ကိုယ်ရေးဖြစ်စဉ်
- လူထု ဒေါ်အမာ ကို မန္တလေးမြို့ ဂုန္တန်ရပ်၌ အဘဦးထင်၊ အမိဒေါ်စုတို့မှ ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ဦး ရှိသည့်အနက် စတုတ္ထမြောက်ဖြစ်သည်။ အမည်ရင်းမှာ အမာဖြစ်သည်။ နဂါးဒေါ်ဦးနှင့် ညီအစ်မ တော်သည်။
- ၁၉၂ဝ ခုနှစ်တွင် မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီးနေရှင်နယ်ကျောင်း၌ ဒုတိယတန်းအထိ ပညာသင်ကြားခဲ့သည်။ ABM (American Baptist Mission School) အေဘီအမ်ကျောင်းတွင် ၁၉၂၃ မှ ၁၉၃၁ ထိ ပညာဆက်လက် သင်ကြားခဲ့ပြီး ဆရာကြီးဦးရာဇတ် မန္တလေးဗဟိုအမျိုးသားကျောင်းမှ ၁၉၃၃ တွင် ဆယ်တန်းကို အောင်မြင်ခဲ့သည်။ ဆရာကြီးဦးရာဇတ်၏ နေရှင်နယ်ကျောင်းတွင် ကိုဗဟိန်းတို့နှင့် ကျောင်းနေဘက်များဖြစ်သည်။ မန္တလေး ဥပစာကောလိပ်တွင် ဓာတု၊ ရူပ၊ သချာင်္ ဘာသာ တွဲယူ၍ တက်ရောက်ခဲ့ပြီး (၁၉၃၃- ၁၉၃၅)၊ ရန်ကုန် တက္ကသိုလ် (၁၉၃၆-၁၉၃၇) တို့တွင် ပညာဆည်းပူးခဲ့သည်။ ၁၉၃၆ တွင် အင်းလျားဆောင် သဟာယနှင့် စာဖတ်အသင်း၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်ကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့တွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ကြီးပွားရေး ဦးလှနှင့် စတင်သိကျွမ်းခဲ့ပြီး၊ ကြီးပွားရေးမဂ္ဂဇင်း၌ ကလောင်အမည် ခင်လဝင်း၊ မြမဉ္ဇူ ကလောင် အမည်များဖြင့် ရေးသားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဘီအေ နောက်ဆုံးနှစ် စာမေးပွဲကျရှုံးပြီး ကျောင်းထွက်သည်။ ထိုနောက် မန္တလေး၌ မြန်မာစက္ကူဆိုင် ဖွင့်ခဲ့သည်။
- ၁၉၃၈ တွင် မောရစ် ကောလစ် (Maurice Collis) ၏ Trails In Burma စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’ အမည်ဖြင့် ဆရာကြီးဦးရာဇတ်၏ တိုက်တွန်းချက်အရ တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ အမာအမည်ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့ရာ ယင်းစာအုပ်ဖြင့် စာပေနယ်တွင် အမည်ထင်ရှားလာခဲ့သည်။
- ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ်ခဲ့ပြီး၊ သားသမီး ၅ ဦး ဖြစ်တဲ့ ကိုစိုးဝင်း (ရဲဘော်ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း (စာရေးဆရာ ညီပုလေး) တို့ ထွန်းကားခဲ့သည်။ သားအကြီးဆုံး ကိုစိုးဝင်းနဲ့ တတိယသား ကိုဖိုးသံချောင်းတို့သည် လက်နက်ကိုင် တော်လှန်နေသည့် ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ) နှင့် သွားရောက် ပူးပေါင်းခဲ့ကြသည်။ ကိုစိုးဝင်းသည် ဗကပရဲ့ ပါတီတွင်း အစွန်းရောက် ဖြုတ် ထုတ် သတ် လှုပ်ရှားမှုများတွင် အသက်စတေး သွားခဲ့ရပြီး၊ ကိုဖိုးသံချောင်းကတော့ ဗကပမှာ ရှိနေဆဲဖြစ်သည်။
- နိုင်ငံရေးကြောင့် မိသားစုတစ်ခုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲအပြားပြား ကြုံတွေ့ခဲ့ရသော်လည်း လောကဓံ အထုအထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံး အချိန်အထိ နိုင်ငံရေး လူမှုရေးအရ ပြည်သူလူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ လူထုချစ်တဲ့ စာရေးဆရာမကြီး တစ်ဦးဖြစ်သည်။
- ၁၉၄၂- ၄၄ ခု ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ကပိုင်ရွာကို ခေတ္တပြောင်းရွှေ့ နေထိုင်ပြီး၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
- ၁၉၄၅ ဇူလိုင်မှာ လူထုဂျာနယ် စတင်ထုတ်ဝေတဲ့အခါ လက်ထောက် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၄၆ ဧပြီ ၁၉ ရက်နေ့မှာ လူထုသတင်းစာ စတင် ထုတ်ဝေတဲ့အခါ အယ်ဒီတာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကာ ‘ဖခင် အောင်နိုင်’ ကလောင်ခွဲနဲ့ ‘နိုင်ငံရေးဆွေးနွေးခန်း’ ပင်တိုင်ဆောင်းပါးကို ရေးသား ခဲ့သည်။ ၁၉၄၆ မေလမှာ လူထုဂျာနယ်ကို ရပ်နားခဲ့သည်။
- ၁၉၄၇ မှာ လူထု ဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေတဲ့ ဖဆပလ အဖွဲ့ရဲ့ အာဘော်နဲ့ ထပ်တူရေးသား တိုက်ပွဲဝင်ခဲ့သည်။
- ၁၉၄၉ မှာ လူထုသတင်းစာနဲ့ ကြီးပွားရေးပုံနှိပ်စက်များ တည်ရှိရာ အဆောက်အဦကို စစ်တပ်ကဒိုင်းနမိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ၁၉၄၉ ဧပြီ ၂၄ ရက်နေ့မှာ လူထုသတင်းစာ ပိတ်ပင်ခံရသည်။ ခင်ပွန်းသည် လူထုဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့အတူ ထိန်းသိမ်းခံရသည်။ ထိမ်းသိမ်း ခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့်ခဲ့ပြီး၊ ၁၉၇၉ ခု သြဂုတ်လ ၂၂ ရက်နေ့ မှာမှ ပြန်လည်လွတ်မြောက်ခဲ့သည်။
- ၁၉၅ဝ နိုဝင်ဘာ ၁ ရက်နေ့မှာ ပိတ်ထားတဲ့ လူထုသတင်းစာကို ပြန်လည် ထုတ်ဝေခဲ့သည်။ သြဂုတ် ၁ ရက်နေ့မှာ လူထုဂျာနယ်ကို ပြန်လည်ထုတ်ဝေ ခဲ့သည်။ လူထုဂျာနယ်နှင့် လူထုသတင်းစာကိုတွဲ၍ ပြန်လည်ထုတ်ဝေခဲ့ချိန်မှ စ၍ ခင်ပွန်းနှင့်အတူ သတင်းစာ၊ ဂျာနယ်လုပ်ငန်းများကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး၊ လူထုဒေါ်အမာဟူ၍ အမည်တွင်လာခဲ့သည်။
- ၁၉၅၃ ဇွန် ၆ ရက်တွင် ကမ္ဘာ့ဒီမိုကရက်တစ်အမျိုးသမီးညီလာခံ (ကိုပင်ဟေဂင်)၊ ၁၅ ရက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ (ဟန်ဂေရီ၊ ဘူဒါပက်)၊ ဂျူလိုင် ၂၅ ရက်မှာ ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နဲ့ ကျောင်းသားပွဲတော် (ရူမေးနီးယား၊ ဘူခါရက်စ်) တို့ကို တက်ရောက်ခဲ့သည်။
- ၁၉၅၃ မှာ လူထုဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံရသဖြင့် လူထုသတင်းစာ ခေါင်းကြီးတွေကို တာဝန်ခံရေးသားခဲ့သည်။
