လှဝင်းရီ (အပိုင်း-၂)
(အပိုင်းလိုက်ဖော်ပြသွားပါမည်)
လှဝင်းရီ မသာချရန်အတွက် လာရောက် ကူညီကြရမည် ဟူသည့် ဆရာတော် ဦးဝေပုလ္လ၏ အမိန့် ကြောင့် ကျွန်ုပ်တို့ ကာလသားတသိုက် တောရကျောင်း ရှိရာသို့ လက်ဘက်ရည်ဆိုင်မှ ဖုတ်ဖက်ခါ ထွက်ခဲ့ကြ၏။ တောရကျောင်းဝင်း အတွင်းသို့ ကျွန်ုပ်တို့ ရောက်ရှိချိန်၌ လှဝင်းရီသည် မီးတင်းကုပ်မှ ဆွမ်းစားကျောင်း ခြေရင်းရှိ ရင်ကွဲဇရပ်ပျက်ပေါ်တွင် ပြောင်းရွှေ့ စံမြန်းနေသည်ကို တွေ့ရ၏။ ထို အခိုက် နွေဥသြသည် မည်သို့ စိတ်ကူးပေါက်သည် မသိ၊ ဥသြ ဥသြနှင့် တသြတည်း သြနေလေရာ လွန်စွာမှပင် နားကြားပြင်း ကပ်စရာ ကောင်းလှတော့သည်။ ဥသြ တခွန်း ယင် တစွန်း ဟူသည့် စကားအတိုင်း ခေါပဏီ ယင်တပ်ကြီးသည် လှဝင်းရီ၏ မျက်နှာပေါ်တွင် လူလွန့် ပျံသန်းပြီး တ၀ီဝီ မြည်သော အသံကို ပြု၏။
ငယ်စဉ်အခါက ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးနှယ် အလှသွေးကြွယ်ခဲ့သူ လှဝင်းရီသည် ယခုအခါတွင် ငါးကျည်းခြောက် ကျပ်တိုက် အသွင်ကိုဆောင်၍ နေ၏။ အသက်ပျောက်ခဲ့သည်မှာ အတော်ပင်ကြာပြီ ဖြစ်သောကြောင့် မသာကောင်မှာ ရေခဲရိုက်ထားသည့် ငါးကြီးပမာ တောင့်တောင့် တင်းတင်းကြီး ဖြစ် နေ၏။
ငယ်သံယောဇဉ်ကြောင့် ကျွန်ုပ်သည် လှဝင်းရီ၏ အနီးသို့ အသာချဉ်းကာ ကြည့်ရှုမိသည်။ ပြာနှမ်းနှမ်း နှုတ်ခမ်းပါးထက်တွင် အပြုံးကလေးတပွင့် တင်ကျန်နေသည်ကို တွေ့ရ၏။ လှဝင်းရီကား သေသော်လည်း အပြုံးမပျက်ချေ။ သေပန်းပွင့်သည်ဟု ဆိုရကောင်း၏။ “ အို ဒွန္နယာကြီး သင် မည်မျှပင် ဆိုခဲ့ စေကာမူ သင့်ကို ကျွန်ုပ် မေတ္တာမပျက်ပါ” ဟု ပြုံးပြုံးကလေး လုပ်၍ နှုတ်ဆက်သွားခြင်း ဖြစ်ချေသ လော။ သို့တည်းမဟုတ် သေခါနီး ဂတိနိမိတ် ထင်ဟပ်လာချိန်တွင် အတိတ် နိမိတ်ကောင်းများကို မြင်တွေ့သွားခဲ့သောကြောင့် ကျေနပ်အားရဖြစ်ကာ ပြုံးသွားခဲ့ခြင်း ဖြစ်ချေသလော။ သို့သော် လှဝင်းရီ၏ ဘယ်ဘက် နှုတ်ခမ်းထောင့်ကလေးမှာ အနည်းငယ် တွန့်၍ နေသောကြောင့် လှဝင်းရီသည် သေခါနီးတွင် လောကကြီးကို စိတ်အနာကြီး နာကျည်းကာ မဲ့ပြုံး ပြုံးပြသွားခြင်း ဖြစ်တန်ရာ၏ ဟု ကျွန်ုပ် မနေနိုင် မထိုင်နိုင် တွေးမိသည်။
ထိုစဉ် “ဟဲ့ ကျပ်ခိုး အလောင်းနားမှာ ဘာ မယောင်ရာ ဆီလူး လုပ်နေတာတုံး” ဟုသည့် ဆရာတော်၏ အသံကို ရုတ်ခြည်း ကြားလိုက်ရ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ပါးစပ်ထဲရှိရာ “တပည့်တော် အလောင်း ကို စောင့်နေတာပါဖျာ့” ဟု လျှောက်ထားလိုက်သည်။ “တောက်တီးတောက်တဲ့ နေ့ခင်းကြောင်တောင် အလောင်းစောင့်ရအောင် ဒီမသာကောင်ကြီးကို ဘယ်ကောင်မှ မ မပြေးဘူး။ မင်း အခု ချက်ချင်း သစ်ဆိုင်ကိုသွားပြီး တလားစပ်ရအောင် သစ်အလှူခံချေ” ဟူသည့် ဆရာတော့် အမိန့်အဆုံး၌ ကျွန်ုပ်သည် အလောင်းအနီးမှ ခွာ၍ သစ်ဆိုင်သို့ ပြေးရလေ၏။
သစ်ဆိုင်ပိုင်ရှင်သည် ကျွန်ုပ်ကို မြင်သော် “ဟေ့ရောင် ကျပ်ခိုး ဒီတစ်ခါ ဘယ်သူ့ အလှည့်တုံး” ဟု တခွန်း မေး၏။ ထို့နောက် “မင့် အလှည့်ရော နီးပြီလား” ဟု နောက်တခွန်း ဆိုပြန်သည်။ ကျွန်ုပ်လည်း စိတ်ပေါက်လာသည်နှင့် “ဦးလေးရဲ့ လှဝင်းရီလေ ဦးလေးရဲ့။ ကျွန်တော်က ဦးလေးနောက်မှ သွားမှာ” ဟု ပြန်ပက်လိုက်၏။ သစ်ဆိုင်ပိုင်ရှင်သည် “လှဝင်းရီ” ဟူသည့် အသံကို ကြားသော် ပြာယီးပြာယာ ဖြစ်သွားလေ၏။ “မင်းတို့ ဘယ်လို စီစဉ်ထားသလဲ။ အခု အလောင်းကို ဘယ်မှာထားသလဲ” ဟု ဆို၏။ “လှဝင်းရီက တောကျောင်းထဲက သီလရှင် ဇရပ်မှာကပ်နေရတာကို ဦးလေး အသိသားနဲ့။ အလောင်းကို ကျောင်းထဲက ဇရပ်မှာ မထားလို့။ ဦးလေးတို့ အိမ်ဦးခန်းမှာ လာပြီး ထားရမှာလား” ဟု ကျွန်ုပ် ယဉ်ကျေးစွာ ပြန်လည် ဖြေကြားလိုက်သည်။ ထိုသို့ဆိုလိုက်သော် သစ်ဆိုင်ရှင်က “ ဟ ကျပ်ခိုး မင်း ဟာလေ အတော် ပြောရဆိုရ ခက်ပါကလား၊ လှဝင်းရီက ရိုးရိုးသေတာ မဟုတ်ဘူး။ ဒီတော့ကာ အလောင်းမှာ ပိုးတွေ မွှားတွေ ရှိရင် ရှိနေအုံးမှာ။ မင်းတို့ အလောင်းကို ပလပ်စတစ်နဲ့ သေသေချာချာ ထုပ်။ ပြီးရင် အရိုးပါ ပြာကျအောင် မီးသဂြိုဟ်ရမယ်” ဟု ဆရာလုပ်လေ၏။ ထို့နောက် “မင်းတို့တွေနဲ့ သည်အတိုင်း ပစ်ထားလို့ မဖြစ်တော့ပါဘူး။ ငါကိုယ်တိုင် ဆရာတော့်ကို လာလျှောက်ပြီး စီစဉ်မှ ဖြစ်တော့မယ်” ဟု သူသိ သူတတ် လေသံဖြင့် အကျောတင် စကားကို ဆိုလေ၏။ ကျွန်ုပ်လည်း စကားအပို မဆိုလိုသောကြောင့် ခပ်မဆိတ် နေလိုက်၏။
No comments:
Post a Comment