ဆားဘီးယားတွင် Gay အခွင့်အရေး စုရုံးချီတက်မှုအတွင်း အဓိကရုဏ်းများဖြစ်ပွား

ဆာဘီးယားနိုင်ငံတွင် ကျင်းပသည့် Gay အခွင့်အရေးအတွက် စုရုံးချီတက်မှုကို တားဆီးနှောင့်ယှက်သည့် လိင်တူဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းအတွင်း ထိခိုက်ဒဏ်ရာရသူ (၁၀၀)ကျော်မျှ ရှိခဲ့ကြောင်း သိရသည်။ ဘဲလ်ဂရိတ်တွင် (၉)နှစ်အတွင်း ပထမဆုံးအကြိမ် Gay အခွင့်အရေးအတွက် စုရုံးချီတက်မှုမှာ (၁)မိုင်မျှပင် လမ်းမလျှောက်လိုက်ရဘဲ ရပ်တံ့သွားခဲ့သည်။

အောက်တိုဘာ (၁၀)ရက်နေ့က ချီတက်ပွဲကို Gayဆန့်ကျင်သူများက ပြင်းပြင်းထန်ထန် တားဆီးနှောင့်ယှက်ခဲ့ရာ ရဲများက ၎င်းတို့အား တားဆီးရန် ကြိုးပမ်းရာမှ အခြေအတင်ဖြစ်ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ပြဿနာ အစပြုလာပြီးနောက် ဆန္ဒပြသူများသည် သမ္မတ ဘော်ရစ်တာဒစ်၏ ဒီမိုကရက်တစ် ပါတီရုံးချုပ်ရှေ့တွင် ရပ်ထားသော ထရပ်ကား (၃)စင်းကို မီးရှို့ပစ်ခဲ့သည်။ ထို့အပြင် မိုလိုတော့ဗ် လက်လုပ်ပုလင်းဗုံးတစ်လုံးကြောင့် ပါတီရုံးချုပ် အဆောက်အအုံ၏ အစိတ်အပိုင်းအချို့လည်း မီးလောင်ခဲ့သည်။

လမ်းပေါ်တွင် ဖြစ်ပွားသော ပဋိပက္ခအတွင်း ရဲ(၈၅)ဦး၊ ဒါဇင်နှင့်ချီသော အရပ်သားများ ဒဏ်ရာရခဲ့ပြီး လူပေါင်း(၆၀)ကျော်ကို ဖမ်းဆီးထားလိုက်ရကြောင်း ပြည်ထဲရေးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဆူဇန်နာ ဗက်လ်စတီလ်ဂျီဗစ်က ပြောကြားခဲ့သည်။ “ဒီလို မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ခဲ့တဲ့ ပြဿနာဟာ Gayတွေ စုရုံးလမ်းလျှောက်မှုနဲ့ တိုက်ရိုက်ပတ်သက်နေတာပါ။ ဒါပေမယ့် အဲဒီလောက် အမုန်းတရား ကြီးကြီးမားမား ဆန့်ကျင်မယ်လို့ မမျှော်လင့်ခဲ့ဘူး”ဟု ကာကွယ်ရေးဝန်ကြီး ဒရာဂန် ဆူတာနိုဗက်က ဘဲလ်ဂရိတ် ရုပ်မြင်သံကြား Studio Bသို့ ပြောဆိုသွားသည်။

Studio Bသည် ဘဲလ်ဂရိတ်မြို့တော် လမ်းမများပေါ်တွင် ရဲများပြေးလွှား အလုပ်ရှုပ်နေပုံ၊ ရာနှင့်ချီသော Gayနှင့် Gayအခွင့်အရေး လှုပ်ရှားသူများအား ထောင်နှင့်ချီသည့် ဆန္ဒပြသူများ အန္တရာယ် မပေးနိုင်အောင် အသည်းအသန် ကာကွယ်နေရပုံများကို ရိုက်ကူးပြသခဲ့သည်။ (၂၀၀၁)ခုနှစ်နောက်ပိုင်း ပထမဆုံး လမ်းပေါ်ထွက်လာသည့် Gayအခွင့်အရေး ချီတက်မှုသည် အလဲအကွဲဖြင့် ပြီးဆုံးသွားသော်လည်း Gayအခွင့်အရေး တောင်းဆိုသူများက နောက်တစ်ကြိမ် လမ်းလျှောက်ချီတက်ရန် စီစဉ်နေကြောင်း သိရသည်။ Studio B၏ အဆိုအရ “မိသားစုတန်ဖိုးကို ကာကွယ်သူများ”ဟု ကြွေးကြော်ကာ လူပေါင်း(၂၀၀၀)ကျော်တို့သည် ချီတက်ပွဲကို တားဆီးခဲ့ခြင်းဖြစ်သည်။ ဆာဘီးယား အော်သာဒေါ့စ် ခရစ်ယာန်ကျောင်းတော်နှင့် ဆာဘီးယား နိုင်ငံသား (၅၀)ရာခိုင်နှုန်းကျော်တို့မှာ လိင်တူချင်း ဆက်ဆံခွင့်ကို တားဆီးရှုတ်ချကြောင်း ဆန္ဒပြုခဲ့သည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။  
Source: bloomberg
တဆင့်= Planet News  

No comments: