နှီးဒေါင်းလန်းကြီးတွေနဲ့
မောင်နီဦး
ငယ်ငယ်တုန်းက ပျော်စရာ
ထမင်းဆီဆမ်း၊ ရွှေလင်ဗန်းကြီးနဲ့ပေးပါလား
အာ ၀ါး ၀ါး ၀ါး အာ ၀ါး ၀ါး ၀ါး
ညက တို့လယ်တောလေးဆီကို
ဖိုးလမင်းကြီးက ရွှေလင်ဗန်းကြီးနဲ့ ထမင်းဆီဆမ်းပေးတယ်
အဲဒီညမှာပဲ ထမင်းလုံးတစ္ဆေခြောက်တာကို ခံခဲ့ရတယ်
စွဲလန်းစိတ်ဟာ ဗိုင်းရပ်စ်ပိုးတမျိုးလား
ညစ်ညူးနေရတဲ့ ကိလေသာ
အဖြေရှာကြည့်တော့ သူဟာ အသေခံ ဗုံးခွဲသမား
အခွင့်အရေး ပိတ်မိနေတဲ့ ထောင်ချောက်ထဲမှာ
ရှင်လျက်နဲ့ သေဆုံးသွားတဲ့ဘ၀တွေမှာ ရွေးစရာလမ်း မရှိပေမဲ့
ငါတို့ရဲ့ အနုပညာကို
ရှင်သန်းခြင်းအတွက် ရုန်းကန်ရင်း ဘ၀ကို ရိုးရိုးကြီးချစ်နေရတာ
ရေစိုနေတဲ့ ထင်းခြောက်တွေက မှိုင်းထနေတဲ့ မီးခိုးငွေ့တွေနဲ့
ကောင်းကင်ကြီးကို ၀ါဒဖြန့်ဖို့ ကြိုးစားမနေပါနဲ့တော့
တို့ရင်ဘတ်တွေပေါ်ကိုတော့ မိုးရေစက်တွေနဲ့ နှစ်သိမ့်ခဲ့တယ်
မက်လုံးတွေဟာ သဘာဝအတိုင်း အလေ့ကျပေါက်နေတဲ့ တောရိုင်းမဟုတ်ဘူး
အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာရဲ့ စစ်ပွဲတွေမှာ ဘာများခြားနားလို့လဲ
ခေါက်ရိုးကျိုးနေတဲ့ ပြဿနာ
အကြောင်းအရာဟာ တို့ဘ၀တွေကို ဒုက္ခတွေ့စေခဲ့ပြီ
အမြောက်သံတွေ ဗုံးသံတွေ စစ်တလင်းမဟုတ်ဘူး
စပါးခင်းတွေ စပါးခင်းတွေ
ဗုံကြီးသံတွေနဲ့ သာယာဖွယ်ကောင်းတဲ့ စပါးခင်းတွေ
အဲဒီစပါးခင်းတွေကြားမှာ
ဆာလောင်ခြင်းဟာ အရသာရှိတဲ့ အဆိပ်ဖြစ်တယ်။
မောင်နီဦး
ချယ်ရီ ရသစုံမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၇ ခုနှစ်။
No comments:
Post a Comment