မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မူဝါဒများကို ရှင်းပြပြီးတဲ့အခါ သမ္မတ ထိပ်ပြောင်သိန်းစိန် ဘယ်လို ဖြီးဖြန်းလေလုံးထွားမလဲ ဆိုတာကို ပျင်းရိစွာ စောင့်စားခဲ့နေကြတယ်၊ တချို့တော့ မြန်မာ့နိုင်ငံရေးကို ဒီမိုကရေစီ စံချိန်စံညွန်းထဲက တခုခုနဲ့ နီးစပ်ကောင်းပါရဲ့လို့ စောင့်စားနေကြပါတယ်။
ဘာဖြစ်ဖြစ် ထိပ်ပြောင်သိန်းစိန် ဘာပြောပြော နအဖခေတ်ကအတိုင်း ရှေ့မှာ ချထားတဲ့ ပြဋ္ဌာန်းစာရွတ်ကို မပီမသ ပြောဆိုနေဆဲပါပဲ။ ဒါကို (စစ်အာဏာရှင်များ မိန့်ခွန်းပြောသည်ဟု အမှတ်သညာပြုကြ၏) ဒါကြောင့် သင်္ကြန် ရုံးပိတ်ရက်အလွန် ကာလများကစပြီး မေလတတိတယပတ် အထိ ကာလမှ ဘာတွေ ဖြစ်လာသလဲ၊ ဘာတွေ ပြောင်းလဲလာသလဲ၊ ဘာတွေ တိုးတက်လာသလဲ။ မကြည့်ချင် ကြည့်ချင် ကြည့်ရအောင်။
ဆင်းရဲနွမ်းပါးမှု လျော့ကျရေး
ထိတ်ပြောင်သိန်းစိန် ဖြီးလုံးဖြန်လုံးထဲမှာ ဈေးကွက် (ဇီးကွက်ကို မှားဖတ်ဟန်တူပါသည်) စီးပွားရေးစနစ်ကို ထူထောင်ရာမှာ ပိုနေမြဲ ကြားနေမြဲ မြို့ပြနဲ့ ကျေးလက် လူနေမှုအဆင့် လျှော့ချရေးတွေကို စဉ်းစာပါအုံးမယ်လို့ ဆိုပါတယ်၊ စဉ်းစားပြီးရင်တော့ ကျေးလက်လူထုများ လုပ်အားပေး လိုက်ပါကြဖို့ အဆင်သင့်ပြင်ထားရန်ပါ ပြောဆိုသွားပါတယ်။ ထိတ်ပြောင်ကြီး ပြောတဲ့ စကားတွေမှာ တန်းတူညီမျှရေးဆိုတာ ဘယ်သောအခါမှ တွေ့ရမှာမဟုတ်ပါဘူး။
နဝတ/ နအဖကစပြီး အခု ကြံဖွတ်ခေတ်အထိ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အဓိပ္ပါယ်ဟာ ကိုယ့်အားကိုယ်ကိုးလို့ အဓိပ္ပါယ်ထွက်ပါတယ်၊ လုပ်ဆောင်ချက်ဟာ ကိုယ့်အားကိုယ်ကိုး လမ်းဖောက်၊ လမ်းခင်း၊ ကိုယ့်အားကိုယ်ကို စာကြည့်တိုက်ဖွင့်၊ ကိုယ့်အားကိုယ်ကိုး လျှပ်စပ်မီးရအောင် လုပ်ရတဲ့ စီမံကိန်းသာဖြစ်ပါတယ်။
ပညာရေး
ပညာရေးနဲ့ ပတ်သက်ပြီး ထိတ်ပြောင်သိန်းစိန်က တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ ဆရာဆရာမများရဲ့ ကျူရှင်နဲ့ အကျင့်ပျက်မှုကို မြှင့်တင် ဆောင်ရွက်သွားမယ်လို့လဲ ဆိုပါတယ်၊ ထို့ပြင် ပညာတော်သင်ဆုတွေကိုလည်း လက်သင့်ရာ လွမ်းသင့်ရာတို့ကို ပေးအပ်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။
