ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ် ထွက်ခဲ့တယ်ဗျာ။ သယံဇာတတွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန် ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာတွေ၊ စိန်ခဲတွေ၊ မြခဲတွေ ထိန်ထိန်ကျဲ ခဲ့တယ်ဗျာ။ တခြား ပြောပြစရာ လက်ညှိုးထိုး ပြစရာ ထွက်ကုန်တွေကလည်း အမှန်တကယ် အောတိုက်အောင် ပေါလိုက်တာဗျာ။
ဒါဖြင့် ဘယ်လိုကနေ ဘယ်လို၊ မြန်မာ့ စီးပွားရေး ခွေးကတတ်ရောက် သွားရတာလဲ။ အံ့ရောဗျာ … အံ့ရော။ အဲဒါပဲ ပြောတတ်တော့တယ်။ ကျိုင့်ကြောင်းထိုက် လူတိုင်း စိတ်ကြိုက်တွေ့အောင်တော့ ပြောမပြတတ်တော့ဘူး။
ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေ၊ ၀င်လိုက်ကြ ထွက်လိုက်ကြ လာလိုက်ကြ သွားလိုက်ကြ တ၀ုန်းဝုန်းပေါ့။ တသဲသဲပေါ့။ ပညာရှင် စကားတွေ ပါးစပ် အမြှုပ်တဖွားဖွား သီးအောင် ပြောကြ ဖော ကြ နည်းပေးကြ လမ်းပြကြပေါ့။ ဘာပြောကောင်းမလဲ။ နိုင်ငံတော် စီးပွားရေး အောင်တော့မယ်။ ချမ်းတော့မယ်။ စိမ်းတော့မယ်။ လန်းတော့မယ်။ စိုတော့မယ်။ ရွှဲတော့မယ်ပေါ့။ ထင်တလုံးနဲ့ ရွှင်ပြုံးလိုက်ကြတာ။
အောင်မလေးဗျ။ ငယ်သံပါအောင် ဟစ်ကြ၊ ငိုကြ၊ ညည်းကြပေတော့။ ယိုတယ်ဗျို့။ ဆင်းရဲတဲ့ လူထု အိပ်ခန်းတွေ၊ ခေါင်မလုံလို့ မိုးရေ တောက်တောက်ယို ၊ ရွှဲရွှဲစို ကုန်ကြရတယ်လေ။ ထမင်းငတ်သူတွေ၊ ဒူးနဲ့ မျက်ရည် သုတ်နေကြရတဲ့ သူတွေ ၊ ရွှဲရွဲစို ငိုကြီးချက်မ ဘ၀ မလှ ဖြစ်နေကြရတယ်လေ။
ဒါတွေ ထားပါတော့လေ။ တိုင်းသိ ပြည်သိ သူသိ ငါသိ ကမ္ဘာသိ သမိုင်းထဲက ဖြစ်ရပ်ဆိုးတွေကို အသာထား လိုက်ပါဦး။ အသာမထားနိုင်ဘဲ ၊ ကမ္ဘာကြားအောင် တအားကျုံးအော်ပြီး ပညာရှင် ပဂေး တို့ကို မေးခွန်းထုတ်ရမယ့် ကိစ္စက ရှိသေးသဗျ။
အဲဒီ မေးခွန်းက၊ စစ်အာဏာရှင်တွေ၊ ကျိကျိတက် ‘ထော လာတာ သိတယ်နော်။ အဲ.. တိုင်းသူ ပြည်သား လူအများကတော့ ဖွတ်ကျော ပြာစု ခရု အဆန်ကျွတ် ဖြစ်ကြရတာလည်း သိတယ်နော်။
နောက်တခု ဆက်မေးရမယ့် မေးခွန်း ရှိသေးတယ်။ ကဲ ဟုတ်ပါပြီ။ ဒါဖြင့် ဒီ ဇွတ်ထောနဲ့ ဖွတ်ကျော ဇာတ်လမ်း မှာ ဗီလိန် ( လူကြမ်း လူဆိုး လူညစ်) က ဘယ်သူလဲ။
ဒီနေရာမှာ ကျုပ်ပြောချင်တဲ့ ဇာတ်လမ်းက စပြီ။ ဒေါက်ခနဲ ကောက်ကာ ငင်ကာ ပြောရရင် ဗီလိန်က ခရိုနီ တွေပေါ့ဗျာ။။ ဂျာနယ်တစောင်က၊ ခရိုနီကို ၊ အစိုးရနဲ့ နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်လို့ စေတနာ ဗရပွနဲ့ လှလှကလေး ဘာသာ ပြန်သေးသဗျ။ ကျုပ်က စေတနာတော့ ရှိပါရဲ့။ လှလှလေး ဘာသာ မပြန်တတ်လို့ ငမြွေထိုးခေါင်း ပိသာလေးနဲ့ ထုသလိုလို အာဏာ ကပ်ပါးစီးပွားရေး ဓါးပြများ လို့ တဲ့တိုးကြီး ကင်ပွန်း တပ်လိုက်ရတယ်ဗျာ။
အဲဒီ ဓါးပြတွေဟာ ဘယ်သူတွေလဲ ဆိုတာ အားလုံး သိကြပါတယ်နော်။ သိရင်လည်း ပြီးရော။ ကျုပ်က သူတို့အကြောင်း ပြောချင်တာ မဟုတ်ဘူး။ ပြောနေလည်း ဘာမှ မထူးပါဘူး။ အာဏာ ကပ်ပါး စီးပွါးရေး ဓါးပြ ဆိုတဲ့အတိုင်း လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။ လယ်သမားတွေရဲ့ စိုက်မြေ- ပျိုးမြေတွေ အဓမ္မ သိမ်းတယ်ဗျာ။ မြေလျှိုး မိုးပျံ လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။ စက်လုပ်ငန်းကြီးတွေ တိုက်လုပ်ငန်းကြီးတွေ ဘဏ်လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။
အဲဒီ လုပ်ငန်းရှင်ကြီးတွေက၊ သူတို့ကို မွေးစား ခိုင်းစားတဲ့ အာဏာရှင်ကြီးတွေထက်တောင် ချမ်းသာ ကြွယ်ဝ ဘောဂ သူဌေးကြီးတွေ ဖြစ်ကြတယ်။
ဒီနေ့ ပြည်သူတွေက အသံကုန်ဖြဲပြီး၊ အသံကွဲကြီးတွေနဲ့ အော်လာကြပြီ။ လက်ဝါးကြီးအုပ်တာတွေ မလိုချင်။ စီးပွားရေး ဓါးပြတွေ လက်ရှောင်။ အာဏာကပ်ပါးတွေ ဇာတ်သိမ်းကြ။ ပြည်သူလူထုက ဆင်းရဲတွင်း နက်နက်ကြီး ထဲက နစ်နေကြတယ်ဗျ။
ဒီလို ပြည်သူတွေ ဖွတ်ကျော ပြာစုတွေရဲ့ အော်သံ ဟစ်သံတွေ အကြားမှာ အာဏာရှင် ကပ်ပါး စီးပွားရေး ဓါးပြတွေကို အောင်နိမိတ်နဲ့ အောင်ဘိသိတ်သွန်းတဲ့ အသံဆိုးကြီး တသံ ၀န်ကြီး ဌါန တခု ရဲ့ ဆွေးနွေးပွဲက ပေါ်ထွက်လာတယ်ဗျ။
အဲဒီ ငှက်ဆိုးထိုးသံလို အသံက ဒီလိုတဲ့ဗျာ။
‘ခရိုနီတွေကို ပြန်သုံးရမယ်။ ကောင်းတဲ့ နေရာမှာ ပြန်အသုံးချလို့ ရတယ်။ မဟုတ်ရင် သူတို့ အပြင်ထွက်သွားကြမယ်။ အကုန်ပါသွားမှာ။ တိုင်းပြည်အတွက် လုပ်ချင်တဲ့သူတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတဲ့အခါ ဒေါ်စုလည်း ဒီဟာကို သဘောတူတယ်’ တဲ့။
ဟုတ်လား။ ဒေါ်စုက သဘောတူ တယ်တဲ့လား။ ဟား ဟား ဟား။ ကျုပ်ကတော့ ဒီလို တောရမ်းပယ်ဖွဲ့ စကားမျိုး ချောကလက် အတောင့်လိုက် စားပြီး ပြောတောင် မယုံရေးချ မယုံဗျ။
အကုန်ပါသွားမှာ… တဲ့လား။ ကုန်စမ်းပါစေဗျာ။ ကျုပ် လူပြိန်းစကားပဲ ပြောမယ်။ တိုင်းပြည်ကြီး အာဏာ ကပ်ပါးတွေ စီးပွားရေး ဓါးပြတိုက်လို့ တာတေလံအောင် မွဲပြာကျနေပြီဗျ။ သူတို့ တိုက်ရာပါ ဥစ္စာ ခိုးရာပါ ပစ္စည်းတွေကို၊ ခါးပိုက်နှိုက် အလစ်သုတ် သလို၊ ကဲ့ထုတ် သွားကုန်မှာ စိုးသတဲ့လား။ မပူပါနဲ့။ ငကန်းသေ ငစွေ မပေါ်အောင်သာ ဆုတောင်းပါလေ။ ဒီလို ပြည်သူ့ ဘဏ္ဍာကို မဟာသူခိုး ဓါးပြတွေ ကူးတို့ခ သယ်သလို ပြည်ပ သယ်သွားကြတာ၊ အာဏာရှင် နိုင်ငံတွေမှာ ဗြောင်းဆန်အောင် ပေါများ ခဲ့တယ်ဗျ။ သမိုင်းခေတ်တွေ သက္ကရာဇ် နှစ်တွေနဲ့ချီလို့တောင် ကြာတောင်း ကြာလှခဲ့ ပြီဗျ။ ဖိလစ်ပိုင် ကြည့်မလား ဗီယက်နာမ် ကြည့်မလား အင်ဒိုနီးရှား ကြည့်မလား အရှေ့အလယ်ပိုင်း ကြည့်မလား တောင်အမေရိကား နိုင်ငံတွေ ကြည့်မလား၊ အာဖရိက နိုင်ငံတွေ ကြည့်မလား။
အာဏာ ကပ်ပါး ခရိုနီ စီးပွားရေး ဓါးပြများနဲ့ ပတ်သတ်လို့၊ စီးပွားရေး ပညာရှင် ဦးဟန်ထွန်း ( အခွန်) ပြောတဲ့ စကားက မှတ်သားစရာ ကောင်းတယ်။ ဦးဟန်ထွန်း က….
‘ပြီးခဲ့တဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် ခရိုနီတွေက၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ပေါ်ပေါက် လာအောင် ဖန်တီးပေးခဲ့တာ နည်းတယ်။ ကုန်ထုတ်လုပ်ငန်း တွေကို ထိထိရောက်ရောက် လုပ်ခဲ့တာ နည်းတယ်။ အမြတ်အစွန်း လွယ်လွယ်ကူကူ ရမယ့် အလုပ်တွေကို လုပ်နေတာ များတယ်။
ဦးဟန်ထွန်း ဆက်ပြောခဲ့တဲ့ စကားကို နားထောင်ကြည့်ပါ။ ‘ဆင်းရဲသား လုပ်သား ပြည်သူ ကောင်းကျိုး အတွက် သူတို့ ဘာတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစားစေချင်တယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မူ အထောက်အကူ ပြုစေရန် ဘာလုပ်ငန်းတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစား သင့်တယ်။
မဆုံးသေးဘူး။ ဆက်ပြောသေးတယ်။
‘အရင်တုန်းက အတိုင်းပဲ။ အာဏာပိုင် ပုဂ္ဂလိကတွေနဲ့ နှီးနွယ်တဲ့ စီးပွားရေး လုပ်ငန်း မျိုး အခွင့်အရေး တွေ ယူပြီးတော့ မိုနိုပိုလီ (လက်ဝါးကြီးအုပ်) အလုပ်မျိုး ကိုတော့ ခွင့်မပြုသင့်တော့ပါဘူးတဲ့။
ကိုင်း…. ကိုင်း တော်လောက်ပါပြီ။
ခရိုနီတွေလို သူခိုးလမ်းပြ၊ ဓါးပြ လက်ထောက်ချ လုပ်နေတဲ့ ဂုရုကြီးကို မကြားတကြား ပြောချင်တဲ့ စကားကတော့ ‘ခရိုနီတွေ အပြင် ( ပြည်ပ ) ထွက်ကုန်ရင် ခင်ဗျားကြီးပါ နောက်တော်ပါးက၊ အခစါး လိုက်သွားဗျာ။ သူခိုးတွေရဲ့ စီးပွားရေး အကြံပေး အရာရှိသာ လုပ်စားဗျာ….’
သြော် မေ့လို့..မေ့လို့..။
စာကြွင်း စကားကြွင်းလေး ဆက်ပါရစေဦး။
အဲဒီ ငှက်ဆိုးထိုးသံ ကြီးကို တိုင်းသိ ပြည်သိ ပြောပေါ်မှာ ရွှေ….. ရွှေ…. ရွှေ…. ( စကားထစ်နေတာ ခွင့်လွှတ်ပါဗျာ ) ကြော်ငြာ ထုတ်သူက… သာမင်ညောင်ည ချောင်ကြားက မောင်ဖား တဲ့လား။ မဟုတ်ဘူးဗျ။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌတဲ့… ဗျ။
ဦးဝင်းတင်
No comments:
Post a Comment