သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗမာပြည်သူ ဘာမှမဆိုင်

ကျုပ်တို့နိုင်ငံမှာ ရေပေါ်ရေအောက် သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတာကို ဗမာနိုင်ငံသားတိုင်း သိကြပါတယ်။ ငါတို့ နိုင်ငံမှာ သယံဇာတတွေ သုံးမကုန်နိုင် ဖြုန်း မကုန်နိုင်အောင် ပေါများတယ်လို့ ဂုဏ်ယူကြွားဝါ ဟစ်ကြွေးခဲ့ကြပါတယ်။ ဒီလို ပေါများတဲ့ သယံဇာတတွေ ခန်းခြောက်မသွားအောင်၊ ပေါသထက် ပေါလာအောင် သဘာဝပတ်ဝန်းကျင် ကြီးကို ထိန်းသိမ်းရမယ်၊ စောင့်ရှောက် ရမယ်လို့လည်း အကြံအဉာဏ်တွေ ပေးကြပါတယ်။ အချင်းချင်း လက်တို့ပြီး အသိပေးကြပါတယ်။ တတ်အားသရွေ့ လုပ်နိုင်သလောက်လည်း လုပ်ကြပါတယ်။

ဘာသယံဇာတတွေ ပေါပါသလဲ။ ဒီလောက်ပေါတဲ့ သယံဇာတတွေက ဘာတွေလဲ။ ပေါတာကမှ အများကြီး၊ သုံးလို့မကုန်၊ ဖြုန်းလို့မကုန် ပေါများလှပါတယ်။ သယံဇာတတွေက လည်း အမျိုးမျိုးပါပဲ၊ တကယ့်တန်ဘိုးကြီးတွေပါ။ နိုင်ငံတဝှန်းလုံးမှာ ရေနံဆီ အမြောက်အများ ထွက်တယ်၊ သဘာဝဓာတ်ငွေ့တွေ၊ ကျွန်းစတဲ့ သစ်ကောင်းဝါးကောင်းတွေ၊ ကျောက်သံ ပတ္တမြား၊ နီလာ၊ ရွှေ၊ ပုလဲ၊ ခဲ၊ ဒန်၊ သတ္တု၊ ဖြိုက်နက်တွေစတဲ့ ရတနာသိုက်ကြီးတွေကလဲ နိုင်ငံအနှံ့အပြားမှာ ရှိနေပါတယ်။ အမျိုးကောင်း၊ ဈေးကောင်းတဲ့ အသားငါး ပုစွန်တွေ၊ ရော်ဘာ၊ ဆီအုန်းစတဲ့ တကမ္ဘာလုံး သုံးစွဲတဲ့ ကုန်ပစ္စည်းတွေလည်း ပေါမှပေါ၊ များမှများ။

တဆက်တည်း ဆရာဇော်ဂျီရဲ့ ကဗျာကို သတိရလာတယ်။ “များပါသော်လည်း တမွဲမွဲ နှင့်” တဲ့။ ဟုတ်ပါလေ့။ များသော်ကား များ၏၊ ပေါသော်ကား ပေါ၏။ သို့သော် မွဲပြီးရင်းမွဲ၊ ချာပြီးရင်းချာလို့ပါပဲ။ ဒီလောက် သဘာဝ သယံဇာတတွေ ပေါများပါလျက်နဲ့ ဘာကြောင့် မွဲနေကြရသလဲ။ ချာနေကြရသလဲ။ ဒီပစ္စည်းတွေကို မသုံးတတ်လို့လား။ ကုန်ချောထုတ်လုပ်ဖို့ နည်းပညာမရှိလို့လား။ ဒီသဘာဝ သယံဇာတတွေကိုကော ဘယ်သူတွေပိုင်သလဲ။ အစိုးရ (သို့မဟုတ်) အာဏာရှင်များက ပိုင်သလား။ ပြည်သူက ပိုင်သလား။ 

အမှန်တကယ် အဖြေက ဒီသဘာဝ သယံဇာတပစ္စည်းတွေကို မသုံးတတ်စရာ ဘာ အကြောင်းမျှ မရှိပါဘူး။ ကုန်ချောထုတ်လုပ်ဖို့ နည်းပညာဟာလည်း ရှိလွန်းလို့၊ တိုင်းပါးက သယ်ယူလာတဲ့ နည်းပညာမဆိုထားဘိ မြန်မာမှု မြန်မာ့ဟန် နည်းပညာများပင် တပုံကြီး။ အဖြေတခုကတော့ နည်းနည်း အရေးကြီးတယ်။ နိုင်ငံ့ရဲ့ သယံဇာတ၊ တိုင်းပြည်ရဲ့ သယံ ဇာတတွေဟာ ဒီမိုကရေစီစံနှုန်း (နည်းမှန်လမ်းမှန်) အရဆိုရင် ပြည်သူတွေ ကသာ ပိုင်ပါ တယ်။ အစိုးရက မပိုင်ပါဘူး။ ပြည်သူတွေက ဒီသယံဇာတ ပစ္စည်းတွေကို တရားသဖြင့် တိုင်းပြည်နဲ့ ပြည်သူလူထု တရပ်လုံးအတွက် အကြိုးရှိတဲ့ လုပ်ငန်းဆောင်တာများမှာ အသုံးပြု နိုင်ဖို့အတွက် ပြည်သူက ရွေးချယ်ပြီး ဖွဲ့ထားတဲ့ အစိုးရဖွဲ့ကို အာဏာပေးအပ်ပြီး စီမံခန့်ခွဲခွင့် ပေးတာပါ။ ဒါကြောင့် တိုင်းပြည်ရဲ့ သယံဇာတ အရင်းအမြစ်တွေကို ပြည်သူများက ပိုင်သလို၊ တိုင်းပြည်ရဲ့ အာဏာဟာလည်း ပြည်သူတွေမှာသာ ပိုင်ပါတယ်။ ဒါကြောင့် အာဏာပိုင်ဆိုတာ ပြည်သူများကို ဆိုလိုပါတယ်။

