အဖြေကတော့ ရှင်းပါတယ်။ နိုင်ငံရေးမတည်မှုကြောင့် တိုင်းရေး ပြည်ရာကိစ္စများဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ တရားမျှတရေး စသည့်ဖြင့် တဖြည်းဖြည်း အားနည်းရော့ရည်း လာတဲ့အတွက် နိုင်ငံ့သား ကောင်းပီပီ အားနည်းနေသည်ကို အားဖြည့်ရန် ရည်သန်ကာ တော်လှန်ရေးလောက၊ နိုင်ငံရေးလောကကြီးထဲ ရောက်ရှိလာကြသည်။ သို့သော် လုပ်သ လောက် မဖြစ်၊ ကြံသလောက်မအောင်၊ ပြော သလောက်မပေါက်ဖြစ်ခဲ့ကြပြီး နှစ်များသာ ညောင်းလာပြီး ဆံဖြူသွား ကျိုးအဖြစ်ရောက်ရှိလာကာ တော်လှန်ရေး (နိုင်ငံရေး) မှာ အားတက် စရာ အလျဉ်းမျှ မတွေ့ရသေး။ အဘယ့်ကြောင့်နည်းဟူမူ တော်လှန်ရေးသမား၊ နိုင်ငံရေးသမားအများစု၌ အားနည်းချက်၊ ပျော့ကွက်များ ပြည့်လျှမ်းနေပြီး ခံစားချက်၊ ခံယူချက်၊ လမ်းစဉ်၊ လမ်းကြောင်းများ မခိုင်မာသည်ကြောင့်မအောင်မြင်နိုင်ဘဲ ဖြစ်နေရသည်ဟု သုံးသပ်မိသည်။
ခံစားချက်
ဝမ်းနည်းဘွယ် ဖြစ်ရပ်တခုအတွက် အမှန်တကယ်ဝမ်းနည်းတတ်ဖို့ လိုပါလိမ့်မည်။ အမှန်တကယ်ဝမ်းနည်းတတ်ဖို့အတွက် ကိုယ်တိုင်ခံစားဖူးသူသာ ရာနှုန်းပြည့် ခံစားနားလည် နိုင်လိမ့်မည်။ ဖြစ်ရပ်တခုကို ကိုယ်တိုင်ခံစာဖူးသူ ခံစားနားလည်မှုသည် မည်သည့် ကာလ၊ ပယောဂပင် ဖြစ်ပါစေ ပြောင်းလဲရန် မရှိသလောက် နည်းပါးသွားလိမ့်မည်။ ထိုသူသည်သာ တော်လှန်ရေးလုပ်ရာ၌ မဖောက်ပြန် မပြောင်းလဲဘဲ တသမာတ်တည်း သွားနိုင်လိမ့် မည်ဖြစ်သည်။ ခံစားချက်မရှိသော တော်လှန်ရေးသမားသည် ဖောက်ပြန်ပြောင်းလဲလွယ် တတ်ပြီး တပါးသူ၏ ကြီးမားသည့် ခံစားချက်ကို မျက်ကွယ်ပြုတတ်သေးသည်မှာ အထင် အရှား မြင်နိုင်ကြလိမ့်မည်။ တော်လှန်ရေးသမားတယောက်အတွက် ခံစားချက် ဟူသည်မှာ ရှိသင့်ရှိထိုက်သည်။ ခံစားချက်မရှိသော တော်လှန်ရေးသမားသည် ဝေါဟာရများနောက်သို့ ယောင်လည်တတ်ပြီး ဖောက်ပြန်လွယ်သည်ဟု မှတ်ယူသင့်သည်။ ဤသည်မှာ ယေဘုယ အားဖြင့် ဆိုသည်။ အကြွင်းမဲ့မဟုတ်။
ခံယူချက်
