ခုတလော ဘီဘီစီသတင်းဌာနမှာ ဆက်တိုက်လိုလိုလွှင့်နေတဲ့ တပ်တွင်းပစ်ခတ်မှုသတင်းတွေ၊ မျိုးချစ် တပ်မတော် ကွန်ရက် ဆိုတဲ့သတင်းတွေ တကယ်မှန်ကန်မှုရှိ/မရှိ သေသေချာချာဆန်းစစ်ဝေဖန် ပြီးမှ ဆုံးဖြတ်ချက် ချသင့်ပါတယ်။ သတင်းထောက်ဦးသန်းရဲ့ ပေးပို့ချက်တွေက အချက်အလက် တော်တော် လွဲနေတယ်။ ကျနော် ဟိုင်းကြီးကျွန်းမှာ အကြာကြီးနေခဲ့တာ။ သူပြောတဲ့သတင်းအရ စုံစမ်းကြည့်တော့ ဘာမှဖြစ်တာ မတွေ့ရဘူး။
နောက်ပြီးသူ့သတင်းတွေမှာ ဘယ်သူကသတင်းပေးတယ်ဆိုတာကိုလည်း တိတိကျကျ ဖော်ထုတ် ထားတာမရှိဘူး။ (သက်ဆိုင်ရာသတင်းပေးသူရဲ့ လုံခြုံရေးအရ အကာအကွယ်ပေးတယ်ဆိုတာကို လက်ခံနိုင်ပါ တယ်။) ဒါပေမယ့် ဒီကိစ္စအပေါ်မှာ အထောက်အထားဘယ်လောက်ခိုင်မာသလဲ ဖြစ်နိုင်ခြေရော ဘယ်လောက် ရှိသလဲ ဆိုတာက အရေးကြီးပါတယ်။ နောက်ပြီး တပ်တွင်းတောင်းဆိုချက်တွေကလည်း နိုင်ငံရေးဆန်ဆန် အချက်အလက်တွေ၊ စစ်တပ်ထဲမှာ ဒီလိုတောင်းဆိုချက်ကို တပ်ရင်းမှူး ကိုယ်တိုင်ကလက်ခံပြီး တိုင်မှူးဆီကိုတင်တယ်ဆိုတာ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည် တွေမှာတောင် မလွယ်တဲ့ ကိစ္စ။
နောက် မျိုးချစ်တပ်မတော်ကွန်ရက်ဖွဲ့ တယ် ဆိုတာက ပိုပြီး ယုတ္တိမတန် ဖြစ်နေတယ်။ တပ်တွင်း အာဏာသိမ်း ပုန်ကန်ဖို့ အထိ ရည်ရွယ်တဲ့၊ ဗိုလ်ချုပ်တွေလည်းပါတယ်ဆိုတဲ့ တပ်တွင်းကွန်ရက်အဖွဲ့ကြီးကို တပ်ကြပ်ကြီး တစ်ယောက်က လွယ်လွယ်နဲ့ သိနိုင်ပါ့မလား။ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ လက်ထက်ကတောင် ခုလောက်ထိ လျှို့ဝှက်မှုလျော့လျော့ရဲရဲမရှိ ခဲ့ပါဘူး။ နောက်အဲဒီလှုပ်ရှားမှုမှာပါခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့လည်း သက်ရှိထင်ရှားရှိနေတာပဲ။ ဖြစ်နိုင်ခြေ ရှိ၊မရှိ စုံစမ်းမေးမြန်းလို့ရပါတယ်။ တစ်ဘက်ရဲ့ ထောင်ချောက်ထဲကို နင်းမိမှာစိုးလို့ပါ။
ကျနော့အမြင်ပြောရရင် ဒီလောက်အန္တရာယ်ကြီးတဲ့ တကယ့်လျှို့ဝှက်လှုပ်ရှားမှုကို မီဒီယာက အရင်ဆုံး သိတယ်ဆိုတာ မဖြစ်နိုင်လောက်ဘူး။ ဒီဘက်ခေတ်မှာ ပိုပြီးသိုသိုသိပ်သိပ် နေကြရတာ။ ဒါဆိုရင် ဒီသတင်းကြီးက ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ “ဆိုက်ဝါးလံကြုပ်” ဆိုတာသေချာသွားပြီ။ အကျိုးဆက် ကရော ဘာတွေဖြစ်လာ နိုင်မလဲ။ သူတို့ရည်ရွယ်ချက်က အချင်းချင်းတွေသံသယဖြစ် မီဒီယာတွေ လည်းသိက္ခာကျ နောက်ဆုံးမှာ သူ့မယုံ ကိုယ့်မယုံနဲ့ ဟင်္သာကိုးသောင်း ဇာတ်ခင်းစေချင်တာလား မသိ။ ကျနော်မြင်တာကတော့ ဆိုက်ဝါးဆိုတာ လှုပ်ရှားမှုနဲ့အံဝင်ဂွင်ကျ ဖြစ်တဲ့အခါ ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေတယ်။
၁၉၈၈ လူထုအရေးတော်ပုံအတွင်းက အင်းယားကန်ဘောင်ကိစ္စ၊ ရေတပ်နဲ့လေတပ်က စစ်ရုံးကို ဗုံးကြဲမယ် အမြောက်နဲ့ပစ်မယ် ဆိုတဲ့ ဆိုက်ဝါးကြောင့် ပြည်သူလူထုအတွင်းသာမက စစ်တပ်တွင်းမှာပါ အတော်ကြီးကို လှုပ်လှုပ် ခတ်ခတ် ဖြစ်သွားတယ်။ လူထုတွေ မခံမရပ်နိုင်ဒေါသတွေ ပေါက်ကွဲပြီးလမ်းပေါ် ထွက်လာတယ်။
(ရေတပ်၊လေတပ် သတင်းကိုထုတ်တယ်လို့ စွပ်စွဲခံရတဲ့ ကိုသန်းနိုင်(ပုဂံ) ဆိုတာက ရေတပ် အရာခံဗိုလ် တင်ညွန့် ရဲ့သား တပ်ထဲမှာကြီးလာတာ၊ တပ်အကြောင်းကိုလည်းသိတယ်) အဲဒီနောက်ပိုင်း ကိုးလေးလုံးကိစ္စ၊ မကြာသေးခင်အတွင်းက ဖေ့စ်ဘွတ်လှုပ်ရှားမှုကိစ္စတွေ အလိုလိုတိမ်မြုပ် သွားတာကိုလည်း ထည့်တွက်သင့်ပါတယ်။ ဒါတွေဟာ အခြေအနေ အချက်အလက်မပြည့်စုံဘဲ ဆန္ဒကိုဦးစားပေး လုပ်တဲ့ရလဒ်တွေပါပဲ။
ခုကိစ္စက ပိုဆိုးတယ်။ ခုလိုတပ်လှန့်လိုက်တော့ တပ်ထဲက တကယ်လုပ်ချင်တဲ့ လူတွေအတွက် ဘောင်ကျဉ်းသွားတယ်။ လှုပ်သာရှားတာ မရှိတော့ဘူး။ တကယ့်ကွန်ရက် အစစ်က တစ်နေရာမှာ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှ မဟုတ်ပါဘူး။ မျက်လုံးချင်းစကားပြောတာနဲ့ကို အကဲခတ်လို့ ရတယ်။ အရေးကြီးတာက ယုံကြည်မှုပြဿနာပဲ။ ယုံကြည်မှညီညွှတ်တာပါ။ ဒီထက်ပိုအရေးကြီးတာက တပ်ထဲမှာရှိတဲ့ တိုင်းချစ်ပြည်ချစ်အင်အားစုတွေ နဲ့ ပြည်သူလူထုအကြားမှာ ရနိုင်သလောက်ယုံကြည်မှု တည်ဆောက်ထား ဖို့ပါပဲ။ အဲ့လိုမျိုး တကယ်ညီညွှတ်ကြပြီဆိုရင် ဦးသန်းရွှေမကလို့ သူ့နေရာမှာ သိကြာမင်း ဦးမာဃ ဆိုရင်တောင် သပ်လျှိုဖြိုခွဲ ဖို့မလွယ်ပါဘူး။ မညီမညွှတ်ဖြစ်နေသူတွေကို ဘယ်လိုထိန်းသိမ်း အုပ်ချုပ်ရမလဲ ဆိုတာကို စစ်ခေါင်းဆောင်တွေ အထူးကျွမ်းကျင်ကြတယ်။
ညီညွှတ်မှာကိုသာ သူတို့ စိုးရိမ်တာ၊ ကြောက်တာ။ ခုချိန်မှာ ဦးသန်းရွှေ အာဏာမရှိတော့ ပေမယ့်၊ စစ်တပ်အပေါ်မှာ သြဇာအပြည့်ရှိနေတုန်း၊ ပြီးတော့ သူဟာတပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနက လာတာကိုမမေ့ကြဖို့ပါပဲ။
တိုင်းပြည်ရေးမို့ မနေနိုင်လို့သာ ရေးနေရတာ ကျနော့မှာလည်း နှစ်ဘက်ရန်ကရှိနေတယ်။ ခုလောလောဆယ် တောင်မှ ဖေ့စ်ဘွတ်ပေါ်က နုတ်တွေမှာ comment ရေးလို့မရအောင် ပြုစားထားတယ်။ နောက်ဘာထပ်လုပ် မလဲဆိုတာမပြောနိုင်သေးဘူး။ ကိစ္စတော့ မရှိပါဘူး။ ကိုယ်စေတနာသန့်ရင်၊ ကိုယ့်လိပ်ပြာကိုယ်လုံရင် လုပ်စရာတွေ၊ လုပ်ရမယ့်နေရာတွေ အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်လုပ်တဲ့သမိုင်းကို ကိုယ်တိုင်တာဝန်ခံရဲရတာပါပဲ….။
ညီညွှတ်မှာကိုသာ သူတို့ စိုးရိမ်တာ၊ ကြောက်တာ။ ခုချိန်မှာ ဦးသန်းရွှေ အာဏာမရှိတော့ ပေမယ့်၊ စစ်တပ်အပေါ်မှာ သြဇာအပြည့်ရှိနေတုန်း၊ ပြီးတော့ သူဟာတပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနက လာတာကိုမမေ့ကြဖို့ပါပဲ။
တိုင်းပြည်ရေးမို့ မနေနိုင်လို့သာ ရေးနေရတာ ကျနော့မှာလည်း နှစ်ဘက်ရန်ကရှိနေတယ်။ ခုလောလောဆယ် တောင်မှ ဖေ့စ်ဘွတ်ပေါ်က နုတ်တွေမှာ comment ရေးလို့မရအောင် ပြုစားထားတယ်။ နောက်ဘာထပ်လုပ် မလဲဆိုတာမပြောနိုင်သေးဘူး။ ကိစ္စတော့ မရှိပါဘူး။ ကိုယ်စေတနာသန့်ရင်၊ ကိုယ့်လိပ်ပြာကိုယ်လုံရင် လုပ်စရာတွေ၊ လုပ်ရမယ့်နေရာတွေ အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်လုပ်တဲ့သမိုင်းကို ကိုယ်တိုင်တာဝန်ခံရဲရတာပါပဲ….။
နမင်းသူ- 25/,Apr, 2011
ဟစ်တိုင်
ဟစ်တိုင်
1 comment:
တကယ် တန်ဘိုးရှိတဲ့ ပိုစ်ပဲ ။ ဒေါက်တာလွမ်းဆွေဆီမှာ ဘာဖြစ်လို့ မတွေ့ရတာလဲ ။
Post a Comment