နည်းမှန်လမ်းမှန်ကို မကျင့်သုံးဘဲ ဖောက်လွဲဖောက်ပြန် လုပ်ကြတဲ့ အာဏာရှင် များ ကြတော့ တိုင်းပြည် ရေပေါ်ရေအောက် သဘာဝသယံဇာ အရင်းအမြစ်တွေကို ငါတို့သာ ပိုင်တယ်၊ ငါတို့သာ ခံစားသင့်တယ်၊ ငါတို့သာ စံစားသင့် တယ်လို့ အတ္တသမားများပီပီ ငါတ ကော ကောကြတယ်။ အာဏာရှင်များရဲ့ စိတ်သဏ္ဍာန်မှာ ငါတို့က အရှင်သခင်များဖြစ်တယ်၊ ပြည်သူတွေက ကျွန်သဘောက်များ ဖြစ်တယ်၊ ငါတို့ဟာ ဘုန်းရှင်ကံရှင် များဖြစ်တယ်။ ပြည် သူများက ဘုန်းနိမ့်ကံနိမ့်သူများဖြစ်တယ် စသဖြင့် လွဲမှားတဲ့ အယူအဆများနဲ့ မိုက်မဲနေတတ် ကြတယ်။ ထို့အပြင် ပြည်သူများဟာ ငါတို့ရဲ့ ကျွန်သဘောများဖြစ်တဲ့အတွက် ဒီကျွန်တွေကို ငါတို့ပိုင်တယ်။ ငါတို့ ခိုင်းတာကို လုပ်ရမယ်၊ ငါတို့ စေရာကို သွားရမယ်၊ ငါတို့ ကျွေးတာကို စားရမယ်လို့ လွဲမှားဖောက်ပြန်တဲ့ အယူအဆတွေကို လက်ကိုင်ထားကြပြီး ပြည်သူတွေကို စိတ်မထင်ရင် မထင်ရင်သလို နှိပ်စက်ညှင်းပန်းကြတယ်။

ဒီလိုနှိပ်စက်ညှင်းပန်းတွေမှုနဲ့တွေ အသက်ရှင် ရပ်တည်နေရတာကို ပြည်သူများက ငြီးငြူ စိတ်ပျက်နေပါပြီ။ ပြည်သူတွေဟာ ဒီအာဏာရှင်စနစ်ဆိုးရဲ့ အကျိုးဆက်များကို ခါးသီး စွာ ခံစားခဲ့ရတာကြောင့် ဒီစနစ်ဆိုးရဲ့ မကောင်းကျိုးကိုလည်း ကောင်းကောင်းသိပြီး ဒီစနစ်ဆိုး ကိုလည်း လုံးဝ အလိုမရှိကြပါဘူး။ ဒီလို အလိုမရှိတာကြောင့်လည်း ပြည်သူများဟာ လူထု အုံကြွအမှု အမျိုးမျိုး ဖြစ်ပေါ်စေခဲ့ပြီး ဆန့်ကျင်အံတု ခဲ့ကြပါတယ်။ ပြည်သူများက ဒီစနစ်ဆိုးကို မလိုမရှိဘူး ဆိုတာကို အာဏာရှင်အစိုးရများက သဘောပေါက် နားလည်ကြသော်လည်းပဲ အာဏာလက် လွှတ်ရမှာ စိုးတာကြောင့် လက်မခံပဲ အုံကြွလာတဲ့ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နိုင်ထက်စီးနင်း နှိမ်နှင်းကြတယ်။ သတ်ဖြတ်ကြတယ်၊ ရိုက်နှက်ကြတယ်၊ ဖမ်းဆီးထောင်ချတယ်။ ဒီအာဏာရှင် အစိုးရတွေဟာ လူမမည် ကလေးသူငယ်များ မသိလို့ မှားတဲ့အမှားမျိုး မဟုတ်ဘဲ သိပါရဲ့နဲ့ ရည်ရွယ်ချက်ရှိရှိ အမှားတွေကို ကြူးလွန်တာကြောင့် ပိုပြီးတော့ အပြစ်ဟာလည်း ကြီးမား လာပါတယ်။ အပြစ် ကြီးမားလာလေ အာဏာလက်လွှတ်ရမှာ ကြောက်လေ ဖြစ်လာတာကြောင့် ဥပမာပုံခိုင်း နှိုင်းယှဉ်ရရင် ဖျာလိပ်ခေါင်းထဲက ခွေးလိုပါပဲ။ နောက်ဆုတ်ဖို့လည်း မသာ ရှေ့ကိုသာ တိုးလို့ တိုးလို့ တကိန်ကိန်နဲ့ ကျယ်ကျယ်လောင်လောင် ဆိုးသွမ်းနေတော့တယ်။