ထိုနောက် နိုင်ငံတော် စစ်ရေး၊ ကာကွယ်ရေး ဘဏ္ဍာငွေ မလုံလောက်တာကြောင့် နိုင်ငံတော်ရန်ပုံငွေ တိုးပွားရရှိစေဖို့ မူကြိုကစပြီး အခပေးရမယ်လို့ ပြောဆိုသွားပါတယ်။ တဖန် ပညာရေး မြှင့်တင်ရေး ကဏ္ဍတခုအနေနဲ့ အိမ်သာသုံးစက္ကူနဲ့ ကျောင်းသုံးစာအုပ်များကို ထုတ်ဝေသွားဖို့ စီစဉ်ထားကြောင်းလည်း ပြောဆိုသွားပါတယ်။ ထိုကျောင်းသုံးစာအုပ်များကို ဆရာ/ ဆရာမများထံသို့ ရောင်းချပြီး ကျောင်းသားကျောင်းများသို့ ပြန်လည်ရောင်းချ ပွားစည်းရန်လည်း ပြောကြားသွားပါတယ်။
၁။ မူလတန်းပညာ မသင်မနေရ စနစ် အကောင်အထည် ဖော်မယ်။ (မူလတန်းမျှသာ)
၂။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည်သူ့နီတိတွေ သင်ရမယ်။ (အာဏာရှင်များ သစ်ခိုးမှု အဆင်ပြေစေရန်၊ စိတ်တော်သိ ဗောင်းတော်ညိတ် နီတိကို ဆိုလိုသည်)
၃။ နိုင်ငံတကာ ဆက်ဆံရေး ဗဟုဿုတတွေကိုလည်း သင်ပေးမယ်။ (လိမ်နည်း၊ ဖြီးနည်း၊ ဖြန်းနည်း၊ မျက်လှည့်ပညာတမျိုး)
၎။ ကျောင်းတွေမှာ စာကြည့်တိုက်၊ အားကစားကွင်းများ ရှိရမယ်။ (ကျွန်ဝါဒဖြန့်ဝေရန်နှင့် စစ်သင်တန်းပေးရန် ကွင်းများကို ရည်ညွှန်းသည်)
၅။ ပြည်တွင်း၊ ပြည်ပ ပညာသင်ဆုများ ပေးသွားမယ်။ (လက်သင့်ရာ၊ လွမ်းသင့်ရာ လူတစုကိုသာ)
မီဒီယာကဏ္ဍ
မီဒီယာကဏ္ဍနဲ့ ပတ်သက်ရင်တော့ မညီတဲ့ မီဒီယာ ဥပဒေတွေကို ပြင်မယ်လို့ သတိပေးသွားပါတယ်။ ဒါပေမယ့် အခုချိန်ထိ တချို့ဂျာနယ်၊ မဂ္ဂဇင်းတချို့က မြန်မာ့အလင်းနဲ့ ကြေးမုံစံချိန် မမှီသေးကြောင်း အသိပေးသွားပါတယ်။
ဒီအခြေအနေတွေကို ကြည့်လိုက်ရင် အရင်တိုင်း ထူးလည်းမထူး ခြားနားချက်လည်း မရှိဘူးတာ တွေ့နိုင်ပါတယ်။ အစိုးရဖွဲ့တဖွဲ့လုံး ဒီလို ဟန်ချက်ညီညီ ဖြီးဖြန်း လိမ်ညာနေသရွေ့တော့ ပြည်သူတွေဟာ ဆက်လက် စစ်ကျွန်ပြုမှု ခံနေရဦးမယ်ဆိုတာ မမေ့သင့်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ တိုက်ယူမှကို ရပါတယ်။
ဖိုးပါ (လှောင်ပြောင်သည်)
No comments:
Post a Comment