ဒကာစိန် ဂနာငြိမ်စေဖို့


ဒကာစိန် ကျန်းမာစေကြောင်း ဘုန်းကြီး ဆုတောင်းလိုက်ပါတယ်။ ဒီစာဟာ ဒကာစိန့် ဆီကိုရေးတဲ့ ဘုန်းကြီး ရဲ့ ဒုတိယစာပါ။ ယခင်ကလည်း တကြိမ် ဒကာစိန့်မိန့်ခွန်းနဲ့ ပတ်သက်ပြီး  ဘုန်းကြီးရဲ့သဘော ရေးခဲ့ပါသေး တယ်။ ဒကာစိန်အလုပ်တွေများမှန်း ဘုန်းကြီးကောင်းကောင်းသိပါတယ်။ သမ္မတ လုပ်ရတာ မလွယ်မှန်း လည်း ဒကာစိန်သိလောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ဒကာစိန်ရဲ့။ အထက်က ပေးတဲ့ တာဝန်မို့ ကျေပွန်အောင် လုပ်ရမယ်ဆိုတဲ့ စစ်တပ်ရဲ့သဘောကိုလည်း ဘုန်းကြီးနားလည်ပါတယ်။ လူကြား ကောင်းအောင် ပြည်သူကရွေးချယ်လို့ သမ္မတလုပ်ရတာပါဆိုပြီး ပြောနေရတာကိုလည်း သဘောပေါက်ပါ တယ်။

ဒကာစိန်နဲ့ ဒကာမကြီးဒေါ်စုတို့ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ ချိတ်ထားတဲ့ အခန်းမှာ တွေ့ခဲ့ကြစဉ်ကတည်းက ဘုန်းကြီးက စာရေးမလို့ပါပဲ။ ဒါပေမဲ့တွေ့ပြီး ဘာတွေပြောကြမှန်း မသိရတာနဲ့ ဘုန်းကြီးလည်း ဘာရေးရမှန်း
မသိခဲ့ဘူး။ အခုတော့ ရေးစရာပေါ်လို့ ရေးလိုက်ပြီ။

ဒကာစိန်ရဲ့ စွန့်စားခန်းတွေကို ဘုန်းကြီးတို့က အမြဲစောင့်ကြည့်နေတာပါ။ မြစ်ဆုံအရေးမှာ ဒကာစိန် ရွှေ့ခဲ့ တဲ့ အကွက်ကတော့ ပရိတ်သတ်အကြိုက် အကွက်ပဲ။ တရုတ်ဆိုတာက ဒကာစိန်တို့ရဲ့ မိတ်ဆွေရင်းတွေမို့ အချိန်မရွေး ကျောသပ်ပြီး ညှိလို့ရမှန်း ဘုန်းကြီး သဘောပေါက်ပါတယ်။

အခု ဘုန်းကြီးတို့ စောင့်ကြည့်နေတာက အမေရိကန်နဲ့ တရုတ်အကြား ဒကာစိန် ဘယ်လို ကစားမလဲ ဆို တာပဲ။ ဧရာဝတီကို ဘုန်းကြီးတို့တင် ချစ်တာမဟုတ်ဘူး။ အမေရိကန်ကလည်း ချစ်တဲ့အကြောင်း မသိမသာ ပြခဲ့တာ အားလုံးမြင်ခဲ့ရပြီ။ အမေရိကန်က တကမ္ဘာလုံးကို ချစ်နေတာ။ သူက ဒကာစိန်တို့ အစိုးရကို အရင် စစ်အစိုရလို တရုတ်စော်မနံ စေချင်ဘူး။ သူနဲ့တရုတ်က ပြိုင်ဘက်တွေ ဖြစ်လာပြီ မဟုတ်လား။

တရုတ်က အိမ်နီးချင်းဆိုတော့ သူနဲ့ပါးပါးနပ်နပ် ပေါင်းနိုင်မှ။ ဒီမိုကရေစီသွားမယ်လို့ ဒကာစိန်တို့က ကြေညာ ထားပြီးမှ အမေရိကန်နဲ့ မပြေလည်ရင်လည်း လူရယ်စရာဖြစ်မယ်။ ဘုန်းကြီးတို့ ပြည်သူတွေကလည်း အမေရိကန်ဆို အထင်ကြီးတယ်။ ပြည်သူ့သဘောနဲ့ မကင်းကွာအောင် အမေရိကန်ယိမ်းလေး ကပြဖို့လည်း လိုမယ်။

အာစီယံဥက္ကဌလည်း ဒကာစိန်တို့က သိပ်ဖြစ်ချင်နေတယ်ဆိုတော့ ဒေသတွင်းရော၊ ဒေသအပြင်ရော။ အ ဝေးကွင်း၊ အနီးကွင်း အကုန်လုံး ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်မှ ဖြစ်မယ်။ ဒကာစိန့်ကြည့်ရတာလည်း မရွှင် မပြနဲ့။ ကျန်းမာရေးလည်း သိပ်ကောင်းပုံ မရဘူး။ ငါးနှစ်သက်တမ်းရော ခံပါ့မလား။

အစီအစဉ်အရ ဒကာစိန်က လမ်းခုလပ်မှာ အနားယူဖို့ ရှိနေသလား။ မပြောမဆို ကျန်းမာရေး အကြောင်း ပြပြီး ဒကာစိန် နားလိုက်လိုက်ရင်။ ဒါမှမဟုတ် ခေါက်ကနဲ ဖြစ်သွားရင်။ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန် မယ်။ ဒကာစိန် သတိထား။ ရွှေ့စရာ အကွက်တွေ ကျန်သေးတယ်။ တို့လို့တန်းလန်း မထားခဲ့နဲ့။ နောက် လူက ဘာမှန်း သိရတာ မဟုတ်ဘူး။

လောလောဆယ် မြစ်ဆုံအရေးမှာ ဒကာစိန်က “ပေါက်” နေပြီ။ နာမည် ရနေပြီ။ လူကြိုက်များစ ပြုနေပြီ။ ဒကာစိန်လုပ်တာနဲ့ ဒေါ်စုတို့တောင် မှတ်ပုံတင်မယ့် အသံ တော်တော်ညံနေပြီ။ ဒကာစိန် ခေါ်လို့ဆိုပြီး အိမ်ပြန်လာသူတွေလည်း တဖွဲဖွဲရှိနေပြီ။ ပြန်ချင်လွန်းလို့ မရိုးမရွဖြစ်နေသူတွေလည်း အပြင်မှာ တပုံကြီး။

တကာစိန်ရွှေ့နေတဲ့ အကွက်တွေက မှားတာနဲ့ အစားခံရမယ့် အကွက်တွေဆိုတာ ဘုန်းကြီးတို့ ကောင်း ကောင်း သဘောပေါက်တယ်။ ဒီအချိန်မှာ အရေးကြီးတာက ဒကာစိန် ဂနာငြိမ်နေဖို့ပဲ။ ပြည်သူ့အကျိုးကိုပဲ အာရုံပြု။ ပြည်သူကလွဲလို့ ဘယ်သူကမှ အရေးမကြီးဘူး။ အခုကိုပဲ ပြည်သူ့စကားကို နားထောင်တတ်တဲ့ သမ္မတလို့ အသံထွက်လာပြီ မဟုတ်လား။ တပ်မတော်သာလျှင် အမိခေတ်လည်း မဟုတ်တော့ဘူး။ ပြည်သူကို ဂရုစိုက်ရင် ပြည်သူကလည်း ကိုယ့်ကို ပြန်ပြီး ဂရု စိုက်လိမ့်မယ်။ 

ဒကာစိန် ဂနာငြိမ်ဖို့အရေးလည်း ဘုန်းကြီးတို့ ရောက်ရာအရပ်က ဆုတောင်းပေးနေမယ်။ မြန်မာပြည်သူတွေ လွတ်မြောက် ပျော်ရွှင်မှပဲ ဘုန်းကြီးတို့အတွက် အမျှဝေပေးပါ။ ဒကာစိန် ကျန်းမာပါစေ ။       ။

အရှင်ကောဝိဒ

No comments: