မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုစံနစ်ဟာ လူမျိုးတမျိုးတည်းရှိပြီး ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမဟုတ်တဲ့အတွက် နိုင်ငံကို ကယ်တင်မယ်ဆိုတဲ့ နိုင်ငံရေးသမားတွေဟာ ပိုလို့ပိုလို့ ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်ရမယ်။ ဗုဒ္ဓမြတ်စွာဘုရားလို၊ ယေရှုခရစ်တော်တို့လို ကိုယ့်ကျင့်စာရိတ္တကောင်းမွန်ပြီး ကျင့်ကြံနိုင်မှ တော်ကာကြမှာဖြစ်တယ်။ တဦးတယောက်ရဲ့ ဗီဇအပေါ် မှီခိုတဲ့ ကိုယ်ကျင့်စာရိတ္တမျိုးမဟုတ်၊ လူမျိုးတမျိုးရဲ့ ဗီဇအပေါ် မှီခိုတဲ့ ကိုယ်ကျင့်စာရိတ္တမျိုးမဟုတ်။ တနိုင်ငံလုံးရဲ့ ဗီဇအပေါ် မှီခိုတဲ့ ကိုယ်ကျင့်စာရိတ္တမျိုးရှိပါမှ တနိုင်ငံလုံးနဲ့ တိုင်းတာပြီး နိုင်ငံရေးကို လုပ်လို့ရနိုင်မယ်။ ဒီကနေ့ နိုင်ငံရေးသမားများမှာ ကိုယ်ကျင့်စာရိတ္တ အမတန်ချို့တဲ့နေတယ်။ လူတယောက်အတွက် မဖြစ်မနေ ကျင့်ကြံရမယ့် ကိုယ်ကျင့်စာရိတ္တမျိုးတောင် မရှိရင် တနိုင်ငံလုံးနဲ့ ပတ်သက်ပြီး မဖြစ်မနေ ကျင့်ကြံရမယ့် ကိုယ်ကျင့်စာရိတ္တဆိုတာ မရှိနိုင်တော့ဘူး။ ကိုယ်ကျင့်စာရိတ္တမရှိရင် နိုင်ငံရေးမလုပ်တာကောင်းတယ်။ ကိုယ်ကျင့်စာရိတ္တမကောင်းဘဲနဲ့ နိုင်ငံရေးထဲ ဝင်လုပ်ရင် အဲဒီနိုင်ငံရေးလောကကြီးဟာ အကျင့်ပျက်ဖောက်ပြန်တဲ့ နိုင်ငံရေးလောကကြီးဖြစ်သွားမယ်။ အောင်မြင်တန်သလောက် ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
ယနေ့ မြန်မာ့နိုင်ငံရေးသမားများ ကိုယ်ကျင့်စာရိတ္တမကောင်းမှုကြောင့် နိုင်ငံရေးသမားတွေဟာ ခိုငှက်လိုပဲလို့ ဥပမာတင်စားရတဲ့ အဖြစ်မျိုးရောက်လာရတာဖြစ်တယ်။ "နိုင်ငံရေးသမားဟာ ခိုတွေနဲ့တူတယ်။ အောက်မှာရှိတုန်းမှာ ကျွန်တော်တို့ လက်ထဲက အစာ ယူစားတယ်။ အပေါ်ရောက်တော့ ကျွန်တော်တို့အပေါ် အီအီးတွေပါချပါရော။" ယနေ့နိုင်ငံရေးသမားတွေဟာ ခိုလိုဖြစ်နေတယ်။ တိရိစ္ဆာန် နိုင်ငံရေးကြီးဖြစ်နေတယ်။ ဘာကြောင့် ခိုလိုဖြစ်ရသလဲဆိုတော့ လူတယောက် ကျင့်ကြံအပ်တဲ့ အကျင့်၊ လူတယောက်ထားအပ်တဲ့ စိတ်ထားမျိုး မရှိလို့ပဲဆိုတာ ထင်ရှားနေတယ်။ ကိုယ်ကျင့်စာရိတ္တ မရှိတဲ့လူ၊ လူတွေကို မေတ္တာမပေးနိုင်တဲ့လူ၊ ပြည်သူတွေကို မေတ္တာမထားတဲ့လူဟာ နိုင်ငံရေးလောကထဲမှာ မရှိသင့်ပါဘူး။ ရှိနေရင် ရိုက်ထုတ်ရမယ်၊ ဖယ်ရှားရမယ်၊ ရှင်းပစ်ရမယ်။ ဒါမှ အောင်မြင်တန်သလောက် အောင်မြင်နိုင်မယ်။
