မိဘနဲ့တူသော အစိုးရ၊ အပိုင်း ( ၁ )
(ရေးသားသူ- မောင်မောင်ဝမ်း)
မကောင်းမြစ်တား၊
ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊
ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊
            ဖခင်မယ်တို့တာ။
ကျနော်တို့ ငယ်ငယ်ကသင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။ တော်တော်များများ ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ မိဘတွေက သားသမီးတို့အပေါ် ထားအပ်သော ၀တ္တရားများပေါ့၊ လောကမှာ မိဘတော်တော်များများဟာ သားသမီးအပေါ်မှာ မေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့လိုမယ် မထင်တော့ပါဘူး၊ ဒါပေမဲ့လည်း တချို့သော ခြွင်းချက်များတော့ ရှိတာပေါ့လေ၊ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ၊ မိဘတွေက သားသမီးကို သတ်ပစ်တာတို့၊ ပြည့်တန်ဆာလုပ်ငန်းအတွက် ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်၊ ဒီလိုအဖြစ်မျိုး ရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာ မဟုတ်သလို ၀ိုင်းဝန်းပြစ်တင် ရှုတ်ချကြမှာ အမှန်ပါပဲ။
လူတိုင်းမှာ ကိုယ့်ကို မွေးထုတ်ခဲ့သူတွေဟာ မိဘတွေဖြစ်သလို၊ တိုင်းပြည်တပြည်မှာ အစိုးရဆိုတာကလည်း တကယ်တော့ မိဘပါ၊ မိဘအစစ်တွေ မဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာ ရှိနေရတဲ့ သူတွေလို့ ကျနော်ယုံကြည်ပါတယ်။ သားသမီးများရဲ့ ကောင်းမွေ၊ ဆိုးမွေများကို မိဘများက ခံကြရသလို သားသမီးများအပေါ် တာဝန်ကျေကြဘို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစား အားထုတ်တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ ကောင်းမွေဆိုးမွေများကို ခံကြရပါမယ်။ ပြည်သူလူထုအပေါ် တာဝန်ကျေဘို့လိုပါလိမ့်မယ်။ ဒါမှ မိဘနဲ့တူသော အစိုးရ ဖြစ်နေမှာပါ။ ဘယ်ပြည်သူလူထုမဆို မိဘနဲ့တူသော အစိုးရကို အလိုရှိကြမှာ အမှန်ပါ။
တနေ့ ကျနော် အင်တာနက်ပေါ်မှာ Gtalk ဖွင့်ထားတုန်း ၂ ပတ်ကျော်လောက် လိုင်းပေါ်မှာ ပျောက်နေတဲ့ မြန်မာပြည်က ကျနော့်တူတစ်ယောက်နဲ့ အဆက်သွယ်ပြန်ရပါတယ်။ သူက အခုမှ ၁၆ နှစ်သား ဆယ်တန်း တက်နေတယ်။  ကျနော်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာနေတာပါ။
“ ဦးဝမ်း…မြန်မာပြည်က ..အင်တာနက်တွေ..ရွေးကောက်ပွဲ နီးလို့လား မသိဘူးဖြတ်ထားတယ်”
“ဟုတ်လား…”
“နောက်ပြီး လိုင်းတွေကလည်း.. အရမ်းနှေးတယ်ဗျာ... အင်တာနက် သုံးရတာ အဆင်ကိုမပြေဘူး မီးကလည်း လာလိုက် မလာလိုက်နဲ့ ဦးတို့ဆီမှာရော အဲဒါမျိုး လိုင်းဖြတ်တာတွေ.. လိုင်းတွေနှေးတာတွေ ဖြစ်လား” ကျနော် တချက်ပြုံးမိလိုက်တယ်.. ဒါပေမဲ့ ကျနော့် ရင်ထဲမှာတော့ တော်တော်လေးကို ထိခိုက်သွားပါတယ်။ သူက သူအမြင်နဲ့ကြုံနေရတဲ့ အခက်ခဲကို လှမ်းငြီးကြည့်လိုက်တာပါ။ “ဘယ်ရှိမလည်း သားရဲ့” “ဦးတို့ဆီမှာ မီးပျက်တယ်ဆိုတာလည်းမရှိဘူး” “အင်တာနက်လိုင်းတွေ ဖြတ်ထားတာတို့၊ နှေးတာတို့ ဆိုတာမရှိဘူး” ကျနော့် တူလေးရဲ့သက်ပြင်းချသံကို တချက်ကြားလိုက်ရအပြီး သူ့ဘက်က အင်တာနက်လိုင်းက ပြတ်သွားပြန်ပါတယ်။
    နောက်တခါ တတူတူနဲ့ လှမ်းခေါ်ပြီး စကားဆက်ပြောမယ် ကြံတော့ စကားသံက ပြောရလိုက် မရလိုက်နဲ့ ကျနော် တော်စိတ်မကောင်း ဖြစ်သွားတယ်။ သူငြီးမယ်ဆိုလည်း ငြီးလောက်ပါတယ်။ မြန်မာပြည်မှာ အခု အင်တာနက်ဝန်ဆောင်မှု လုပ်ပေးတဲ့ ကုမ္ပဏီ ဘယ်နှစ်ခုရှိလည်း မသိဘူး ဒီမှာတော့ ကျနော်တို့ မြို့သေးလေးမှာတောင်မှ ကုမ္ပဏီ ၅ ခု အပြိုင်ရှိပါတယ်။ သုံးစွဲရာမှာလည်း စာအုပ်တအုပ်က စာရွက်တွေကို လှန်ဖတ်နေသလိုမျိုး မြန်ဆန်ပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ (Liberal Democracy) ကျင့်သုံးနေတဲ့ နိုင်ငံရဲ့အနှစ်သာရဟာ ဒါမျိုးပါလား စဉ်းစားနေတုန်း၊ တခါ တူလေးဆီက လှမ်းခေါ်သံကြားလို့ လက်ခံ နားထောင်လိုက်တော့ စကားနည်းနည်း ပြောရပြန်တယ်။
“ဦးဝမ်း အလုပ်နားနေရတယ်ဆို”
“အေးကွ ငါအလုပ်ကနားနေရတယ်”
“ဟင် ဒါဆို ဦးဝမ်း ၀င်ငွေမရှိတော့ ဘယ်လိုလုပ်မလည်း ဘာနဲ့စားကြမလည်း”
“အစိုးရကကြွေးတယ်၊ အစိုးရကပေးတယ်ကွ”
“ဟာ ဦးဝမ်းကလည်း သားက အတည်ပြောနေတဲ့ဥစ္စာ နောက်နေတယ်”
“ဘယ်ကလာ နောက်ရမှာလည်း၊ ဦး အလုပ်ကနားနေရတော့ အစိုးရက စားဘို့ဆိုပြီး တလ မိသားစု ၃ ဦးကို ဒေါ်လာ ငါးရာကျော်ပေးတယ် နောက်ပြီး တပတ်ကို ဒေါ်လာ ၂၅၀ ပေးတယ်ကွာ တလ ၁၀၀၀ ပေါ့ .. ငါမနောက်ပါဘူးကွာ တကယ်ပြောနေတာပါ”
“တကယ်”
“တကယ်ပေါ့သားရဲ့  ဦးဝမ်း သားကို ဘယ်တုန်းက လိမ်ပြောဖူလို့လည်း”