စစ်အစိုးရရဲ့ ဆိုးသွမ်းယုတ်မာရိုင်းစိုင်းပုံကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ဒါဖြင့် ဘာကြောင့် ထပ်ရေးပြနေသလဲဆိုရင် ပြည်သူတွေ ဒီ့ထက်ခံပြင်းစိတ်တွေ ဖြစ်ပေါ်လာ အောင်၊ သီးမခံနိုင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာအောင်၊ မတရားမှုကို ဆံကျင်အံတုချင်စိတ်တွေ၊ ခိုင်မာတဲ့ အဆုံးအဖြတ်စိတ်တွေ ဖြစ်ပေါ် လာအောင် အစဖော်ပေးခြင်းပါပဲ။ “ဒီလူတွေဟာ မင်းတို့ပြောသလို အဆိုးအသွမ်းကြီးတော့ မဟုတ်ပါဘူး၊ ပေါင်းကြည့်တော့လည်း ကောင်းပါတယ်” လို့ ကြံကြံဖန်ဖန် ရှာကြံတတ်တဲ့ အကောင်းမြင်သမားများလည်း ရှိတတ်ကြလို့ပါ။ အဲဒီစကားကို ပြောတဲ့သူက စစ်အစိုးရရဲ့ ထားစရာမရှိလို့ ပိုလျှံနေတဲ့ ပေးစာကမ်းစား အရိုးအရင်းလေးတွေကို စားရသောက်ရ၊ မြိုရဆို့ရဟန် တူပါတယ်။ တကယ်တော့ အာဏာရှင် စစ်အစိုးရရဲ့ ဆိုးသွမ်းယုတ်မာ ရိုင်းစိုင်းမှု တွေဟာ မြန်မာပြည်သူတွေသာမက လူသားအမျိုးအနွယ် တရပ်လုံးကို စော်ကားခြင်း ဖြစ်တယ်။ အမှန် တရားကို လိုလားတဲ့ ကမ္ဘာအရပ်ရပ်က လူတွေဟာ နိမ့်ကျတဲ့ ကျွန်စနစ်၊ မြေကျွန် ယာကျွန် စနစ်ကို အကြွင်းမဲ့ ဖြိုဖျက်ဖို့ ကြိုးစားနေချိန်၊ ဖြိုဖျက်နေချိန်မှာ မြန်မာအာဏာရှင် အစိုးရဟာ ပြည်သူတွေကို ကျွန်ပြုနေတယ်။ မြေကျွန်ယာကျွန်တင်မဟုတ် စစ်ကျွန်ပါ ကျွန်ပြုနေတယ်။ ဒီကျွန်ပြုမှုတွေကို ပြုလုပ်ခြင်းဟာ အမှန်တရားကို လိုလားနှစ်သက်တဲ့ ကမ္ဘာ့လူသား အမျိုးအနွယ် တရပ်လုံးကို စော်ကားခြင်း ဖြစ်တယ်။

ဒါကြောင့် ပြည်သူများအနနဲ့ ဒီလို ဆိုးသွမ်းယုတ်မာရိုင်းစိုင်းပြီး စော်ကားမော်ကား ပြုနေတဲ့ စစ်အစိုးရကို အနုနည်း အကြမ်းနည်း ဘယ်လိုနည်းနဲ့ပဲ တုံ့ပြန်တုံ့ပြန် ဒီတုန့်ပြန်ခြင်း ဟာ တရားမျှတပါတယ်။ ခွင့်လွှတ်သည်းခံနိုင်စရာအကြောင်း စိုးစဉ်းမျှ မရှိပါဘူး။ ကိုယ်အကြောင်းမရှိ အကြောင်းရှာပြီး ခွင့်လွှတ်သည်းခံတာဟာ အာဏာရှင်တွေကို ပိုမိုမိုက်ရိုင်းအောင် ထောက်ခံသလိုတောင် ဖြစ်သွားနိုင်ပါတယ်။ အာဏာရှင် လူမိုက် လက်ရွေးစင် လူတစုဟာ ပြည်သူလူထု ရဟန်းသံဃာများရဲ့ အလိုဆန္ဒကို လုံးဝပုံဖော်ခြင်း မရှိတဲ့အပြင် မိုက်မြဲမိုက် ဆိုးမြဲဆိုးတာကို ပြည်သူတွေ သဘောပေါက် နာလည်းပြီးဖြစ်လို့ လုံးဝရွံရှာ မုန်းတီးသလို အခွင့်သာသည်နှင့် ဆွဲချထုတ်ပယ်ဖို့ တကဲကဲ ဖြစ်နေတယ်။ ဒါပေမယ့် ပြည်သူထဲက ပြည်သူမပီသတဲ့ ခွေးပါးဝနေသူတွေလည်း ရှိနေပြန်တယ်။ အားမနာတမ်း ဖော်ပြရရင် ကြံ့ဖွတ်၊ စွမ်းအားရှင်နဲ့ ၂၀၁၀ ဒီမိုကရေစီအယောင်ပြပွဲမှာ ခွေးတိုးပေါက်ကနေ ဝင်တိုးကြတဲ့ အရိုးရရ အရင်းရရ၊ အရွတ်ရရ အရိရရဆိုတဲ့ ဖောက်ပြန်သူတွေနဲ့ လက်ဝါးကြီး အုပ် စီးပွားရှင် ရေပေါ်စီ လူတန်းစားတွေပါပဲ။ ဒီလို သံဃာသတ်၊ ဘုရားခေါင်းဖြတ်ကာ ပြည်သူတွေကို နိုင်ကျင့်ဖိနှိပ်၊ ရက်စက်ယုတ်မာပြီး လူသားထုကြီးကို စော်ကားမော်ကား ပြုလုပ်နေတဲ့ အာဏာရှင်တွေ အယောင်ပြလုပ်တဲ့ ရွေးကောက်ပွဲကို အားရပါးရ ဝမ်းပန်းတ သာနဲ့ ထောက်ခံပြီး ဝင်ရောက်ရွေးခံ ဖြည့်ခံကြတဲ့ သူတွေကိုရော ဘယ်လိုနည်းနဲ့ ခွင့်လွှတ် သည်းခံရမှာလဲ။ သည်းခံနိုင်စရာ အကြောင်းမရှိပါဘူး။ လူထုကို စော်ကားတဲ့ စစ်အစိုးရရဲ့ အလိုတူ အလိုပါများပဲ ဖြစ်တယ်။ ဒီဖောက်ပြန်သူ လောက်ကောင်တွေကိုလည်းပဲ စစ်အစိုးရနဲ့ တန်းတူထားပြီး ဆန့်ကျင်ရမှာပဲ။

ဒီလူတွေဟာ ပြည်သူတွေဆန္ဒသဘောထားကို ဆန့်ကျင်သူ၊ စော်ကားသူ၊ ဖောက်ပြန် သူများဖြစ်တယ်။ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုလှမျိုးနောင်၊ ဒေါ်မြမြအေး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုဇာဂနာ၊ မနီလာသိန်းစတဲ့ ဘဝတခုလုံးနဲ့ရင်းပြီး ကိုယ်ကျိုးစွန့် အနစ်အနာခံ ယုံကြည်ချက်ကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ သူရဲကောင်းတွေကို လုံးဝမျက်နှာမထောက်သူ၊ အားမနာသူ၊ စော်ကားသူ၊ ဖောက်ပြန်သူများဖြစ်တယ်။ အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ ဦးစိန်ဝင်း (လူထု)၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းကြည်စတဲ့ ခေါင်းဆောင်းကြီးများရဲ့ မျက်နှာကိုမထောက်၊ အားမ နာ၊ စော်ကားဖောက်ပြန်သူများဖြစ်တယ်။ တရားမျှတ လွတ်လပ်ပြီး အခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုကြီးကို ပုံဖော်ခဲ့ပြီး လွတ်လပ်ဆောင်ကျဉ်းပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင် ကြီး တွေရဲ့ စေတနာနဲ့ အလိုဆန္ဒကို စော်ကားကြတဲ့ ဖောက်ပြန်ရေးသမားများ ဖြစ်တယ်။

ဒီအဖြည်ခံ လက်ကိုင်တုတ်တွေဟာ တချိန်ကတော့ ပြည်သူဘက်က ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရရုံ မက နှိပ်စက်မှုအမျိုးမျိုးကြားထဲက ပြည်သူဘက်မှာ ရဲရဲရင့်ရင့် နှစ်ပေါင်းများစွာ ရပ်တည်လာ ခဲ့တဲ့ သူတွေပါ။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်ကြီးများဟာ ၂၀၁၀ ရောက်မှ ဖောက်ပြန်သွားတာဟာ အင်မတန် ဝမ်းနည်း စရာ ကောင်းပါတယ်။ သင်္ချိုင်းမြေကို ခြေတဖက်နင်းမိရဲ့ ဖြစ်နေပြီဖြစ်တဲ့ ဒီအရွယ်ကြီးကျမှ ဖောက်ပြန်သွားတာ ပိုပြီး အံ့လည်းဩ ဝမ်းလည်းနည်းပါတယ်။ နောက်ပြီး ဗမာနိုင်ငံလွတ်လပ်ရေးအတွက် ဘဝပေးပြီး တော်လှန်ရေးလုပ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သား၊ ဦးဘဆွေရဲ့ သမီး၊ ဦးကျော်ငြိမ်းရဲ့ သမီး၊ ဦးနုရဲ့ သမီးစတဲ့ ခေါင်းဆောင်ကြီးများရဲ့ သားသမီးတွေဟာလည်း ဖောက်လွဲဖောက်ပြန်ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ ဒါပေမဲ့ မတတ်ပါနိုင်ပါဘူး။ ဒီလိုလူမျိုးတွေကို နှမြောတသနေလို့လည်း ဘာမှထူးလာမှာ မဟုတ်သလို အကျိုးတောင် နဲနိုင်ပါသေးတယ်။ ဖောက်ပြန်သူမှန်သမျှကို ဆန့်ကျင်ရမှာက လူသားတိုင်းရဲ့ တာဝန်တရပ်ပဲ မဟုတ်ပါလား။ အဇာတသတ်မင်းဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အဖကို သတ်တဲ့ အပြစ်မှုကို ကြူးလွန်ခဲ့တာကြောင့် ဒီလုပ်ရပ်မျိုးကို ဆန့်ကျင်ရမှာဖြစ်သလို နောင်တ အကြီးအကျယ်ရပြီး ပထမသံဃာယနာတင် သာသနာပြု မင်းကြီးဖြစ်လာလို့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပီတိ ဖြစ်ရမှာပါပဲ။ လက်ခံရမှာပဲ။ ကြိုဆိုရမှာပါပဲ။ ဒါဟာလည်း လူသားတွေရဲ့ တာဝန်တရပ်ပါပဲ။

ဒီလို ပြည်သူအကြားမှာ ဖောက်ပြန်သူ ခလောက်ဆံတွေ ရှိနေတာကြောင့်လည်းပဲ အရေးတော်ပုံဟာ မကြာရှည်သင့်ပဲ ကြာရှည်နေရတာ ဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် တော်လှန်ရေးလောကသားတွေ ဒီလိုဖောက်ပြန်သူသွားတာဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းသလို၊ ရှက်စရာလည်းပါတယ်။ ရွံရှာစက်ဆုပ်ဖို့လည်း ကောင်းပါတယ်။ ရန်သူဖြစ်တဲ့ အာဏာရှင်တွေက ရန်ငါစည်းပြတ်ပြီး “ငါဟာ လူမိုက်၊ လူဆိုး၊ လူသော့၊ လူသွမ်းဖြစ်တယ်၊ ဒါကြေင့် ငါလုပ်ချင်ရာလုပ်မယ်၊ သတ်ချင်သတ်မယ်၊ ဖြတ်ချင်ရင်ဖြတ်မယ်၊ မတရားနည်း တွေကို သုံးချင်ရင်သုံးမယ်” စသည်ဖြင့် ကြွေးကျော် မိုက်မဲပြနေတာတောင် တော်လှန်ရေး သမား အမည်ခံထားတဲ့ သူတွေက ရန်စည်းမပြတ်နိုင်ဘဲ လက်တဖက်က မုန်လာဥပေး၊ လက်တဖက်က တုတ်နဲ့ရိုက်မယ်၊ ခွေးတိုးပေါက်ပဲဖြစ်ဖြစ် ကြွက်တိုးပေါက်ပဲဖြစ်ဖြစ် ရတဲ့ အပေါက်က ဝင်မယ်။ အပြင်မှာ တောင်ပြောမြောက်ပြော ပြောနေတာထက် လွှတ်တော်ထဲ ဝင်ပြောတာက ပိုထိရောက်တယ်စသည်ဖြင့် ပြည်သူလူထုကို အများတကာထက် ပိုချစ်သ ယောင်ယောင်နဲ့ ရန်ငါမပြတ်ချင်ကြသေး။ ရန်သူစစ်အုပ်စုက ညစ်ပတ်နည်း၊ ကောက်ကြံ၊ ယုတ်မာနည်း။ ရက်စက်နည်း၊ ခြောက်နည်းမြှောက်နည်းတွေကို နယ်ချဲ့တွေ၊ ဖက်ဆစ်တွေ၊ မဆလတွေ စသည်ဖြင့် ခေတ်အဆက်ဆက်က လေ့လာသင်ယူ တတ်မြောက်ပြီးဖြစ်တယ်။ ဒီညစ်ပတ်နည်းတွေကို လက်တွေ့ကျကျ အသုံးချပြီး အာဏာတည်မြဲအောင် ပြုလုပ်နေကြ တာ ဖြစ်တယ်။ ဒီတော့ ဖောက်ပြန်တဲ့ တော်လှန်ရေးသမားတွေပြောတဲ့ မုန့်ပေး တုတ်ကြွေး နည်းတွေနဲ့ ဘယ်လို အလုပ်ဖြစ်ပါ့မလဲ။ ဒီခေတ်ကလေးငယ်တွေတောင် ဒီနည်းနဲ့ မရတော့ ပါဘူး။

ဒီလိုဖောက်ပြန်သူတွေက ပြည်တွင်းရော၊ ပြည်ပမှာပါ များပြားစွာ ရှိနေပါတယ်။ ပြည်ပမှာက ပိုများတယ်။ ပြည်တွင်းမှာက ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရ တာကြောင့် ပြည်သူတွေရဲ့ ခက်ခဲကြပ်တည်းလှတဲ့ နေ့စဉ်ဘဝကို ပိုပြီး သိမြင်နိုင်တယ်၊ ပိုပြီး ခံစားနိုင်တယ်။ ဒါကြောင့် ပြည်တွင်းမှာက ဖောက်ပြန်တဲ့ နိုင်ငံသမားဟာ နည်းပါးခြင်း ဖြစ်တယ်။ ပြည်တွင်းဖောက်ပြန်သူများဟာ ကိုယ်ကျိုးကြည့်သူ လူလည်၊ လူလိမ်၊ စားကျက်ကို မြင်တတ်ပြီး၊ အရှက်သိက္ခာ ကိုယ့်ကျင့်တရားကို တန်ဘိုးမထားသာများ ဖြစ်တာပါ။ ပြည်ပမှာကျတော့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု မရှိပါဘူး၊ ရှိအောင်လည်း မလုပ်ပါဘူး။ ပြီးတော့ အင်ဂျီအိုတွေနဲ့ တရုန်းရုန်း အခွင့်အလမ်းကောင်းတွေကလည်း တဝုန်းဝုန်းဆိုတော့ ပိုပြီး ဖောက်ပြန်လွယ်ခြင်းဖြစ်တယ်။ ဒီလို အင်ဂျီအိုတွေနဲ့ တရုန်းရုန်း ဆက်ဆံနေသူများဟာ နိုင်ငံရေးနောက်ခံ မရှိကြပါဘူး။ တကယ့် အသက်ဆုံးရှုံးသွားနိုင် လောက်တဲ့ တိုက်ပွဲထဲက ထွက်လာတဲ့ သူတွေလည်း မဟုတ်ကြပါဘူး။ ပြည်သူ့ဘဝကို မလေ့လာပါဘူး။ ပြည်သူတွေရဲ့ ခံစားချက်ကိုလည် မသိကြပါဘူး။ ကုန်ကုန်ပြောရရင် ရင်ထဲ သဲထဲက လှိုက်ဖိုထပြီး ခံစားချက်ပြင်းပြင်းနဲ့ နိုင်ငံတော်သီချင်းကို မသီဆိုဖူး၊ မဟစ်ကြွေးဖူး ပါဘူး။ ရှိတဲ့ အင်မတန် နည်းပါတယ်။ အချောင်နေအချောင်စား လက်ကြောမတင်းသူလည်း ဖြစ်တယ်။ ဒီလိုလူတွေဟာ နိုင်ငံရေးထက် ကိုယ်ကြိုးကို ဦးစားပေးတာကြောင့် ကျုပ်တို့နိုင်ငံ ရေးဟာ ဘာမှ မဖြစ်လာ၊ တော်လှန်ရေးလည်း မတိုးတက်၊ ပြည်သူတွေလည် မွဲပြီးရင်းမွဲ ဖြစ်နေရတာပါ။ ဒါပေမယ့် ဒီလူတွေဟာ ပြည်သူ့အရေး၊ နိုင်ငံရေး၊ တော်လှန်ရေးကို ဦးစားပေး မလုပ်ကြပေမယ့် ကိုယ်ကျိုးရှာပုံက ကြည့်ရင် အင်မတန် ခံပြင်းဖို့ ကောင်းပါတယ်။ ပြည်သူ တွေ၊ အလုပ်သမားတွေကို ဘာလုပ်ပေးချင်လို့ပါ၊ ညာလုပ်ပေးချင်လို့ပါ၊ ဘယ်လို ကူညီချင် လို့ပါ၊ ဘယ်လိုစောင့်ရှောက်ချင်လို့ပါ ဘာညာသာဓကာ အဖြီးအဖြန်းတွေနဲ့ ပရိုပိုဆယ်တင် တယ်။ ရလာတော့ ပြည်သူတွေ၊ အလုပ်သမားတွေဆီကို တပြားတချပ်မှ မပေးပဲ ကိုယ့်အိတ် ထောင့်ထဲကိုပဲ ထည့်သွင်းကြတယ်။ ထို့အတူ တော်လှန်ရေး၊ နိုင်ငံရေးကို အကြောင်းမျိုးမျိုး ပြပြီး ပရိုပိုဆယ်တင်တယ်။ ရလာတော့ ကိုယ့်အိတ်ထောင့်ထဲကို ထည့်တယ်။ ကဲ၊ ဘယ်လောက် စိတ်နာဘို့ ကောင်းသလဲ၊ ဘယ်လောက် ခံပြင်းဘို့ကောင်းသလဲ၊ ဘယ်လောက် ဒေါသထွက်ဖို့ ကောင်းသလဲ။ ပြည်သူတွေရဲ့ ဘဝများကို ချနင်းပြီး နိုင်ငံကို ရောင်းစားကြ တယ်။ ကိုယ့်ဘာသာ ကိုးကျိုးရှာချင်ရင် ရှာနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ဘဝကိုတော့ ချမနင်းကြပါနဲ့၊ နိုင်ငံကိုတော့ မရောင်းစားကြပါနဲ့။ မျောက်ပြဆန်တောင်း မလုပ်ကြပါနဲ့။

ဒီလို ဖောက်ပြန်သူတွေ ရှိနေသမျှကာလပတ်လုံး တော်လှန်ရေးကြီးဟာ မအောင်မမြင် ဖြစ်နေမှာပဲ။ တော်လှန်ရေးသမားဆိုသူများ ရန်ငါမပြတ်သရွှေ့ ကာလပတ်လုံး နိုင်ငံရေးဟာ လည်း ရှေ့ဆက်မရ ကမောက်ကမ ဖြစ်နေဦးမှာပဲ။ အာဏာရှင်စနစ်လည်း တည်မြဲနေမှာပဲ။ အာဏာရှင်တွေလည်း ဆက်ရှိနေမှာပဲ။ အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေ ရှိနေသမျှ ကာလပတ်လုံး ပြည်သူတွေဟာ ငတ်မြဲငတ်၊ ပြတ်မြဲပြတ်၊ ကြပ်မြဲကြပ်နေမှာ ဖြစ်သလို ဖွတ်မွဲပြာစု ကျောမွဲဆင်းရဲသား နင်းပြားဘဝက ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ကိုယ်စိုက်တဲ့ သစ်ပင် ကိုယ်မသုံးရ၊ ကိုယ်စိုက်တဲ့ သီးပင် ကိုယ်မစားရ၊ ကိုယ်တူးတဲ့ ရွှေစငွေစ လေးတောင် ကိုယ်မဝတ်ဆင်ကြရ။ ကျွန်းတောထဲမှာနေပြီး ထန်းလက်တဲနဲ့ နေရတယ်။ သားငါးပုစွန်တွေဖမ်းပြီး ငါးပိနဲ့ ထမင်းကြမ်းစားရတယ်။ ရေနံဆီတွေ ဓာတ်ငွေ့တွေတူးပြီး အလင်းယောင်ဆိုလို့ ဖယောင်းတိုင်းအလင်း လမင်းကြီးကိုပဲ အားကိုးရတယ်။ ရွှေငွေ ကျောက်သံပတ္တမြားတွေ တူးပြီး ဆင်မြီးကို လက်စွပ်လုပ် ဝတ်ရတယ်။ 

ဒီတော့ကာ ဒီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေ၊ ဖောက်လွဲဖောက်ပြန်သူတွေ ကြီးစိုးနေသမျှ၊ ရှိနေသမျှ၊ အုပ်ချုပ်နေသမျှ ကာလပတ်လုံးဟာ ဒီသဘာဝသယံဇာတတွေဟာ ပြည်သူတွေ ပိုင်ဆိုင်ကြမှာ မဟုတ်ဘူး။ ဒီသဘာဝသယံဇာတွေကို စားသုံးကြရမှာ မဟုတ် ဘူး။ ပြည်သူတွေ သုံးပြုကြရမှာ မဟုတ်ပါဘူး။ ဒီတော့ ပြည်သူတွေမပိုင်တဲ့ သယံဇာတ၊ ပြည်သူတွေနဲ့ မဆိုင်တဲ့ သယံဇာတ၊ ပြည်သူတွေ စားသုံးခွင့်မရတဲ့ သယံဇာတ၊ ပြည်သူတွေ အသုံးပြုခွင့် မရှိတဲ့ သယံဇာတတွေကိုကြည့်ပြီး မက်မောနေစရာလည်း မလို၊ ကြွားဝါနေစရာ လည်း မလို၊ ဂုဏ်ယူစရာလည်း မလိုပါ၊ ကြွေးကျော်စရာလည်း မလိုပါဘူး။ နောက်ပြီး ဒီသဘာဝပတ်ဝန်းကျင်ကြီးကို ပြည်သူတွေ စောင့်ရှောက်စရာလည်း မလို၊ ထိန်းသိမ်းစရာ မလို၊ မြတ်နိုးစရာလည်း မလို၊ တန်ဘိုးထားစရာလည်း မလိုပါဘူး။ ပြည်သူတွေက မြတ်နိုး၊ တန်ဘိုးထား၊ ထိန်းသိမ်းစောင့်ရှောက်သော်လည်းပဲ ဒီစစ်အာဏာရှင်တွေက စည်းလွတ်ဝါး လွတ် ခိုး၊ ဝှက်၊ လုယူ ဖျက်ဆီးနေမှာပါပဲ။ သမင်မွေးရင်း ကျားစာရင်းပါပဲ။ ဒီတော့ သမင်မွေး ရင်း ကျားစာရင်း မဖြစ်ရအောင် မွေးမယ့်မွေး ကျားကိုမွေးကြပါတော့လို့ ဆိုချင်တော့တယ်။

အောက်ကသတင်းကို ဖတ်ကြည့်ပါဦး။ ဒီအဘိုးတန် လုပ်ငန်းနဲ့ လုပ်ကွက်တွေဟာ တရုတ်နဲ့ ထိုင်းအတွက်သာဖြစ်တယ်။ ပြည်သူတွေကတော့ ကျန်ရှိတဲ့ အရိုးရင်းလေးတွေနဲ့ အရိအရွဲလေးတွေကိုတောင် စားသုံးခွင့် ရမှာမဟုတ်ပါဘူး။ ဒီသတင်းဟာလည်း ပြည်သူ့ အကျိုးပြုသတင်း မဟုတ်နိုင်ပါဘူး။ ပြည်သူတွေက ဒီအလုပ်ကွက် အကျိုးအမြတ်ကို ပိုင်ဖို့နေနေသာသာ ဆိုင်တောင် ဆိုင်ခွင့်မရပါဘူး။ ဒါကြောင့် ပြည်သူ့သတင်း မဟုတ်ပါဘူး။ ပြည်သူတွေ ဒီသတင်းဖတ်လို့ အားတက်စရာလည်း ဘာမှ မရှိပါဘူး။

စွမ်းအင်ဝန်ကြီးဌာန၏ ယေဘုယျ တွက်ချက် ခန့်မှန်းမှုများ အရ မြန်မာနိုင်ငံတွင် ရေနံသိုက် (အရန် ရေနံစိမ်းပမာဏ) စည်ပေါင်း ၃ ဒသမ ၂ ဘီလျံ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၈၉ ဒသမ ၇၂၂ ထရီလျံကုဗပေ (TFC)၊ ၂ ဒသမ ၅၄ ထရီလျံ ကုဗမီတာ (TCM) ရှိကြောင်း သတင်းရရှိပါသည်။
''ဘူမိဗေဒ အနေအထားအရ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်ရှိနိုင်တဲ့ နေရာတွေ များပါတယ်။ ကုန်းတွင်းနယ်နိမိတ်မှာ ရေနံနဲ့ သဘာဓာတ်ငွေ့ ထွက်နိုင်တဲ့ အနယ်ကျရေနံ ချိုင့်ဝှမ်း ၁၄ ခု ရှိပါတယ်။ အဲဒီထဲမှာမှ မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပြည်ချိုင့်ဝှမ်းနဲ့ မြစ်ဝကျွန်းပေါ် ချိုင့်ဝှမ်းတို့မှာပဲ ရေနံထုတ်လုပ်မှု ပြုလုပ်နေတယ်။ ကမ်းလွန် လုပ်ကွက်တွေလည်း ဖော်ထုတ်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်နေပါတယ်။ ရဲတံခွန်၊ ရတနာ၊ ဇောတိက၊ ရွှေတို့က ထင်ရှားတဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေပါ''ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်း လုပ်ကွက်များတွင် လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်က တွေ့ရှိခဲ့သော ရေနံချောင်းနှင့် ချောက် ရေနံမြေတို့မှာ အထင်ရှားဆုံးဖြစ်ပြီး ယနေ့တိုင် ထုတ်လုပ်နေဆဲ ဖြစ်သည်။ လက်ရှိ အချိန်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံမြေများမှ တစ်နှစ်လျှင် ရေနံစိမ်းစည်ပေါင်း ခုနစ်သန်း ၀န်းကျင်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၃၉၀၀၀ ကျော် ထုတ်လုပ်လျက် ရှိကြောင်း သိရပါသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ၁၉၈၉ ခုနှစ် အောက်တိုဘာလမှ စတင်ကာ နိုင်ငံခြား လုပ်ငန်းများနှင့် ထုတ်လုပ်ခွဲဝေ စာချုပ်များ ချုပ်ဆိုခဲ့ပြီး ကုန်းတွင်း လုပ်ကွက် ၄၆ ကွက်နှင့် ကမ်းလွန် လုပ်ကွက် ၂၅ ကွက်ကို သတ်မှတ်   ပေးခဲ့သည်။ လက်ရှိ အချိန်တွင် ကုန်းတွင်း လုပ်ကွက် ၁၂ ၌ နိုင်ငံခြား ကုမ္ပဏီ ခုနစ်ခု လုပ်ကိုင်လျက် ရှိသည်။ ကမ်းလွန် လုပ်ကွက်များတွင် တူးဖော် ထုတ်လုပ်နိုင်ရန် အတွက် ၁၉၉၀ ပြည့်နှစ်မှ စတင်ကာ နိုင်ငံတကာ ကုမ္ပဏီ ခုနစ်ခုက ထုတ်လုပ်မှု ခွဲဝေ ကန်ထရိုက်စာချုပ် ၁၅ ခုကို လက်မှတ် ရေးထိုးခဲ့ပြီး လက်ရှိ အချိန်တွင် နိုင်ငံခြားလုပ်ငန်း လေးခု ဦးဆောင်ကာ ကမ်းလွန်လုပ်ကွက် ၁၀ ခု တို့တွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ကမ်းလွန်လုပ်ကွက် ခြောက်ခု၊ မုတ္တမ ပင်လယ်တွင် ကမ်းလွန်လုပ်ကွက် ကိုးခုနှင့် တနင်္သာရီတွင် ကမ်းလွန် လုပ်ကွက် လေးခု တို့ကို ရေနံလုပ်ငန်း ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်းမှ ထွက်ရှိသော ရေနံစိမ်းများကို ပြည်တွင်း၌ပင် ချက်လုပ် အသုံးပြုလျက် ရှိသည်။ သဘာဝဓာတ်ငွေ့မှာမူ မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်တစ်ခု ဖြစ်လာပြီး ရတနာ၊ ရဲတံခွန် စီမံကိန်းများမှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချလျက် ရှိပြီး နှစ်ပေါင်း ၃၀ ရောင်းချပေးမည့် စာချုပ် ချုပ်ဆိုထားသည်။ ထို့အပြင် ရခိုင်ကမ်းလွန်ရှိ ရွှေစီမံကိန်းနှင့် မုတ္တမကမ်းလွန်ရှိ ဇောတိက စီမံကိန်းတို့မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ရောင်းချရန် စာချုပ် ချုပ်ဆိုထားပြီး ၂၀၁၃ ခုနှစ် မေလနှင့် အောက်တိုဘာလတွင် စတင် ရောင်းချနိုင်ရန် ပိုက်လိုင်းများ သွယ်တန်းလျက်ရှိသည်ဟု သိရပါသည်။
ကုန်းတွင်း လုပ်ကွက်များတွင် လက်ရှိ လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားကုမ္ပဏီများ
မန်းရေနံမြေ
Myanmar Petroleum Resources Ltd
ရေနံချောင်းရေနံမြေ
Goldwater
RSF-6 (မင်းဒယ်ကြီး-ချောင်းသာ)၊RSF-8 (ရေနံမ)
Westburn
RSF-5 (အုန်းဒွေး)၊ MOGE-3 (ပိတောက်ပင်-မိုးနတ်ကုန်း)
PT.EXSPAN SUMATERA
ထောက်ရှာပင်/ကန္ဒီရေနံမြေ
Focus Energy
EP-4 (ပြည်အနောက်ပိုင်း)
Prime Resource
RSF-2(တုရင်တောင်)၊ RSF-3 (ဂွေးချို-ရှမ်းတောင်)၊ IOR-3 (တက်မ)
TG World

No comments: