်မပါ။ လာရူဆို ကျူးလွန်းခြင်းဖြစ်သည်ဟု ပြောသည်။ လာရူဆိုက တခွန်းမှ ပြန်မပြော။
”တော်တော်လည်း ဟုတ်တဲ့ ကောင်တွေပဲကွာ၊ ဟင် လုလည်း လုသေးတယ်၊ လူသတ်မလို့လည်း လုပ်သေးတယ်”
ပုလိပ်အရာရှိက ဆိုသည်။ လာရူဆို ဆိုသည့်ကောင်သည် တော်တော် စိတ်ပျက်ဖို့ ကောင်းသည့် ကောင်ဖြစ်သည်။ ခဏကြာတော့ လာရူဆိုသည် ရုတ်တရက် ခေါင်းထောင်ကာ-
”မနက်ဖြန် ဘာနေ့လဲဗျ” ဟု မေးသည်။ သောကြာနေ့ဖြစ်ကြောင်း ပုလိပ်အရာရှိက ပြောသည်။ သည်တွင် လာရူဆိုက လက်နှစ်ဖက်ကို အားပါးတရ ပွတ်ကာ-
”အား ဟန်လိုက်လေကွာ။ မနက်ဖြန်ဆိုရင် ရယ်ဂျီနာကိုလီထောင်မှာ အသားပြုတ်ကျွေးတဲ့နေ့ပဲ”
သည်ကောင် ကျွန်တော့်ကို ပြောတုန်းက ထောင်တခါမှ မကျဖူးဘူးဟု ပြောသည်။ ယခုလိမ်ပေါ်ပြီ။ ထောင်မှာ ဘယ်နေ့ဘာကျွေးသည်ဆိုသည်ကအစ သိနေသည့် ”လက်ကောက်” ဖြစ်နေသည်။
ကျွန်တော်သည် ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ ကျွန်တော့်ခြေထောက်တွင် လာရူဆို၏ ဖိနပ် စွပ်လျက်ရှိသေးသည်။
ဘာပြောပြော ကျွန်တော်လိုချင်သည့် အရာကိုတော့ ကျွန်တော်ရလိုက်ပြီ။
(Alberto Moravia’s Terror of Rome)
မြသန်းတင့် ဘာသာပြန်သည်။
No comments:
Post a Comment