- ၁၉၅၉ မတ် ၁၂ ရက်မှာ လူထုသတင်းစာ ချိတ်ပိတ်ခံရသည်။
- ၁၉၆ဝ မေ ၁ဝ ရက်မှာ လူထုသတင်းစာ ပြန်လည် ထွက်ရှိခဲ့သည်။
- ၁၉၆၂ ဖေဖော်ဝါရီ ၃ ရက် အေရိုဖလုတ် လကြောင်းဖွင့်ပွဲသို့ သတင်းစာဆရာ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရသဖြင့် မော်စကိုသို့သွားရောက်ခဲ့သည်။ အပြန်တွင် အရှေ့ဂျာမဏီ၊ ချက်ကိုစလိုဗက်ကီးယားနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံများကို လည်ပတ်ခဲ့သည်။ ဒီဥရောပခရီးစဉ် တွေကို ‘ဆိုရှယ်လစ် တိုင်းပြည် များသို့’ အမည်ဖြင့် စာအုပ်ရေးသား ထုတ်ဝေခဲ့သည်။
- ၁၉၆၄ တွင် ‘ပြည်သူချစ်သော အနုပညာရှင်များ’ စာအုပ်ဖြင့် စာပေဗိမာန် မြန်မာ့ ယဉ်ကျေးမှု အနုပညာ ဆိုင်ရာစာပေ ပထမဆုကို ရရှိခဲ့သည်။
- ၁၉၆၇ ဇူလိုင် ၇ ရက်မှာ လူထုသတင်းစာ ရပ်စဲခံရသည်။
- ၁၉၇ဝ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မန္တလေး ကွန်သာယာစာတမ်း ဖတ်ပွဲမှာ ‘ဗမာ့ ဖန်ကျီလုပ်ငန်း’ စာတမ်းကို ဖတ်ကြားခဲ့သည်။ ၁၉၇၁ မန္တလေး ဓမ္မ ဗိမာန်မှာ ‘ကနေ့ဗမာသဘင်’ စာတမ်းကို ဖတ်ကြားခဲ့သည်။ ၁၉၇၆ သြဂုတ် ၁၉ ရက်နေ့ ဟံသာဝတီသတင်းစာ ‘စနေ စာပေဝိုင်း’ စာတမ်းဖတ်ပွဲတွင် ‘အတ္ထုပ္ပတ္တိ စာပေ’ စာတမ်း ဖတ်ကြားတင်သွင်းခဲ့သည်။
- ၁၉၇၈ သြဂုတ် ၂၁ ရက်နေ့မှာ ခင်ပွန်းသည် လူထုဦးလှ၊ သားညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့အတူ ထိန်းသိမ်းခံရသည်။ အထိမ်းသိမ်းခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့်ခဲ့ပြီး၊ ၁၉၇၉ ခု သြဂုတ်လ ၂၂ ရက်နေ့မှာမှ ပြန်လည် လွတ်မြောက်ခဲ့သည်။
- ၁၉၈၂ သြဂုတ်လ ၇ ရက်နေ့၌ ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်ခဲ့သည်။
- ၁၉၈၄ မတ် ၄ မှာ လောင်ကျွမ်းတဲ့ မန္တလေးမီးကြီးမှာ ကြီးပွားရေးစာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူသိုလှောင်ရုံတွေ မီးလောင်ဆုံးရှုံးခဲ့သည်။ ၁၉၈၅ နိုဝင်ဘာ ၂၉၊ အသက် (၇ဝ) ပြည့်မွေးနေ့ကစပြီး အမရပူရ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ်ကျင်းပသည်။
- ၁၉၉၂ ခုနှစ် အတွင်း ရနံ့သစ်မဂ္ဂဇင်း၌ ဇမ္ဗူဒီပါအောင်ထွန်း ကလောင် အမည်ခွဲဖြင့် နိုင်ငံတကာဆောင်းပါးများကို ရေးသားခဲ့သည်။
- ၁၉၉၅ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်သားဟောင်းများ ဦးစီး ထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
နဒီမြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီမိသားစုမှ နာရေးယာဉ်တစီး လှူဒါန်းပြီး၊ တောင်စလင်းဆရာတော် ဦးတိက္ခက ကျောင်းဝင်းအတွင်း ပေနှစ်ရာ ပတ်လည် မြေကွက်ကို အသုံးပြုခွင့်ပေးသဖြင့် ၁၉၉၈ မေ ၇ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းကို မန္တလေးတွင် စတင်ဦးဆောင် ဖွဲ့စည်းခဲ့သည်။ ၎င်းအသင်းတွင် နာယက အဖြစ် တာဝန်ယူသည်။ နာရေး ကူညီမှုအပိုင်းမှာ အသားကျလာသည့်အခါ ကျန်းမာရေး ကူညီမှုများကို ၂ဝဝဝ ခုနှစ် ဧပြီလ ၄ ရက်နေ့မှစပြီး ကူညီပေးခဲ့သည်။
ထင်ရှားသော စာအုပ်များမှာ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူချစ်သော အနုပညာသည်များ (၁၉၆၄)၊ ဘဝချင်းမတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလဖိုးစိန် စိန်ကတုံး (၁၉၆၇)၊ ရွှေရိုး ဦးဘကလေး (၁၉၆၉)၊ ရွှေမန်းတင်မောင် (၁၉၇ဝ)၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ (၁၉၈၉)၊ မန္တလေးသူ မန္တလေးသားများ (၁၉၉၁)၊ ထိုင်း ဝတ္ထုတိုများ (၁၉၉၂)၊ ထိုင်း ဝတ္ထုတိုများ (၂) (၁၉၉၃)၊ ရတနာပုံမန္တလေး ကျွန်မတို့မန္တလေး (၁၉၉၃)၊ သာသနာ့တန်ဆောင် ဆရာတော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ငယ်ငယ်က (၁၉၉၄)၊ အမေ့ ရှေးစကား (၁၉၉၇) တို့ဖြစ်ကြသည်။
ဘ၀နိဂုံး
လူထု ဒေါ်အမာ (၉၂)နှစ်သည် ၂၀၀၈- ခု ဧပြီလ (၇) ရက် မနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေးဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီး (၄) ဦးဖြစ်သော ရဲဘော် ဖိုးသံချောင်း၊ ဦးငြိမ်းချမ်း (ခေါ်) ညီပုလေး(စာရေးဆရာ)၊ ဒေါက်တာသန်းရင်မာနှင့် ဒေါ်တင်ဝင်းတို့ကျန်ရစ်သည်။ ရုပ်အလောင်းကို သမီးအကြီးမြမဉ္ဇူအိမ်တွင် ထားရှိပြီး ဈာပနအခမ်းအနားကို မနက်ဖြန် နံနက် (၁ဝ) နာရီတွင် ကြာနီကန်သုဿာန်တွင် မီးသဂြုင်္ိဟ်၍ အရိုးပြာကို ဧရာဝတီမြစ်လည်ခေါင်မှာ မျှောခဲ့သည်။
အားရစရာ ဂုဏ်ပြုကြ
ဝီကီဖတ်သူများ ခင်ဗျား... အမေမာအတွက်_အမှတ်တရစကားများကို Page အသစ်တင်ထားပါသည်။
ရေးသားခဲ့သော စာပေများ
- ကမ္ဘာ့အကြီးဆုံးစာအုပ်- ၁၉၄၅ ခုနှစ်
- ဂျုံနှင့် စစ်သား (ပ)- ၁၉၄၅ ခုနှစ်
- သက်တန့်ရောင် (ပ၊ ဒု)- ၁၉၄၅ ခုနှစ်
- သမ္မတဟိုချီမင်း အတ္ထုပ္ပတ္တိ- ၁၉၅ဝ ခုနှစ်
- ကောလစ် ကြုံခဲ့ရတဲ့ မြန်မာပြည်- ၁၉၆ဝ ခုနှစ်
- ဆိုရှယ်လစ် တိုင်းပြည်များသို့- ၁၉၆၃ ခုနှစ်
- အလှပြုပြင်နည်း- ၁၉၆၃ ခုနှစ်
- ပြည်သူချစ်သော အနုပညာရှင်များ- ၁၉၆၄ ခုနှစ် (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ပထမဆုရ)
- အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး- ၁၉၆၇ ခုနှစ်
- ရွှေရိုးဘကလေး (ပ၊ ဒု)- ၁၉၆၉ ခုနှစ်
- ရွှေမန်းတင်မောင်- ၁၉၇ဝ ခုနှစ်
- အငြိမ့် (ပ၊ ဒု)- ၁၉၇၃ ခုနှစ်
- ကမ္ဘာ့အကြီးဆုံး စာအုပ် (ဒေါက်တာသန်းထွန်းမှ အင်္ဂလိပ်ဘာသာပြန်)- ၁၉၇၃ ခုနှစ်
- ရွှေဒေါင်းတောင် ဆောင်းပါးများ- ၁၉၇၅ ခုနှစ်
- ဆရာကြီး သခင် ကိုယ်တော်မှိုင်း- ၁၉၇၆ ခုနှစ်
- ချင်းတွင်းမှ ပင်လယ်သို့- ၁၉၈၅ ခုနှစ်
- မြန်မာ့ မဟာဂီတ- ၁၉၈၉ ခုနှစ်
- ဆေးလိပ်နဲ့ လူသား (လူထုဦးလှနှင့် တွဲလျက်)- ၁၉၉ဝ ခုနှစ်
- မန္တလေးသူ မန္တလေးသားများ- ၁၉၉၁ ခုနှစ်
- ရတနာပုံမန္တလေး၊ မန္တလေး ကျွန်မတို့မန္တလေး- ၁၉၉၃ ခုနှစ်
- သာသနာ့တန်ဆောင် ဆရာတော်ကြီးများ- ၁၉၉၄ ခုနှစ်
- ကျွန်မတို့ ငယ်ငယ်က- ၁၉၉၄ ခုနှစ်
- ရွှေဒေါင်းတောင်ဆောင်းပါးများ (ဒေါ်ယဉ်ယဉ်မြ ဂျပန်ဘာသာပြန်)- ၁၉၉၄ ခုနှစ်
- ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းထုတော်- ၁၉၉၆ ခုနှစ်
- အမေ့ရှေးစကား- ၁၉၉၇ ခုနှစ်
- တောင်လေးလုံးမှနတ်ကျွန်းထိ- ၁၉၉၇ ခုနှစ်
- မြန်မာ့ ခေတ်သစ်ပန်းချီ- ၁၉၉၇ ခုနှစ်
- ၈၃ နှစ် ၈၃ ခွန်း လက်ကမ်းစာစောင်- ၁၉၉၈ ခုနှစ်
- တောင်အာရှ ပြတင်းပေါက်များ- ၁၉၉၉ ခုနှစ်
- အမေ့ရှေးစကား ဒုတိယတွဲ- ၂ဝဝဝ ခုနှစ်
- ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့- ၂ဝဝ၁ ခုနှစ်
- ၁၂ ပွဲ ဈေးသည်နှင့် ကျွန်မတို့အညာ- ၂ဝဝ၂ ခုနှစ်
- လွမ်းသူ့စာ- ၂ဝဝ၃ ခုနှစ်
- စာအုပ်ဆိုင်က လူဝင်လူထွက် အတွေးအမြင်ဆောင်းပါးများ- ၂ဝဝ၄ ခုနှစ်
ဘာသာပြန်
- မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (Trails in Burma by Maurice Collis)(ပ၊ ဒု)- ၁၉၃၈ ခုနှစ်
- စန္ဒမာလာ (Sandamala by Maurice Collis) (ပ၊ ဒု)- ၁၉၄ဝ ခုနှစ်
- ဂျုံနှင့် စစ်သား (ပ) (War & Soldier by Ashihei Heno)- ၁၉၄၅ ခုနှစ်
- သက်တန့်ရောင် (ပ၊ ဒု) (The Rainbow by Wande Wasilewska)- ၁၉၄၅ ခုနှစ်
- ကွန်မြူနစ်တရုတ်ပြည် အင်အားပြိုင်ပွဲ (The Challenge of Red China by Ganther Stein)(ပ၊ ဒု)- ၁၉၄၉ ခုနှစ်
- ငြိမ်းချမ်းရေးသို့- ၁၉၅၃ ခုနှစ်
- အိုယန်ကီးတို့- ၁၉၆၃ ခုနှစ်
- ဘဝချင်း မတူသည့် တရုတ်ပြည်- ၁၉၆၃ ခုနှစ်
- ငွေနှင့် လက်နက်- ၁၉၆၃ ခုနှစ်
- တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော် မှတ်မိသမျှ- ၁၉၇၈ ခုနှစ်
- အာဖရိကဝတ္ထုတိုများ- ၁၉၈၉ ခုနှစ်
- ထိုင်း ဝတ္ထုတိုများ (၁)- ၁၉၉၂ ခုနှစ်
- ထိုင်း ဝတ္ထုတိုများ (၂)- ၁၉၉၃ ခုနှစ်
အမှတ်တရ
လူထု ဒေါ်အမာ သေဆုံးပြီးနောက် သူ့အား အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် မေမြို့၊ အိမ်တော်လမ်း၌ အမှတ်တရ ကျောက်စာတိုင်ကို စိုက်ထူထားသည်။
ကိုးကား စာအုပ် စာရင်း
- လူထုအမေ နှစ် ၉ဝ အမှတ်တရ စကားစု စာစုများ (၂၉ နိုဝင်ဘာ ၂ဝဝ၅ ထုတ်)။
- နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) စာတည်း အဖွဲ့မှ စုဆောင်းပြုစုသည်။ (၂ဝဝ၃ ဧပြီလထုတ်)။
No comments:
Post a Comment