နိုင်ငံရေးအလုပ်ဆိုတာ ဘုရားလောင်းသူတော်ကောင်းတို့ရဲ့ အလုပ်ဖြစ်တယ်။ နိုင်ငံရေးကို နိုင်ငံသားတိုင်း၊ လူသားတိုင်း လုပ်သင့်တယ်။ သို့သော် နိုင်ငံရေးလုပ်မယ့်သူဟာ အထက်ပါ ကိုယ့်ကျင့်စာရိတ္တနဲ့ မေတ္တာတရားကို ရင်ဝယ်ထားနိုင်မှ တော်ကာကျမယ်။ အကြောင်းမဲ့သည်ဖြစ်စေ အကြောင်းမမဲ့သည်ဖြစ်စေ လူအသက်ကို မသတ်ရဘူး၊ တန်ဘိုးထားရမယ်၊ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဒါဟာ လူသားအမျိုးနွယ်အပေါ် စောင့်ရှောက်ခြင်းဖြစ်တယ်။ အလိုတူသည်ဖြစ်စေ အလိုမတူသည်ဖြစ်စေ ရာဂအမှုမှာ (ကာမေသု မိစ္ဆာစာရ) ထိန်းသိမ်းစောင့်စည်းရမယ်။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မုသားမဆိုရဘူး။ တဦးတယောက်ကို မုသားဆို လိမ်လည် လှည့်စားမှုဟာ တနွယ်ငင် တစင်ပါဆိုသလို လူသားမျိုးနွယ်ကို လိမ်လည်လှည့်ခြင်းသာဖြစ်တယ်။ ဒါဟာ လူသားအမျိုးနွယ်ကို မလေးစားရရောက်တယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရက်သေစာကို ရှောင်ရှားရမယ်။ အရက်သေစာသောက်စားတဲ့လူဟာ စကားအရာမှာ အမှားအယွင်းများတယ်။ မတည်မကြည်ဖြစ်တတ်တယ်။ နောက်ပါ ငယ်သားတို့ ယုံကြည်ကိုးစားမှု ယုတ်လျှော့စေတယ်။ ကိုယ်ပြောတဲ့စကားဟာ ပေါ့ရော့ကာ သြဇာကင်းမဲ့ပြီး မထိရောက်နိုင်တော့ဘူး။ အထက်ပါအရာအားလုံးဟာ လူသားတိုင်း မဖြစ်မနေ ကျင့်ကြံရမယ် အခြေခံသဘောတရားများဖြစ်တယ်။ ထိုအခြေခံသဘောတရားများပြည်စုံပါမှာ ကိုးဆယ်ရာခုန်နှုန်း အောင်မြင်နိုင်မယ်။ ဒီကနေ့အပြုအမူများဖြစ်တဲ့ လူစုံမျက်နှာခြင်းဆိုင်ပြီး ဝီစကီစုပ်၊ ဆေးလိပ်ဖြူ မှုတ်ပြီး အမနာပစကားများကိုပြောနေတာဟာ နိုင်ငံရေးအလုပ်နဲ့ အနည်းငယ်မျှ မဟပ်မိ၊ မစပ်မိပါဘူး။
နောက်တခါ နိုင်ငံရေးလုပ်သူတိုင်း သမိုင်းကို လေ့လာလိုက်စားရမယ်။ အတိတ်ရဲ့မှားတွေကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်မှာ လက်တွေ့ကျကျလုပ်နိုင်မယ်။ ပစ္စပ္ပန်မှာ လက်တွေ့ကျကျ လုပ်နိုင်မှ အနာဂါတ်ဟာ လှပနိုင်တယ်။ ရှိခဲ့တဲ့သမိုင်းကို မှားတယ်မှန်တယ်လို့ ငြင်ခုံနေမယ့်အစား ကိုယ်ရေးတဲ့သမိုင်းကို မှန်ကန်အောင် ရေးနိုင်ဖို့က အဓိကကျတယ်။ သမိုင်းဆိုတာဟာ အကြွင်းမဲ့ မှန်ကန်ရမယ်လို့ သတ်မှတ်ချက်မရှိဘူး။ ဒါပေမဲ့ အကြွင်းမဲ့မှန်ကန်ရင် ပိုလို့ကောင်းတယ်။ အနာဂါတ်မျိုးဆက်ကောင်းစားရေးအတွက်ဆိုရင် ယနေ့သမိုင်းရေးတဲ့ သူများဟာ ကိုယ်ကျင့်စာရိတ္တကောင်းမွန်ပြီး မှန်ကန်အောင်ရေးနိုင်ဖို့လိုတယ်။ အဲလိုရေးနိုင်မယ်ဆိုရင် ရွှေရောင်တောက်ပတဲ့ အနာဂါတ်ကြီးကို မျှော်လင့်လို့ရနိုင်မယ်။ ဆရာဗန်းမော်တင်အောင်စကားလို ခေတ်အလိုက် ကိုယ့်ပခုံးပေါ်ကျလာတဲ့ တာဝန်ကို ပီပြင်စွာ ထန်းနိုင်ဖို့က အဓိကကျတယ်။ အတိက်က မကောင်းခဲ့တာကိုကြည့်ပြီး အပြစ်ပြောနေစရာမလိုဘူး။ ထိုမကောင်းမှုတို့ကို ကောင်းမြှုဖစ်လာအောင် ထန်းဆောင်ရမှာက ကိုယ့်တာဝန်ပဲ။
ဆွမ်းဆံထဲ ကြွက်ချေးရောတာဟာ အထူးအဆန်းပါဘူး။ ခေတ်အလိုက် အသွင်ကွဲပြီး ကြွက်ချေးများဟာ ရောပါလာတတ်တာချည်းပဲ။ ဒါပေမဲ့ ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့ ကြွက်ချေးကို ဖယ်ထုတ်ပြီး ဖြူဖွေးသန့်စင်တဲ့ ဆွမ်းဖြစ်အောင် ချက်ကြရမယ်။ ဒါမှလဲ လှူဒါန်းတဲ့သူရော စားသုံးတဲ့သူရော ပိုလို့ အကျိုးရှိနိုင်တယ်။ တော်လှန်ရေး (နိုင်ငံရေး) မှာလည်း မှီခိုရာကို ဒုက္ခပြန်ပေးတတ်တဲ့ ကပ်ပါးပိုးတွေ ရှိစမြဲပဲ။ အင်္ဂလိပ်ခေတ်တုန်းကလည်း ရှိခဲ့တယ်။ ဂျပန်ခေတ်မှာလဲရှိခဲ့တယ်။ နိုင်ငံရဲ့ ဒီရေအတက်အကျပေါ်မှာ မူတည်ပြီး အိမ်ခေါင်မိုးပေါ်ရောက်လိုက် ခွေးဖြစ်လိုက်နဲ့ သမိုင်းမှာ မည်းစက်တွေနဲ့ ကြည်းတန်စေတယ်။ ယနေ့ တော်လှန်ရေး (နိုင်ငံရေး) မှာလည်း ဒီအတိုင်းပဲ ကပ်ပါးပိုးတွေ အများအပြားကိုတွေ့ရတယ်။ တော်လှန်ရေး (နိုင်ငံရေး) နိမ့်ကျနေချိန်မှာ ထိုသစ္စာဖောက် ကပ်ပါးပိုးတွေဟာ ခေါင်းထောင်လာကြတယ်။ ဒါကြောင့် တော်လှန်ရေး (နိုင်ငံရေး) ဟာ မအောင်မမြင်ဖြစ်နေခဲ့ရတယ်။ ဒီတိုင်းဆက်လုပ်နေမယ်ဆိုရင် ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ ထိုကပ်ပါးပိုး သစ္စာဖောက်တွေကို ရှင်းပစ် ဖယ်ရှားနိုင်ပါမှ နိုင်ငံရေးဒီရေဟာလည်း မြင့်တက်လာပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို မျှော်လင့်နိုင်မယ်။ ဦးစွာ ကပ်ပါးပိုး သစ္စာဖောက်တွေကို ရှင်းနိုင်ဖို့ ကြိုးစားရမယ်။
ခုချိန်မှာ တော်လှန်ရေး (နိုင်ငံရေး)ကို သန့်ရှင်းတဲ့သူတွေရှိတယ်။ ထိုသန့်ရှင်းရေးလုပ်နေတဲ့သူတွေကို ဝိုင်းကူကြရမယ်။ ထောက်ခံကြရမယ်။ အားပေးကြရမယ်။ လက်တွဲကြရမယ်။ ဖော်ဆောင်ကြရမယ်။ တယောက်အားနဲ့ မရရင် ဆယ်ယောက်အားနဲ့ လုပ်ရမယ်။ ဆယ်ရောက်အားနဲ့မရရင် ရောက်တရာအားနဲ့ လုပ်ကြရမယ်။ သန့်ရှင်းရေးလုပ်တဲ့ လူတွေကလည်း အထက်ပါအတိုင်း သန့်ရှင်းစင်ကြယ် စာရိတ္တကောင်းမွန်ရမယ်။ မဟုတ်ရင် ဒီပုတ်ထဲက ဒီပဲတွေပဲဆိုရင် မဖြစ်တန်ရာဘူး။ မတိုးတက်ရာဘူး။
ပန်းတွေမှာ အရောင်မျိုးစုံရှိတယ် ဒါပေမဲ့ သူတို့ဟာ ရန်မဖြစ်ကြဘူးဆိုတဲ့ စကားလေးကို သတိရမိတယ်။ ပန်းတွေဟာ သက်မဲ့ ရုပ်သဘောမျှသာဖြစ်တယ်။ လူတွေမှာက စဉ်းစားတွေးခေါ်နိုင်တဲ့ ဉာဏ်ရှိတယ်။ ထိုဉာဏ်ရှိလူသားများက ထိုသို့ အချင်းချင်းရန်ဖြစ်နေတယ်ဆိုင် ရှက်ဖွယ်လို့ဆိုရမယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို တလွဲဆံပင်ကောင်းနေတာနဲ့တူတယ်။ လူဆိုတာက ပြုပြင်လို့ မရစကောင်းတဲ့ အရာမျိုးမဟုတ်ဘူး။ တသက်လုံးပျက်လာတာကို ဒီကနေ့ပြင်လို့ရတယ်။ မနေ့ကမှားခဲ့တာကို ဒီကနေ့ ကောင်းအောင်လုပ်လို့ရတယ်။ မနက်ကမဖြစ်ခဲ့တာကို ညနေဖြစ်အောင် လုပ်လို့ရတယ်။ လုပ်လို့ရမှန်းသိပါလျှက် မလုပ်ကြ၊ မပြုပြင်၊ ဆက်လက်ဆိုးသွမ်းနေမယ်ဆိုရင် လူမပီသပေဘူး။ နိုင်ငံရေးသမား မပီသပေဘူး။ အချင်းချင်းညီညွတ်ကြပါ။ အင်အားတိုးပွား ကြီးမားအောင် စုပေါင်းကြပါ။ အားနည်းနေသူကို အားသာတဲ့သူက ကူညီစောင်မကြပါ။ ထိုသို့ဆိုလျှင် ကျုပ်တို့လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဟာ မနက်ဖန်ဆိုရင်ပဲ ရရှိလာတော့မှာဖြစ်တယ်။ ဆိုချင်တာက သမားဆိုတာဟာ သမားဂုဏ်ရှိရတယ်...။
No comments:
Post a Comment