ခံစားချက်မှ ပေါက်ဖွားလာပြီး တော်လှန်ရေးလောကထဲသို့ ဝင်ရောက်လာသည်သူ ခံယူချက်ဟူသည်မှာလည်း လိုအပ်လာတော့သည်။ ခံယူချက်မရှိသည့် တော်လှန်ရေးသမား ဟူ၍ မဖြစ်သင့်ပေ။ ခံယူချက်ရှိပါမှ ကြားကာလတွင် လေယူရာတိမ်းသလို မယိမ်းမယိုင်၊ မညွတ်မကိုင်းဘဲ အဆုံးသတ်သည်တိုင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အထက်တွင် ပြောခဲ့သလို ခံယူချက်မရှိသောသူ သာသည့်ဘက်သို့ ညွတ်တိမ်းကာ သာပေါင်းအဖြစ်သို့ လွယ်ကူစွာ ရောက်ရှိနိုင်လေသည်။ လောကတွင် မရှိသင့်သည့်အရာဟု မြင်ပြီးလျှင် ရှင်းပစ်ရမည်ဟု မယူဆနိုင်ဘဲ သို့လောသို့လော ဖြစ်နေကြသောသူသည် ခံယူချက်မရှိ၊ ခံစားမရှိသူများသာ ဖြစ်သည်ဟု တပ်အပ်ဆိုနိုင်တော့သည်။ ရှုပ်လျှင် ရှင်းရမည်မှာ သဘာဝ ဓမ္မကျပါသည်။ ကိုယ့်ခံယူချက်ကို ထိပါးလာသူမှန်သမျှသည် ရှင်းလင်းရမည့် အရှုပ်ထုပ် များသာတည်း။
လမ်းစဉ်
မည်သို့သော အလုပ်ပင်ဖြစ်စေ လမ်းကြောင်းတခု ထားရှိကာ ဖြောင့်ဖြောင့်သွားပါမှ လိုရာသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ တဖွဲ့တွင် နှစ်လမ်းသွားလျှင် ပျက်စီးရာသို့သာ ဦးတည် တော့သည်။ ထိုလမ်းလို့ လျှောက်ရမည်ဟု ယူဆလျှင် ထိုလမ်းတွင် မည်သို့ ခလုတ်ကန်သင်း များနှင့် ပြည်လျှမ်းနေပါစေ ခံစားချက်ရှိသူပီပီ၊ ခံယူချက်ရှိသူပီပီ မိမိတို့ အသိဉာဏ်ကို အစီစဉ်တကျ အထိအနာနည်းအောင် လျှောက်လှမ်းရန် လိုအပ်သည်။ အမှန်တကယ် လမ်းကြောင်းမှန်ဖြစ်လျှင် အထိအနာများလည်း ကိစ္စမရှိ။ လိုသည့်အရာရရှိဖို့အတွက် ထိုက်သင့်သည့် ပေးဆပ်မှုများ ပေးဆပ်ရမည်မှာ ဧကန်မလွဲပင်။ သေနတ်နှင့် ရမ်းကားနေသည့် ရန်သူကို တွန်းလှန်ရန် မည်သည့်လမ်းစဉ်ဖြင့် သွားသင့်သနည်း။ အကြမ်းမဖက်လော၊ အကြမ်းဖက်၍လော။ ထိုနှစ်ခုထည်းက တခုကိုသာ ရွေးချယ်သင့်သည်။ နှစ်လမ်းဖြင့်သွားလျှင် နှစ်နေရာသို့ ကွဲပြားသွားချေမည်။ တနေရာတည်း စုစုစည်းစည်း အင်အားကြီးကြီးမားမားဖြစ်လိုလျှင် တလမ်းသာလျှောက်သင့်သည်။ ဆိုလိုသည်ကား လမ်းစဉ်ဟူသည်မှာ မဖြစ်မဖြစ် ရှိသင့်ကြောင်း ပြဆိုသည်။ လမ်းစဉ်မရှိသောသူသည် လျှောက်စရာလမ်းလည်းမရှိ၊ ထိုကြောင့် ထိုသူတွင် ပန်းတိုင်ဟူ၍လည်း မရှိပါ။ တော်လှန်ရေး နယ်ပယ်တွင် ခွကျသည့် အလသမျိုးသာဖြစ်ချိမ့်သည်။
အချစ်
ချစ်သင့်သည်ကို ချစ်ရမည်။ သဘာဝဓမ္မများကို ချစ်ရမည်။ ပညာရှိသူတော်ကောင်း များကို ချစ်ရမည်။ အများအကျိုး ဆောင်ရွက်သူကို ချစ်ရမည်။ ချစ်သင့်သည်။ မချစ်မနေရ။ သာဓကမှာ လူထုဦးစိန်ဝင်း၊ ကိုကျော်သူ၊ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသဖြင့် အများအကျိုးကို သည်ပိုးနေကြပြီး၊ စာရိတ္တအရာ၌ ပြည့်ဝသူများ၊ လူမှန်သမျှကို မေတ္တာတရားထားနိုင်ကြသူများ ဖြစ်ကြသည့်အတွက် ထိုသူတို့ကို ချစ်ခင်သင့်သည်။ မြတ်နိုးသင့်သည်၊ ယုံကြည်သင့်သည်၊ ကိုးစားသင့်သည်၊ အားပေးသင့်သည်၊ ထောက်ခံ သင့်သည်မဟုတ်လော။ ထိုကဲ့သို့ လူတော်လူကောင်းများစွာရှိပါသေးသည်။ ထိုသူတို့ကို အာပေးထောက်ခံ၊ လက်ကမ်း ကြိုဆိုသွားကြရမည်ဖြစ်သည်။ နောက်တခါ ကုသိုလ်တရားများ ကို ချစ်ရမည်။ ချစ်သည့် အတွက် လုပ်ရမည်။ လုပ်သည့်အတွက်လည်း ရသင့်သည့်အကျိုးကို ပေးလိမ့်မည်သာ။ ချစ်သင့်သည်ကို မချစ်လျှင် လူမိုက်။
အမုန်း
မကောင်းသည့်အရာမှန်သမျှ၊ အကုသိုလ်မှန်သမျှ၊ လူဆိုး မိစ္ဆာဒိဋ္ဌိဟူသမျှ မုန်းတီးရ မည်၊ ရွံ့ရှာရမည်၊ ဆန့်ကျင်ရမည်၊ ပယ်ရှားရမည်။ လောဘ၊ ဒေါသ၊ မောဟစသည့် အကုသိုလ်တရားများတို့သည် ရွံရှာစက်ဆုတ်စရာဖြစ်သည့်အတွက် မုန်းရမည်သာ၊ ချစ်၍ မဖြစ်၊ ချစ်လျှင် သူတော်ကောင်းများ ကြိုက်နှစ်သက်လိမ့်မည်မဟုတ်။ ပြီးနောက် လူဆိုး မိစ္ဆာဒိဋ္ဌိများကိုလည်း မုန်းတီးရမည်ဖြစ်သည်။ ထိုလူဆိုး မိစ္ဆာဒိဋ္ဌိများသည် ကောင်းသည့် အကျိုးမပေး၊ ကောင်းသည့်အမှုကိုမပြု၊ ကောင်းသည့် အလုပ်ကို မလုပ်၊ ကောင်းသည့် အကျင့်ကို မကျင့်၊ ကောင်းသည့်အကြံကိုမကြံပဲ အစဉ်အမြဲ များပြည်သူတို့ ဆင်းရဲခြင်းကို ဖြစ်စေရသည့်အတွက် မုန်းတီးရမည်၊ ရွံရှာရမည်၊ ပယ်ရှားရမည်မဟုတ်လော။ ဗမာပြည်တွင် သန်းရွှေအမှူးပြုသော နအဖတို့သည် လူဆိုး၊ သူခိုး၊ မိစ္ဆာဒိဋ္ဌိကြီးများပင်ဖြစ်သည်။ မေတ္တာပို့ သော သံဃာကိုသတ်သည်။ လူမမယ် ကျောင်းသားအရွယ်များကို သတ်ကြသည်။ သက်ကြီး ရွယ်အိုများအား သတ်ခဲ့ကြသည်။ နအဖကြောင့် ပြည်သူတို့၏ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်၊ ကျွဲ၊ နွားစသည့်ဖြင့် ပျက်စီး၊ ဆုံးရှုံးနစ်နာခဲ့ကြရသည်မှာ နေရာအနှံ့၊ တိုင်းအနှံ့၊ ပြည်အနှံ့။ ထိုသန်းရွှေမှူးပြုသော နအဖနှင့် လက်သင့်ရာ အပေါင်းအပါတို့ကို မမုန်းလျှင် မည်သို့သော သူကို မုန်းရမည်နည်း။ ထိုသူကို မုန်းတီးရမည်သာဖြစ်သည်။ ထိုမုန်းတီးမှုသည် အမှန်တရား ပင်ဖြစ်သည်။ မုန်းတီးရမည့်သူကို မမုန်းလျှင် လူမိုက်ပင်။
စာရိတ္တ (ကိုယ်ကျင့်တရား)
ခံစားချက်ရှိသူ၊ မရှိသူ၊ ခံယူချက်ရှိသူ၊ မရှိသူ၊ လမ်းစဉ်ရှိသူ၊ မရှိသူ၊ အချစ်အမုန်း ကင်းသူ၊ မကင်းသူ မည်သူမဆို ကိုယ်ကျင့်တရားမရှိလျှင် တော်လှန်ရေးလောကထဲသို့ လုံးဝ (လုံးဝ) မဝင်သင့်ပါ။ နိုင်ငံရေးလောကထဲသို့လည်း မဝင်သင့်ပါ။ လူမှုကိစ္စများတွင် မပါဝင်သင့်ပါ။ ပါဝင်လာလျှင်လည်း လက်မခံသင့်ပါ။ လူဟူသည်မှာ ဤသည်ကား၊ အယုတ်၊ အမြတ်၊ ဤသည်ကား ကောင်း၏၊ မကောင်း၏၊ ဤသည်ကား သင့်၊ မသင့် စဉ်းစားတွေးခေါ် မြှော်မြင်ခြင်းရှိ၍ လူဟု အမည်ရသော်လည်း ကိုယ်ကျင့်စာရိတ္တမရှိလျှင် ထိုလူ၏ အကျင့်အကြံ၊ အတွေးအခေါ်၊ အပြုအမူမှန်သမျှသည် ပျက်စီးခြင်းသို့သာ ဦးတည်သွားမည် ဖြစ်သည့်အတွက် ထိုသူအား မူမမှန်သည့် လူသားဟု ကင်းပွန်းတပ်ရမည်။ ကိုယ့်ကျင့်စာရိတ္တဟူသည်မှာ ဗမာ့လူမှုနယ်ပယ်တွင် အခြေခံအားဖြင့် ငါးပါးသီလပင်ဖြစ်သည်။ ထိုငါးပါးသီလတွင် သူတပါး အသက်ကို မသတ်ရ၊ သူတပါးဥစ္စာကို မခိုးရ၊ သူတပါး သားမယားကို အပြစ်မမှားရ၊ မုသားစကား မဆိုရ၊ အရက်သေစာမသောက်ရ စသဖြင့် ကိုယ်နှုတ်စိတ်သုံးပါးတို့ကို စောင့်ထိန်းရမည်ဟု ပါရှိသည်။ ထိုငါးပါးကို ကျင့်လျှင် လွန်စွာကောင်းလှ၏။ လူသားတိုင်း ထိုငါးပါးသီလကို ကျင့်လျှင် ကမ္ဘာကြီး အင်မတန် အေးချမ်းသာယာ၊ ဝပြောပြီး နေချင့်စဖွယ် ဖြစ်နေပေလိမ့်မည်။ ယ္ခုအခါတွင် ထိုးငါးပါးမျှသော စာရိတ္တကိုပင် မကျင့်ကြံနိုင်ခြင်းကြောင့် တော်လှန်ရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ လူမှုနယ်ပယ်တို့တွင် အကွဲအပြဲ၊ မုန်းတီးမှု အာဃာတများထားကာ လိုရာသို့ မရောက်နိုင်တော့ဘဲ မျက်နှာမလှဘဲ အရှုံးများကိုသာ ရမြဲဖြစ်နေကြသည်မှာ အထင်အရှားပင်။
ယဉ်ကျေးမှု
ဗမာ့ယဉ်ကျေးမှုများသည် အင်မတန် မြတ်နိုးသင့်၊ လက်ခံသင့်၊ ကျင့်ကြံသင့်၊ စောင့်ထိန်းသင့်လှသည်။ ဗမာ့ယဉ်ကျေးမှုသည် နူးညံ့၏၊ ပျော့ပြောင်း၏၊ သိမ်မွေ့၏၊ ချိုသာ၏၊ ပျူငှာ၏ ထိုကြောင့် တန်ဘိုးထားသင့်၏။ အဝတ်အစား၊ အပြောအဆို၊ အနေအထိုင်၊ အသွားအလာ၊ အကျင့်အကြံ၊ ဆက်ဆံရေးစဖြင့် အများယဉ်ကျေးမှုနှင့်မတူ တမူထူးခြား တန်ဘိုးထားစရာဖြစ်သည်။ ယ္ခုတွင် ကောင်းမြတ်လှသည့် ဗမာ့ယဉ်ကျေးမှုများ အရှိန်အဟုန်နှင့် ပျက်ပြား၊ တိမ်ကော၊ ပျောက်ကွယ်လာသည်မှာ ဝမ်းနည်းဖွယ်ရာပင်။ မိမိယဉ်ကျေးမှုကို မထိမ်းသိမ်းနိုင်လောက်အောင် ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် တွေ့ကြုံနေရသည်မှာ စိတ်မကောင်းဖွယ်ရာများပင်။ ထိုခေတ်ပျက်ကြီးတွင် စနစ်ပျက်ဖြင့်ကြီး ပျင်းလာသည့် လူပျက်များသည် မိမိယဉ်ကျေးမှုကို တန်ဘိုးမထား၊ မလေးစားတော့၊ ထိန်းသိမ်းစောင့်ရှောက်ရကောင်းမှန်းမသိတော့။ ဆံဖြူသွားကျိုး သေနယ်တဖက်နင်းပြီး သေရွယ်ရောက်နေသည့် လူကြီးများမှအစ ဗမာ့ဆန်စား၊ ဗမာ့ရေသောက်ကာ ကြီးပျင်းလာ ကြသည့် လူငယ်များအဆုံး မိမိယဉ်ကျေးမှုကို ဆန့်ကျင်ဖီလာပြီး ဗမာ့ယဉ်ကျေးမှုကို အပြစ်တင်၊ ကျေးဇူးကန်းနေကြသည်ကို မြင်ရ၊ ကြားရသည်မှာ ဝမ်းနည်းဖွယ်၊ စိတ်ပျက်ဖွယ် ဖြစ်ရပြီး နှလုံးမသာမယာဗျာပါဒပွားရသည်။
လူသည် ယဉ်ကျေးရမည်၊ ယဉ်ကျေးမှုရရှိမည်။ ထိုမှလည်း လူ့ဂုဏ်သိက္ခာ ရှိမည်ဖြစ်သည်။ ထိုသို့ မယဉ်ကျေး၊ ယဉ်ကျေးမှုမရှိ၊ ယဉ်ကျေးမှုမသိသောသူတို့သည် လူပျက်၊ လူဖျင်း၊ လူနုံ၊ လူအ၊ လူန၊ လူမိုက်များသည်ဖြစ်သည်။ မိမိယဉ်ကျေးမှုကို စော်ကားသူ၊ မလိုက်နာသူ၊ မကျင့်သုံးသူအားလုံးသည် လူနုံ၊ လူဖျင်း၊ လူပျက်များသာဖြစ်သည့်ကြောင့် တော်လှန်ရေးလောက၊ နိုင်ငံရေးလောကထဲ ခြေတဖက်မျှ မနင်းသင့်၊ တလှမ်းမျှ မလှမ်းသင့်ပါ။ တန်ဘိုးထားရကောင်းမှန်းမသိ၊ စောင့်ထိန်းလိုက်နာရကောင်းမှန်းမသိဘဲ မိမိယဉ်ကျေးမှုကို နိမ့်ကျစေသည့် အပြုအမူ၊ အလုပ်အကိုင်၊ အပြောအဆို၊ ကျင့်ကြံသူတို့ အားလုံးကို များတကာရှေ့တွင် ဗမာဟု မပြောသင့်ပါ။ ဗမာမှန်လျှင် ဗမာ့သွေးရှိရမည်၊ ဗမာ့ယဉ်ကျေးမှုကို လေးစားရမည်။ ဗမာပြည်ကို တန်ဘိုးထားရမည်။
ဘာသာတရား
ထိုထိုသော ဘာသာတရားတို့သည် ထိုထိုဘာသာဝင်တို့၏ စိတ်နှလုံးကို နူးညံ့ပျော့ ပြောင်းအောင် သွန်သင်ဆုံးမ လမ်းပြပေးသည့် အရာဖြစ်သောကြောင့် တန်ဘိုးထား လေးစား ရမည်ဖြစ်သည်။ ကွဲပြားခြားနေသော ဘာသာတရား၊ အယူဝါဒတို့ကို ဆင်ခြင် သုံးသပ်ပြီး သင့်သည်ကို ယူ၊ မသင့်သည်ကို ပစ်ကာ လိုက်နာကျင့်ကြံရမည်ဖြစ်သည်။ ဘာသာတရား မရှိသူသည် အဆုံးအမ မရှိသူသာဖြစ်သည်။ အဆုံးအမမရှိသူသည် ထိန်းမရှိသည့်အခင်း၊ ကွပ်မရှိသည့် ခြင်းလို ဖရိုဖရဲ၊ ရော့ရည်း အားနားကာ အမြီးအမောက် မတည့်ပဲ ဖြစ်နေတတ်သည်။ ဘာသာတရားမရှိ၊ အဆုံးအမမရှိသောသူကို တော်လှန်နယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်တို့တွင်လည်း ဖီလာကန့်လန့်လုပ်၍ အလုပ်မပြီးမြောက် အောင် နှောက်ယှက်ဖျက်ဆီးစေတတ်သည်ကို သတိပြုမိကြဖို့ လိုသည်။ ထိုကြောင့် ဘာသာတရာသည်လည်း မရှိမဖြစ် လက်ခံကျင့်သုံးသင့်သည့် အရာတခုပင်ဖြစ်တော့သည်။
အချုပ်ဆိုရသော်
အထက်ပါ ပြဆိုခဲ့ အကြောင်းအရာများတို့သည် ယေဘုယျအားဖြင့် ဆိုသည်ကို သတိပြုပါ။ အကြွင်းမဲ့မဟုတ်ပါ။ ခံစားချက်၊ ခံယူချက်၊ လမ်းစဉ်၊ အချစ်အမုန်း၊ စာရိတ္တတရား၊ ယဉ်ကျေးမှုနှင့် ဘာသာတရားတို့သည် မိခင်နို့ကို သောက်စို့ပြီး ကြီးပြင်းလာကြသူများမှန်လျှင် လက်ခံကျင့်ကြံလိုက်နာရမည်သာဖြစ်သည်။ ဗမာနိုင်ငံမှ ပြည်သူအားလုံးတို့သည် တော်လှန် ရေးသမားများဖြစ်ဖို့လိုသည်။ တော်လှန်ရေးသမားတို့သည် လူပီသဖို့လိုသည်။ လူပီသရန် အတွက် အထက်ပါ အကြောင်းအရာကိုများ ကျင်ကြံ့လိုက်နာလိုအပ်သည်။ ထိုထိုလူတို့သည် ခန္ဓာဉာဏ်ရောက် မဂ်ဖိုလ်ပေါက်ရောက်ပြီးသော အရိယာများမဟုတ်သဖြင့် အမှားဟူသည်မှာ မကင်းနိုင်သေး၊ သို့သော် ထိုအမှားများကို မပြုမိအောင် သတိဆောင်ကာ ကျင့်ကြံ့လိုက်နာ ဖို့လိုသည်။ အရိယာမဟုတ်၊ လောကီသားပေမို့ဟု အကြောင်းပြကာ အမှားများကို တရစပ်ပြုနေကြသူများလည်းရှိသည်။ ထိုလောကီသားသူသည့်ု စကားမှာ အမှားများကို ပြုရန်တွင် သုံးရမည့်စကားမဟုတ်။
တော်လှန်ရေးသမားဟူသည့် ဂုဏ်ပုဒ်နှင့် ညီညွတ်အောင် ကျင့်သင့်၊ ကြံသင့်၊ ပြုသင့်သည်တို့ကို ပြုကြရမည်ဖြစ်သည်။ ကျင့်သင့်သည်ကို မကျင့်လျင် တော်လှန်ရေးသမား မဟုတ်။ ကြံသင့်သည်ကို မကြံလျှင် တော်လှန်ရေးသမားမပီသ၊ ပြုသင့်သည်ကို မပြုလျှင် တော်လှန်ရေးသမားမဟုတ်ပါ။ ယနေ့ တော်လှန်ရေးသမား၊ နိုင်ငံရေးသမားတို့သည် ကိုယ်ကျင့်စာရိတ္တ အားနည်းကြသည်၊ မေထုန်အမှုတို့၌ မွေ့လျှော်နေကြသည်၊ အသောက် အစားလည်း များကြသည်၊ မုသားလည်း များကြသည်၊ ကတိလည်း မတည်ကြ၊ သစ္စာလည်းမရှိကြ၊ ငွေနောက်သို့သာ ကောက်ကောက်ပါအောင် လိုက်နေကြပြီး တော်လှန်ရေးလောက၊ နိုင်ငံရေးလောကကြီးကို စီးပွားခွင် တခုအသွင်ဆောင်ကာ ကိုယ်ကျိုး ကိုသာ ပွားစည်းနေကြသည်ကြောင့် ဖြစ်သင့်ရာ မဖြစ်၊ အောင်သင့်ရာ မအောင်မြင်နိုင်ဘဲ အကွဲအပြဲ၊ အစောင်းအမြောင်း၊ မြှောက်ထိုးပင့်ကော် လုပ်နေကြကာ ပျက်စီးရာသို့ ဦးတည်နေ သည်ကို သတိပြုမိဘို့ လိုပြီ။
တော်လှန်းရေးသမား၊ နိုင်ငံရေးသမား၊ တပ်မတော်သား၊ လူမှုဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများနှင့် အကြီးအငယ်၊ အရွယ်အလတ် အားလုံးနီးပါး ရစရာမရှိအောင် ကိုယ်ကျင့်စာရိတ္တခေါင်းပါးနေကြပြီး အကျင့်ပျက် ချစားကာ သာပေါင်း ကြီးများ ဖြစ်နေကြတော့သည်။ နိုင်ငံတကာအလယ်တွင် မျက်နှာမလှ အရှက်ရလျှက် ဗမာ့လူ့ဘောင် တခုလုံးသည် အတင်းပြော၊ အဖျင်းပြောသည့် လူပေါအီးဘောသောကြီး ဖြစ်နေကြပြီတည်း။ ထို့ကြောင့် တော်လှန်းရေးကြီးလဲ မအောင်နိုင်၊ ပြည်သူတွေလည်း မလွတ်မြောက်နိုင်။ စစ်ကျွန်သာ ဖြစ်မြဲဖြစ်နေရသည်။ ကျင့်သင့်ရာကျင့်၊ လုပ်သင့်ရာလုပ်၊ ပြုသင့်ပြုကာ ဗမာနိုင်ငံတော်ကြီးနှင့် ဗမာပြည်သူများကို ကယ်တင်စောင့်ရှောက်ကြပါဟု တိုက်တွန်းရင်း နိဂုံးခါးပတ် ဆုံးသတ်လိုက်ပါတယ်။
အုန်းရှိန်
No comments:
Post a Comment