မနေ့က (၂၀၊ ၉၊ ၂၀၁၁) ကြားလိုက်ရတဲ့ သတင်းတပုဒ်ကြောင့် စိတ်လည်းမကောင်း၊ ခံလည်း ခံပြင်းတာကြောင့် ဒီပို့စ်ကို တင်လိုက်ပါတယ်။
ဖြစ်ပုံကဒီလိုပါ၊ မနေ့က ဗန်းမော်က ထွက်လာတဲ့ ခရီးသည်တင် ရှပ်ပြေးရေယာဉ်ဟာ ရွှေကူ၊ ကသာ၊ ထီးချိုင့်တွေ ကျော်လာပြီး မောင်းကုန်းဆိုတဲ့ရွာကို ရောက်ပါတယ်၊ အဲဒီမှာ ရှပ်ပြေးရေယာဉ်ပန်ကာပြုတ်ပြီး ဧရာဝတီမြစ်ထဲက ရေစုတ်တင်နေတဲ့ ရေပိုက်ခေါင်းတခုကို ဝင်တိုက်မိပါတယ်။
ရေပိုက်ခေါင်းကြီးဟာ ဘာမှ အပျက်အဆီး မရှိပေမယ့် ရှပ်ပြေးရေယာဉ်ရဲ့ နံရံတွေကတော့ ပိန့်ရှုံ့သွားပါတယ်၊ အဲဒီ အချိန်မှာ မောင်းကုန်းရွာထဲမှာရှိနေတဲ့ တရုတ်လူမျိုးတွေ အများကြီး ထွက်လာပြီး ရှပ်ပြေးရေယာဉ်ကို ပြသနာရှာပါ တယ်၊ အံ့သြစရာက ပြသနာလာရှာတဲ့ တရုတ်တွေထဲမှာ တရုတ်ရဲ ယူနီဖေါင်းဝတ်ထားတဲ့ သူတွေ လည်း ပါတယ်လို့ ဆိုပါတယ်။
နောက်ဆုံး ရှပ်ပြေးယာဉ်ပေါ် ခရီးသည်အဖြစ်ပါလာတဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိတွေက တရုတ်ခေါင်းဆောင် တွေကို သွားတောင်းပန်မှ ရှပ်ပြေးရေယာဉ်ကို ဆက်လက် ထွက်ခွာခွင့် ပြုပါသတဲ့၊ ဒါနဲ့ ဒီတရုတ်တွေ မြန်မာနိုင်ငံ အလယ်ပိုင်းလောက်အထိ ထုနဲ့ထည်နဲ့ ဘာကြောင့် ရောက်ရှိနေတာလဲလို့ စုံစမ်းတော့ ဒီလိုပါတဲ့။ ကသာခရိုင် ထီးချိုင့် မြို့နယ် မောင်းကုန်းရွာမှာ တရုတ်တွေက သတ္တုရှာဖွေရေးအမည်ခံပြီး ကုမ္ပဏီ လာဖွင့်ပါ သတဲ့။
တရုတ်ပေါင်းများစွာလည်း ပါလာပြီး စက်ရုံဝင်းကြီး တဝင်းတည်ဆောက်ပါတယ်တဲ့၊ စက်ရုံဝင်းကြီး ဘယ်လောက် ကျယ်သလဲဆိုတော့ ရွာခံတွေရဲ့ လယ်မြေတွေကို အကုန်သိမ်းလိုက်တဲ့အထိ ကျယ်ပါသတဲ့။ ဒေသခံ မြန်မာလယ် သမားတွေကို လျှော်ကြေးတဧက ၅ သောင်းပဲပေးပြီး သိမ်းယူပါသတဲ့၊ လယ်သမားတွေက မကျေနပ်လို့ တရုတ် လူကြီးတွေကို သွားတောင်းပန်တော့ (မြန်မာနိုင်ငံရောက်တဲ့ တရုတ်တွေကို မြန်မာစစ်စစ် တွေက အသနား ခံတာနော်။ ရင်နာစရာဘယ်လောက်ကောင်းသလဲ) “ခင်ဗျားတို့က လယ်မြေတွေကို ၅ သောင်းပေးတာတောင် ကျေးဇူးတင်ပါ၊ အစိုးရက လယ်မြေတွေကိုပိုင်တာ ခင်ဗျားတို့လယ်ကို ခင်ဗျားတို့ မပိုင် ဘူး၊ အလကား မသိမ်းတာ တောင် ကျေးဇူးတင်” လို့ ပြန်ပြောတယ်လို့ ရှပ်ပြေးပေါ် ပါလာတဲ့ မောင်းကုန်းရွာက ဒေသခံ လယ်သမားတဦးက ပြောပါတယ်။
ပိုပြီး ရင်နာစရာကောင်းတာက အဲဒီ တရုတ်စက်ရုံဝင်း အတွင်းမှာ မြန်မာနိုင်ငံအရပ်ရပ်က မြန်မာမိန်းက လေး ငယ်ငယ်နုနုလှလှရွရွတွေ အများကြီး အလုပ်လုပ်နေကြတယ်တဲ့၊ ဘာအလုပ်မှန်း မသိပေမယ့် တလကို ၅ သိန်းကနေ ၁၀ သိန်းအထိ ပေးလို့ မန္တလေး ကာရာအိုကေက ကလေးမလေးတွေတောင် စက်ရုံဝင်းထဲ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြတယ်တဲ့၊ ရွာခံတွေအနေနဲ့ တရုတ်တွေရဲ့ အနိုင်ကျင့်မှုတွေလည်း ခံရတယ် တဲ့၊ ဒီတော့ နိုင်ငံနဲ့ လူမျိုးကို အသက်ပေးချစ်တယ်ဆိုတဲ့ လူကြီးမင်းများကို အသနားခံ တောင်းပန်ပါရစေ၊ မြန်မာလူထုရဲ့ ဒီဒုက္ခတွေကို ကယ်တင်ပေးကြပါဦးလို့...။
မန္တလေးဂေဇက်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment