Child education
cnclegyi
ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းစနေစအရွယ် ဆရာတွေစာသင်ကြားမှု ကိုယ် မှတ်မိသမျှပေါ့လေ စာမရရင်အရိုက်ခံရမယ်၊ ထိုင်ထလုပ်ရမယ်၊ ဒူးထောက်ထိုင်ရမယ်၊ ခုံပေါ်ထမတ်တပ်ရပ်ရမယ်၊ တန်းအပြင်ထွက် စာအုပ်ကိုင်စာကျက်ရမယ်၊ ဆရာတွေက ဒီလိုလုပ်ခိုင်းလို့လဲ ဘယ်မိဘကမှဆရာတွေကို စောဒကတက်တယ်လို့မကြားဖူးဘူး ရိုက်တာ ကိုတောင် ကျေးဇူးတင်နေကြတာပါ၊ ဒီလိုနဲ့တတန်းပြီး တတန်းပြီးလာခဲ့တာပါဘဲ တနေ့က မိတ်ဆွေတယောက်နဲ့တွေ့မိပါတယ်၊ အဲဒီတော့မှ ကိုယ်ဘယ်လောက်လောကကြီးနဲ့ အဆက် ပြတ်နေတယ်ဆိုတာ သိလိုက်ပါတယ်။
သူကပြောတယ်၊ အခုပြင်ပကျောင်းတွေမှာ ဆရာလုပ်ရတာမလွယ်ကြောင်း၊ သူတို့ကျောင်းမှာ ကျောင်းသားကလေးတယောက် စာသင်ချိန်အိပ်နေလို့ ဆရာမက ကျောကိုပေတံနဲ့ နဲနဲရိုက်ပြီး နှိုးတာပေါ့။ အဲဒါ ကျောင်းသားကလေးရဲ့ အိမ်ကလိုက်လာပြီး ဆရာမကိုပြဿနာလာရှာပါလေရော။ ဆရာမကိုကျောင်းထုတ်ပေးရမယ်လို့ ကျောင်းအုပ်ကို ပြောပါလေရော၊ ကျောင်းအုပ်ကလဲတောင်းပန်တာပေါ့ ဆရာမကိုလဲ တောင်းပန်ခိုင်းပါမယ်ပေါ့ ဒါပေမဲ့ကျောင်းသားကလေးရဲ့အိမ်က လုံးဝလက်မခံပါဘူး။ ဆရာမကိုကျောင်းမထုတ်ရင် သူတို့ကလေးကိုကျောင်းထုတ်မယ်ဆိုပြီး၊ နောက်ဆုံး ကျောင်းထုတ်သွားပါလေရော၊ ကျွန်တော်က ဟ… အဲလောက်တောင်ဘဲလားဆိုတော့ ဒါဘာဟုတ်သေးလဲတဲ့၊ အခုနိုင်ငံခြား မှာ ကိုယ်ပိုင်ကျောင်းတွေဘယ်လိုသင်နေတယ်ဆိုတာ သိသလားလို့မေး ပါလေရော။ မသိဘူးဆိုတော့ပြောပြမယ်ဆိုပြီး သူပြောတာကဒီလို ဆရာစာသင်နေချိန် ကျောင်းခန်းထဲမှာ ကျောင်းသားကလေးတယောက် အိပ်နေတယ်ဆိုပါတော့ ဆရာကလဲတွေ့လိုက်ပြီ၊ ဘာလုပ် မလဲ ခုနကလိုကျောကို ပေတံနဲ့သွားပုတ်လို့ တော့အဲဒီဆရာတော့အလုပ်ပြုတ်ပြီဘဲ။
ဆရာကပြန်စဉ်းစာရတယ် ငါစာသင်တာဘာလို့နေလို့ ကျောင်းသားကအိပ်နေတာလဲ စာနားမလည်လို့လား၊ စာမလိုက်နိုင်လို့လား၊ ငါအသင်အပြမကောင်းလို့လား လားပေါင်းများစွာ တွေ့ရပါတယ်တဲ့။ ကျောင်းသားကလေးအိပ်နေတာကို ဖြေရှင်းပုံကဒီလိုပါတဲ့ ပထမ စာသင်တာကိုရပ်လိုက်ပါတယ်၊ နောက်အတန်းက ကလေးတွေကို သီချင်းဆိုရအောင်ဆိုပြီး သီချင်းဆိုလိုက်ပါတယ်၊ သီချင်းဆိုတာတောင် ပထမအသံတိုးတိုးနဲ့ဆိုရပါတယ်တဲ့ နောက်မှ လက်ခုပ်တီးပြီး တဖြည်းဖြည်းအဆိုမြှင့်လိုက်တော့ အိပ်နေတဲ့ကလေးက နိုးပြီးသူလဲလိုက်ဆို လာရော၊ အိပ်ချင်လဲပြေသွာရော၊ ဒီတော့မှ စာဆက်သင်ရပါတယ်တဲ့ ဟ… အဲလိုကြီးလား ဆိုတော့…၊ ဒါနမူနာဘဲရှိသေးတယ်ဆိုတော့ ထပ်မမေးရဲတော့ဘူး။
အခုငွေခေတ်ကြီးမှာ ကိုယ်ပိုင်ကျောင်းတွေရဲ့ သင်ကြားရေးကအဲလို ပြောင်းလဲလာ တာပါ။ ကျွန်တော်တို့ငယ်ငယ်ကလဲ ကိုယ်ပိုင်ကျောင်းတွေ နဲနဲမှီပါတယ် အခုကြားပုံနဲ့တော့ အကွာကြီးကွာ သွားပါပြီ။ ကလေးတွေကို မင်းတုန်းမင်းနဲ့ ငါးခြောက်ပြားအကြောင်း ပြောပြ ရင်တောင် ဘာပြန်ပြောကြမယ်မသိ။ ခေတ်ကြီးကောင်းလာတာလား၊ ဆုတ်ယုတ်လာ တာလား၊ ကျွန်တော်တို့ခေတ်ကဆရာတွေကို အခုလူငယ်လေးတွေ ပြန်ဖြစ်ပြီးဆရာပြန် လုပ်ခိုင်းပြီး စာပြန်သင်ခိုင်းလိုက်ရ ရင်ဘာများပြောမလဲလို့သိချင်လိုက်ပါဘိ။
No comments:
Post a Comment