“အစိုးရက တလကို ဒေါ်လာ ၁၅၀၀ ကျော် အလကား ထောက်ပံ့ထားတယ်ဆိုတာ မြန်မာငွေနဲ့ဆို ၁၃ သိန်းလောက်ရှိတယ် သားဖြင့် ဦးဝမ်းပြောလို့သာ ယုံရတယ် ကြားတောင်မကြားဖူးဘူး သားသူငယ်ချင်း တယောက်အဖေဆို စစ်တပ်ထဲကနေ ပင်စင်နဲ့ ထွက်လာတာတောင်မှ တလတလ စားဘို့ အလျှဉ်မမှီဘူးဗျာ၊ သနားပါတယ်” သူရဲ့အသံတွေထဲမှာ ကရုဏာနဲ့ ရောစွက်နေတဲ့ မကျေနပ်သံ တချို့ကိုလှမ်း မြင်လိုက်သလို ခံစားလိုက်ရတယ်။ အမေရိကားမှာ အလုပ်လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်ရာ ကုမ္ပဏီက အကြောင်းအမျိုမျိုးကြောင့် ရပ်နားလိုက်ရတယ်ဆို အဲဒီကုမ္ပဏီနဲ့ အစိုးရပေါင်းပြီး ၀န်ထမ်းတွေကို ထောက်ပံ့ရပါတယ်။ တပတ်ကို ဘယ်လောက်ဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး (သူ အလုပ်လုပ်လို့ ရလာတဲ့ ၀င်ငွေအပေါ်တည်မှီပြီး ဆုံးဖြတ်တယ်)၊ ပြီးတော့ အစားအသောက်အတွက် မိသားစုဦးရေအပေါ် တည်မှီပြီးပေးတယ်။ အလုပ်လက်မဲ့ ထောက်ပံ့ကြေးကို ပျမ်းမျှအားဖြင့် ၂ နှစ်လောက်အထိ ပေးပါတယ်။ ဒီအတောအတွင်း အလုပ်တခု ရအောင်ရှာပေါ့။ မရခဲ့ရင်ရောဆိုရင် အစိုးရကနေ တခါ လူမှုထောက်ပံ့ရေး အသွင်သဏ္ဍန်တမျိုးနဲ့ ထပ်ပေးပြန်တယ်။ ဒါကတော့ အမေရိကားမှာရှိတဲ့ ဘယ်သူမဆို လ ၆၀ (၅ နှစ်) ခံစားခွင့်ရှိတယ်။
အစားအသောက်အတွက်ကတော့ တော်တော်ကြာကြာထိကို ထောက်ပံ့ပါတယ်။ အစိုးရဟာ လူထုကို ဘယ်တော့မှ အငတ်မခံဘူး။ ဒါဆို နအဖပြောသလိုမျိုး အိုးမဲ့၊ အိမ်မဲ့တွေ အများကြီးဆိုတာကို ကျနော် နည်းနည်းလေးရှင်းပြခြင်တယ်။ အမေရိကားမှာ လူတွေကို ခရက်တစ် ( credit ) ဆိုတာနဲ့ ချုပ်ထားတယ်။ ခရက်တစ်ဆိုတာ အကြွေးဝယ်စနစ်နဲ့ ပေးထားတဲ့ ကဒ်ကလေးတွေကိုတင် ပြောတာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ရာဇ၀င်ဆို ပိုမှန်မလားမသိဘူး၊ လူတယောက်ရိုးသားတာ၊ အပြစ်မရှိတာ၊ အလုပ်ကြိုးစားလုပ်တာ၊ ပစ္စည်းတွေကို အကြွေးစနစ်နဲ့ဝယ်ရင် မှန်မှန်ပြန်ပေးတာ၊ ရာဇ၀တ်မှုကင်းတာ၊ စသဖြင့် ကျန်တာတွေလည်း အများကြီးရှိသေးတာပေါ့။ အဲဒါတွေကို အမှတ်ပေးစနစ်နဲ့ ပေးတယ်။ မေးစရာတစ်ခုရှိမယ် ခင်ဗျားက လိုခြင်တဲ့ ပစ္စည်းတခုကို အကြွေးနဲ့ဝယ်ပြီး ပြန်မဆပ်ဘူး ဆိုရင်ရော (ဗမာပြည်မှာဆို အကြွေးရရင် ဆင်တောင်ဝယ်စီးမဲ့ သူများအတွက်) ရတယ်။ မဆပ်နဲ့၊ အချိန်တန်လို့ လစဉ်ပေးရမဲ့ အကြွေးကို မပေးတော့ဘူးဆိုရင် အဲဒီပစ္စည်းကို ပိုင်ရှင် ကုမ္ပဏီတွေက လာသိမ်းမှာပဲ မပူနဲ့၊ မော်တော်ကားဆို ကြိုက်တဲ့နေရာမှာ ဖွက်ထား သူတို့ကသိတယ်။ ရေဒါစနစ်တွေနဲ့ လုပ်ထားတာ။ ပြီးရင် ခင်ဗျား ခရက်တစ်က ဆိုးသွားပြီ၊ ခရက်တစ်ဆိုးတော့ ဘာဖြစ်မလည်း၊ ခင်ဗျားဘာမှ အကြွေးဝယ်လို့ မရတော့ဘူး၊ ဘဏ်တွေကလည်း ပိုက်ဆံချေးလို့ မရတော့ဘူး၊ အနိမ့်ဆုံး အိမ်တောင်ငှါးနေလို့ မရတော့ဘူး။ အလုပ်တွေက လက်မခံဘူး၊ ခရက်တစ်ကောင်းရင်ရော ဘာဖြစ်မလည်း၊ အိမ်ဝယ်ချင်တယ် ဒေါ်လာတသိန်းတန်လောက် အိမ်တောင်မှ အရစ်ကျဝယ်လို့ရတယ်။ တလချင်း နည်းနည်းဆပ်သွားရတယ်။ ခင်ဗျားပေးတာ မှန်လေ ခရက်တစ် အမှတ်က တက်လေပဲ။ စ၀ယ်ဝယ်ခြင်း တစ်ပြားမှ မကုန်ဘူး ကျနော်နေတဲ့ နယူးယောက်ပြည်နယ်မှာဆို ပထမဆုံး အိမ်ဝယ်မဲ့သူအတွက် အစိုးရက ဒေါ်လာ ၈၀၀၀ လောက်အထိ အလကားပေးတယ်။ ခင်ဗျား အလုပ်သာရှိ (အနည်းဆုံး ၂ နှစ်လောက်ပေါ့) နောက်တခါ ခရက်တစ်လည်းကောင်းဆို အိမ်တလုံးတပြားမှ မကုန်ပဲ ၀ယ်လို့ရတယ်။ ပြီးမှ တစ်လခြင်း နည်းနည်းပြန်ဆပ်ပေါ့။ ကျနော် ပြောခဲ့တဲ့အတိုင်း ခရက်တစ်ဆိုးတဲ့ သူတွေအတွက် အိမ်ငှါးနိုင်တဲ့ ပိုက်ဆံရှိလည်း အိမ်ရှင်တော်တော်များများက ခရက်တစ်စစ်ဆေးကြည့်လို့ ဆိုးတယ်ဆိုရင် မငှါးဘူး။ အဲဒီတော့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကုန်ရော၊ နောက်မေးစရာရှိနိုင်တာက အစိုးရက အမြဲထောက်ပံ့နေတော့.. ဗမာအတွေးနဲ့ဆို အလုပ်မလုပ်ပဲ ထိုင်စားနေမယ်ဆိုရင်ရော ဖြစ်တယ် ထိုင်စား။ ခင်ဗျား ခရက်တစ်ဆိုးနေမှာပဲ။ ခင်ဗျား အခွင့်အရေးတွေ အကုန်ဆုံးရှုံးမယ်။ ဒါပေမဲ့ ဘယ်တော့မှ မငတ်ဘူး၊ အစိုးရက ခင်ဗျားကိုကြွေးထားမယ်။ ခရက်တစ်ကောင်းရင် ခင်ဗျား လုပ်ငန်းတခုထူထောင်ခြင်တယ် ဆိုပါဆို့၊ ဘဏ်တွေက ခင်ဗျားကို ပိုက်ဆံချေးခြင်ကြမှာ အလုအယက်ပဲ။ ဘာလုပ်ချင်လုပ်ချင် သူတို့ထုတ်ချေးမယ်။ အမေရိကားမှာ အလုပ်လုပ်ခြင်းဟာလည်း ကောင်းမွန်သော ခရက်တစ်ကို ဖြစ်စေတယ်။ ပျင်းလို့မရဘူး။
ကျန်းမာရေးနဲ့ ပတ်သက်လို့ကလည်း ၀င်ငွေနည်း မိသားစုများကို အစိုးရကထောက်ပံ့တယ်။ နေထိုင်မကောင်း ကျန်းမာရေးချို့တဲ့ရင် အစိုးရကကူတယ် (ကုန်ချင်သလောက် ကုန်ပါစေ) ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲမှာ ဆေးကုလိုက်ရတာ ဒေါ်လာ သိန်းနဲ့ချီကုန်တဲ့ သူတွေရှိတယ်။ အစိုးရက ကူတယ်။ ဒီမှာ ဆေးခန်း၊ ဆေးရုံတွေဆိုတာ ပုဂ္ဂလိကပိုင်တွေချည်းပဲ ဆေးကုသစရိတ်ကလည်း ဈေးကြီးတယ်။ (ဒါပေမဲ့ ခင်ဗျားမှာ ၀င်ငွေကောင်းတယ် ဆိုရင်တော့ အခမဲ့ ဆေးကုသခွင့် မရဘူး၊) ကိုယ်ပိုက်ဆံနဲ့ကိုယ်ကုရတယ်။ အဲဒီ ကုမ္ပဏီတွေကို ခင်ဗျားဆေးကုလို့ ကုန်ကျစရိတ်အတွက် အစိုးရကပေးတယ်။ ဘာမှပူစရာမလိုဘူး၊ အလကား ဆေးသွားကုရတာဆို သိမ်ငယ်စရာမလိုဘူး၊ တကယ်တော့ အလကားကုတာ မဟုတ်ဘူး၊ ခင်ဗျားကုန်ကျမယ့် ငွေကို အစိုးရကပေးတာ။
တပ်မတော်သားတွေ ကဏ္ဍပြောပြဦးမယ်၊ ဒီမှာ နိုင်ငံရပ်ခြားကနေ ရောက်လာပြီး နေထိုင်ခွင့် တရားဝင်ရှိတဲ့သူတွေဆို စစ်ထဲဝင်ခြင်ကြတာ အများကြီး ဘာလို့လည်းဆိုတော့ ဘ၀အာမခံချက် အပြည့်ရှိတယ်။ ရပိုင်ခွင့်တွေ အများကြီးပဲ။ တိုက်ပွဲမှာ ကျဆုံးသွားမယ်ဆိုရင်တောင်မှ ဒေါ်လာသိန်းချီ (မြန်မာငွေ သိန်းထောင်ချီပြီး) ပေးတယ်။ မိဘ၊ သားသမီး၊ မိန်းမ၊ လင်ယောက်ျား သူတို့အတွက်တောင်မှ အားလုံး နေဘို့ထိုင်ဘို့ကအစ အားလုံး အစိုးရကတာဝန်ယူပေးတယ်၊ သူတို့တတွေ အလုပ်လုပ်ချင်တယ်ဆိုရင်တောင်မှ အလုပ်လုပ်ခွင့် အခွင့်ရေး သူများထက်သာတယ် (ဒါ စစ်သား မဟုတ်သေးဘူး။ စစ်သား ဆွေမျိုးပဲရှိသေးတယ်)။ စစ်သားတွေ ပင်စင်ယူမယ်ဆို ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက် ကြည့်ပြီး လစာရကြတယ် (အနည်းဆုံး ဒေါ်လာ ၂၀၀၀ နဲ့ အထက်မှာရှိတယ်) ဒါ သာမန်စစ်သားအဆင့် အရာရှိတွေဆို အများကြီး ပင်စင်လစာရတယ်။ သူတို့ အလုပ်လုပ်လိုသေးတယ်ဆိုရင် ချက်ခြင်း အလုပ်သမားရှာဖွေရေးဌာနတွေက အလုပ်ရှာပေးတယ်။ စစ်သားဘ၀မှာလည်း အလုပ်ချိန် ဒါမှမဟုတ် တာဝန်ထမ်းဆောင်ချိန် မဟုတ်ပဲ အထက်အရာရှိက အောက်လက်ငယ်သားကို အမိန့်ပေးပိုင်ခွင့်၊ အာဏာပြပိုင်ခွင့် မရှိဘူး၊ သွားပြလို့ကတော့ ပြဿနာတက်ပြီသာ ပြင်ပေတော့ အဲဒီလို၊ စစ်သားက စစ်သားအလုပ်ပဲ လုပ်တယ် တခြားအလုပ်မှာ ၀င်မပါဘူး၊ ၀င်မရှုတ်ဘူး။ အဓိက ထူးခြားတာက စစ်သားတွေ၊ ရဲတွေကို လူထုကချစ်တယ်၊ လေးစားကြတယ်။ ဗမာပြည်နဲ့ မကွာလားဗျာ။
အပိုင်း ၂ ဆက်ပါဦးမည်။
လေးစားစွာဖြင့်
မောင်မောင်ဝမ်း
ကျနော်ရေးသားထားသော “မိဘနဲ့တူသော အစိုးရ” ဆောင်းပါးကို ပေးပို့အပ်ပါသည်။ အဆင်ပြေသလို အသုံးပြုလို့ရပါသည်။ မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။
The Mandalay Gazette မှ ကူးယူဖော်ပြပါသည်။
No comments: