မွေးဖွားခြင်း နှစ်(၂၀)
ဖိုးပါ (ဒေလီ)
အရေးတော်ပုံ အေင်ရမည်လို့ ကြွေးကျော်ခဲ့တာ အခုဆို နှစ်ပေါင်း (၂၀) ကျော်လာခဲ့ပါပြီ။ နှစ်ပေါင်း (၂၀) ကျော်မှာ ကြွေးကျော်သံက တခုတည်းပါပဲ။ ရည်မှန်းချက်ကလည်း တခုတည်းပါပဲ။ (အရေးတော်ပုံ အောင်ရမည်)။ ထိုင်းကအော်လည်း ဒီသံပဲ၊ အိန္ဒိယကအော်လည်း ဒီသံပဲ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ နော်ဝေ၊ ဒိန်းမတ် မြန်မာတွေ အခြေချနေထိုင်ကြတဲ့ ပြည်ပနိုင်ငံပေါင်းစုံမှာ ကြွေးကျော်သံ ဒီတခုတည်းပါပဲ။ တမျိုးတော့ ထင်စရာရှိတယ်ပေါ့၊ တို့မြန်မာတွေ ညီညွတ်လိုက်ကြတာ ဘယ်နိုင်ငံရောက်ရောက် သဘောထားကတော့ ပြောင်းမသွားဘူး။ မထင်လိုက်ပါ့နဲ့၊ ငြိုငြင်ချင် ငြိုငြင်လိုက်ပါ။ ယုန်ထောင်ကြောင်မိ၊ ယုန်တောင်ပြေး ခွေးမြောက်လိုက် ဆိုသလိုပါပဲ။ ခါးတောင်းကျိုက်တခြား ဖင်တခြားပါ။
ထွက်လာတုန်းက ပါးစပ်တခု၊ ဖွားဖက်တော်တခုစီနဲ့။ ချမယ် နှက်မယ်၊ ထုမယ် ထောင်းမယ် အာဂသတ္တိခဲများတကားလို့ သြော်ချမလောက်ပါပဲ။ ကျောင်းသားဆိုတာ မမှန်တာမပြောဘူး၊ မဟုတ်တာ မလုပ်ဘူး။ ဒူးမထောက်ထူး၊ ခေါင်းမညိတ်ဘူး။ ဖြူစင်တယ်၊ ရိုးသားတယ်၊ မိဘပြည်သူကချစ်တယ်။ ဒါတွေဟာ ပုံပြင်မဟုတ်တာ သေချာပါတယ်။ အခုတော့ သားနဲ့ မယားနဲ့၊ ကျွေးနဲ့ ခွေးနဲ့ လုံးခြာလိုက်ပြီး မုံ့လုံးကို စက္ကူကပ်လိုက်၊ ဂျာအေးကိုသူ့အမေက ရိုက်လိုက်နဲ့ ဒီသံသရာ ချာချာလည်တုန်းပါပဲ။ တနည်းအားဖြင့် မျိုးဆက်ပွားတယ်လို့ပဲ ကင်ပွန်းတပ်ကြတာပေါ့။
အော် တို့ရဲဘော်တွေ တောထဲသေလိုက်ကြတာ၊ တောင်ပေါ်မှာ ငတ်လိုက်ကြတာ၊ မငြီးမငြူကြဘူး၊ အပြုံးမပျက်ဘူး၊ မာန်မကျဘူး။ ဒါဟာ တိုင်းပြည်ကိုချစ်လို့ပါ၊ မိဘပြည်သူကို လုပ်ကျွေးပြုစုချင်လို့ပါ၊ ခေတ်တာဝန်ကို ကျေပွန်ချင်လို့ပါ။ လျှပ်ပန်းလျှပ်နွယ်တွေနဲ့ ထိန်ထိန်ညီးနေတဲ့ လွတ်လပ်ရေးအောင်ပွဲကြီးကျင်းပကြမယ်၊ ဘူဘူဘော်ဘော်၊ ဒေါင်ဒေါင် နောင်နောင်သံတွေနဲ့ အာဇာနည်နေ့ထူးကြီးကို ဂုဏ်ပြုကြမယ်။ ကျုပ်တို့ မက်ခဲ့တဲ့ အနာဂါတ် ရွှေဗမာပြည်ကြီးအတွက် ရွှေအိုရောင် အိမ်မက်တွေပါ။ စေတနာတွေပါ။
အခုတော့ ဒီစေတနာတွေ ကြက်ငှက်ကလေးတွေလို ပျောက်ပျက်ကုန်ကြတာ အံ့ပါရဲ့။ အချင်းချင်း ငြူစူစောင်းမြောင်းကြ၊ ပုတ်ခတ်ကြ၊ စားခွက်လုကြ (အရိုးလုခြင်း) နဲ့ အာဃာတတွေကကြီး မာန်မာနတွေက တထောင်ထောင် တိုင်းပြည်အပေါ်ထားတဲ့ စေတနာဟာ ခွေးယက်သလို ပြောင်သလင်းခါနေတော့တယ်။ သန်းရွှေဆီ ဒူးမထောက်ပေမဲ့ အဖြူတွေဆီ ခေါင်းညိတ်ကြတယ်။ တော်လှန်ရေးကို စီးပွားရေးခွင်ထဲ ပို့လွှတ်ကြတယ်။ ရဲဘော်အချင်းချင်း ချိန်ခွင်ပေါ်တင်ကြတယ်။ သူ့မယားကိုယ်တက်အိပ် ကိုယ့်မယားသူတက်အိပ်နဲ့ မကောင်းတဲ့ စာရိတ္တတွေကို ဖြန့်ချီကြတယ်။ ဒီလိုနဲ့ပဲ ဗမာဆိုတာ မျက်နှာပြရဲစရာ မရှိလောက်အောင် ရှက်စရာသတ္တဝါကောင်ဖြစ်လာခဲ့ကြတာပေါ့။ သန်းရွှေကြောင့် တိုင်းပြည်မျက်နှာပျက်ရတယ်။ တော်လှန်သမားအပျက်တွေကြောင့် တိုင်းပြည်မျက်နှာပျက်ရတယ်။ မိအေး နှစ်ခါနာရတာပေါ့။ ဗမာဆိုလူလိမ်လူညာ၊ ဗမာဆိုတာ ဖုန်းတောင်း ယာစဟေ့လို့ တိုင်းတပါးသားတွေက ထင်ထင်ရှားရှား စော်ကားတာ ခံလာရအထိပါပဲ။
တော်လှန်းရေးကြီးတွေ ဆင်နွှဲတော့လည်း ထုနဲ့ထည်နဲ့၊ ပြည်ပကို ထွက်လာကြတော့လည်း ထုနဲ့ထည်နဲ့။ လောက်ကောင်ပါမှန်းလဲ မသိ၊ ကျွန်သဘောတွေ ပါမှန်းလဲ သတိမထားမိ။ အခုတော့ လောက်ကောင်က ယင်ကောင်ဖြစ်၊ ယင်ကောင်က လောက်ကောင်ပြန်မွေးနဲ့ အမျိုးဆက်တွေက လူမဟုတ်ပဲ လောက်ကောင်တွေဖြစ်နေပါပေါ့လား။ ဒီလောက်ကောင်တွေကြား မှန်တရားဆိုတာ မှန်းဆလို့ မရကောင်း။ အော်သူရဲကောင်း ရဲဘော်တွေကတော့ ခေါင်းမဖော်နိုင်လောက်အောင် ဖြစ်နေကြရတာပါပဲလား။ ရေများတော့ ရေနိုင်၊ မီးများတော့ မီးနိုင်ဆိုသလို လောက်ကောင်များတော့ လောက်ကောင်တွေပဲ နိုင်ကြတာပေါ့။ လောက်ကောင်တွေက ခွင်ကျကျလုပ်တတ်သဗျို့၊ ဖြီးဖြန်းတာကလဲ အဟုတ်လိုပဲ။ တတ်လဲတတ်နိုင်လွန်းပါပေ့။
အဖွဲ့တွေဖွဲ့၊ ပရိုပိုဆယ်တွေတင်၊ ပြည်သူတွေကို ဗန်းပြ၊ ရဲဘော်တွေကို ရောင်းစား ဒီလိုနဲ့ ဖောက်ပြားလာခဲ့ နှစ် (၂၀)။ ဖတ်ဆယ်လို့ မရတော့ပါတကား။
No comments:
Post a Comment